Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#လူတစ်ယောက်အတွက်အဓိကလိုအပ်ချက် #Bpဂျွန်ဆှိန်းဟှီ(ပုသိမ်ဂိုဏ်းအုပ်သာသနာ) (2019 ကြေးစည်) KYESE Myanmar - ကြေးစည်မြန်မာ Published by M. Su Latt Htwe

ကျွန်တော်တို့လောကမှာနေစဉ်အခါမှာ လိုအပ်ချက်တွေအများကြီး ရှိကြပါတယ်။ လိုအပ်ချက်ဆိုတာ တွေကိုလည်း ဘယ်ဟာကပိုအရေးကြီးသလဲဆိုတာကို မိမိကိုယ်တိုင်စဉ်းစားပေးရမဲ့အရာတွေကို ရွေးချယ်တတ် ကြရမှာဖြစ်ပါတယ်။ မွေးရာမှသည်သေသည့်အထိ လျှောက်လှမ်းရတဲ့ခရီးဟာ ရှည်လျားတတ်ပါတယ်။ ချို့ယွင်း ချက်တော့ရှိတာပေါ့။ တချို့ကျတော့ လျှောက်လှမ်းချိန်သိပ်မကြာကြပေမဲ့၊ များသောအားဖြင့် နှစ်ပေါင်းငါးဆယ် ကျော်လောက် လျှောက်လှမ်းရပါတယ်။

မိုးဇယ်ဦးဆောင်ပြီး အီသရေလလူမျိုးတွေက ကန္တရထဲမှာလျှောက်ခဲ့ရတာတော့ နှစ်ပေါင်းလေးဆယ် ကြာပါတယ်။ အဲဒီလို နှစ်ပေါင်းလေးဆယ်လျှောက်သွားရတဲ့ ခရီးလမ်းတစ်လျှောက်မှာ အခက်အခဲများစွာနဲ့ အန္တ ရာယ်များစွာကို တွေ့ကြုံခဲ့ရပါတယ်။ နောက်ဆုံးမှာဘယ်သူတွေပဲကျန်ပြီး ဘုရားသခင်ကတိပေးရာမြေကိုရောက် သွားကြသလဲဆိုတာတော့ ယုံကြည်ခြင်းမပျက်ဘဲ ခရီးဆုံးအထိကြံ့ကြံ့ခံလျှောက်ခဲ့တဲ့သူတွေသာပဲ နို့နဲ့ပျားရည် စီးဆင်းရာဖြစ်တဲ့ ဘုရားသခင်ကတိပေးတဲ့နေရာကို ရောက်ရှိကြပါတယ်။ ဒီကန္တာရခရီးဟာ ကျွန်တော်တို့ လော ကကို ဖြတ်သန်းနေကြရတဲ့ခရီးကိုပြတဲ့ သာဓကဖြစ်ပါတယ်။ စာဖတ်သူကို အကြံတစ်ခုပေးပါရစေ။ ထွက် မြောက်ရာကျမ်းကို ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းလိုပါတယ်။ အဲဒါဆို ဘယ်လိုသူတွေက ပန်းတိုင်ကို ဆွတ်ခူး ကြမလဲဆိုတာ မီးမောင်းထိုးပြထားတာတွေ ရှိပါတယ်။

အခုရေးတဲ့ဆောင်းပါးလို့ပဲပြောမှာလား။ ဩဝါဒလို့ပဲပြောမှာလားဆို အဓိကအကြောင်းရင်းက ”ဝိညာဉ်   ရေးရှင်သန်တိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့အရာ“ ဟာ ဘာလဲဆိုတာကို ဝေမျှအသိပေးဖို့ပဲ ဖြစ်ပါ တယ်။ ဒီဆောင်းပါးရဲ့ခေါင်းစဉ်ကိုတော့ ”လူတစ်ယောက်အတွက် အဓိကလိုအပ်ချက် “လို့ နာမည်ပေးထားပါ တယ်။

ကျွန်တော်တို့လူသားတွေဟာ တစ်နေ့ကျရင်ဒီလောကကနေ ထွက်သွားကြရမယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတော့က ဒီလောကမှာအတွက်ရော၊ နောင်သံသရာအတွက်ရော၊ ရိက္ခာဆိုတာစုဆောင်းထားရမှာ ဖြစ်ပါတယ်။ လူအတော်များများက သေပြီးသည့်နောက်ဆိုတာကို မတွေးကြပဲ လောလောဆယ်လောကအသက် တာအတွက်ပဲစဉ်းစားပြီး မိမိရဲ့အချိန်၊ မိမိရဲ့အင်အားတွေကို အသုံးပြုတတ်ကြပါတယ်။ တစ်နေ့မှာ ၂၄နာရီရှိ ပါတယ်။ ဒီ ၂၄ နာရီကို ဝိညာဉ်ရေးအတွက် သို့တည်းမဟုတ် ကောင်းကင်နိုင်ငံရိက္ခာအတွက် ဘယ်နှစ်နာရီလောက် အသုံးပြုသလဲဆိုတာကို ခဏခဏ စဉ်းစားကြဖို့တော့ လိုလိမ့်မယ်ထင်တယ်။ ကျမ်းစာမှာ ရေးထားတာရှိပါတယ်။ ”ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့နိုင်ငံတော်ကို အရင်အဦးရှာပါ။“ဆိုတဲ့ကျမ်းပိုဒ်ရှိပါတယ်။ နောက်ပြီး ဘာကတိဆက် ပေးလည်းဆိုတော့ ”ဘုရားသခင်နဲ့ဘုရားနဲ့ဆိုင်တဲ့အရာကို အရင်အဦးရှာလျှင် ကျန်တာဘုရားပေးမယ်“ ဆိုတာ ပြောထားပါတယ်။

ဒီနေရာမှာ ယုံကြည်ခြင်းက စကားပြောလာပါတယ်။ ဘာလည်းဆိုတော့ ”ငါ ဘုရားနဲ့ဘုရားရဲ့နှုတ်တော် ထွက်စကားကို ဘယ်လောက်ယုံကြည်သလဲ“ ဆိုတဲ့မေးခွန်းပါ။ နောက်ကျမ်းချက်တစ်ချက်ကတော့ ”သင့်ရဲ့ယုံ ကြည်ခြင်းဟာ မုံညှင်းစေ့လောက်ရှိလျှင်“ ဆိုတာ ကြားဖူးကြမှာပါ။ ကျွန်တော်တို့ဘုရားကို အမြဲတမ်း ဆုတောင်း ကြပါတယ်။ ဒါပေမဲ့ လိုတာပဲတောင်းတာများပါတယ်။ တကယ်တော့စဉ်ဆက်မပြတ် ဆုတောင်းရမဲ့အချက်က ”ယုံကြည်ခြင်း မလျော့နည်းသွားအောင် ယုံကြည်ခြင်းပိုပြီးကြီးမားနက်ရှိုင်းအောင်“ အတွက်ကတော့ ဆုတောင်း  တိုင်းထည့်ဆုတောင်းသင့်တဲ့အချက် ဖြစ်တယ်လို့ထင်ပါတယ်။

ယခုဆောင်းပါးရဲ့အဓိကအချက်ဖြစ် ”Helps to grow in spirituality“ဆိုတဲ့ ဝိညာဉ်ရေးမှာရှင်သန် ကြီးထွားဖို့အတွက် အထောက်အကူပေးတဲ့အရာများကို ပြောပြလိုပါတယ်။ ဝိညာဉ်ရှင်သန်ကြီးထွားသီးပွင့်လာ နိုင်ဖို့ အထောက်အကူပေးတဲ့အရာတွေထဲက အဓိကကျတဲ့အရာနှစ်ခုကို ဝေမျှလိုပါတယ်။ ဒါတွေကတော့ (၁) ဆုတောင်းခြင်း Prayer နဲ့ (၂) ဒုက္ခစရိယာခံထမ်းခြင်း Suffering ပဲဖြစ်ပါတယ်။

Prayer ဆုတောင်းခြင်း

ဆုတောင်းခြင်းဆိုတာ ဘာလဲလို့မေးလာရင် ဆုတောင်းခြင်းဆိုတာ ဘုရားသခင်နဲ့ဆက်သွယ်ခြင်း၊ ဆက် ဆံခြင်းလို့ခေါ်တဲ့ (Personal Relationship with the Lord) လို့ ခေါ်ပါတယ်။ မိမိနဲ့ဘုရားနဲ့ဆက်သွယ်ခြင်းကို ဆုတောင်းခြင်းလို့ခေါ်ပါတယ်။ နောက်ပြီး တကယ်ဆုတောင်းတဲ့သူဆိုတာ ဘယ်သူလဲလို့ မေးလာရင်တော့ ”The one who is transformed by his/her prayer“ လို့ဆိုတဲ့ မိမိဆုတောင်းခြင်းဟာ မိမိကိုပြောင်းလဲစေတဲ့သူကို ”ဆုတောင်းတဲ့သူ “ ” man of Prayer“ လို့ခေါ်ပါတယ်။ ဒီအချက်ဟာအရေးကြီးပါတယ်။ ဆုတောင်းတယ်လို့ မြင် ရပေမဲ့ ဘာပြောင်းလဲမှုမှမတွေ့ရင်တော့ တကယ်ဆုတောင်းတဲ့သူမဟုတ်ဘူးလို့ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ ဆုတောင်းကြတဲ့သူတွေ အများကြီးတွေ့ကြပါတယ်။ ဒါပေမဲ့ ဒီဆုတောင်း တဲ့သူ  တွေဟာ ပြောင်းလဲမှုရှိကြရဲ့လားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

အချိန်အကြာကြီးဆုတောင်းတယ်။ ဒူးထောက်ဆုတောင်းတယ်။ မတ်တပ်ရပ်ဆုတောင်းတယ်။ စသဖြင့် ပုံစံအမျိုုးမျိုး ဆုတောင်းကြတယ်။ သီးခံနိမ့်ချခြင်း၊ နားလည်ပေးခြင်း၊ အနစ်နာခံပေးခြင်း၊ ကိုယ်ချင်းစာတရား ထားခြင်း၊ သူတစ်ပါးကိုကူညီခြင်း၊ ဘုရားတရားစကားပိုပြောခြင်း၊ အမုန်းစကားကိုရှောင်ခြင်း၊ သူတပါးကိုနား  လည်ပေးခြင်း၊ အကောင်းမြင်တတ်ခြင်း၊ စတဲ့ကောင်းတဲ့စိတ်တွေပိုရှိလာသလား။ ဒါဆိုရင် ”A man of prayer“ ဆုတောင်းတဲ့သူလို့ ဆိုလို့ရတယ်။ ဘာဖြစ်လဲဆိုရင် ပြောင်းလဲမှုတွေတွေ့ရလို့ပါပဲ။

ဆုတောင်းခြင်းဆိုတာ ဘုရားနဲ့ဆက်သွယ်ခြင်းလို့ အစပိုင်းမှာပြောထားပါတယ်။ ဒါဟာ လေ့ကျင့်မှုလုပ် ရပါမယ်။ နေရာတိုင်းမှာ ဖြစ်စဉ်တိုင်းမှာ ဘုရားရဲ့အသံ၊ ဘုရားရဲ့ခြေရာလက်ရာ၊ ဘုရားရဲ့အလုပ်အကိုင်ကိုမြင်ပြီး ဘုရားနဲ့ဆက်သွယ်စကားပြောခြင်းဖြစ်တဲ့ ဒီနေရာဟာ ကျေးဇူးတင်တာပါမယ်။ ကျေးဇူးတောင်းခံတာ လည်းပါ မှာဖြစ်ပါတယ်။ ဥပမာ-ထမင်းစားနေရင်း စိတ်ထဲကနေ ဘုရားကိုကျေးဇူးတင်မယ်။ နေရဲ့အပူကိုခံစားရရင် မြင်ကွင်းထဲက မြင်ရတဲ့အရာတွေကိုကြည့်ပြီး ဘုရားနဲ့ဆက်သွယ်ခြင်းဟာ ဆုတောင်းခြင်းပါပဲ။

သံယောဟန် ၁၅:၇ မှာ ဘာပြောထားလဲဆိုတော့ ”သင်တို့သည် ငါ၌တည်နေကြ၍ ငါ၏တရားတော်သည် သင်တို့၌ တည်နေလျှင် သင်တို့အလိုရှိသော အရာမှန်သမျှကို တောင်းလျှောက်ကြလော့။ ထိုအရာကို သင်တို့အား ငါပေးတော်မူလိမ့်မည်။“ လို့ပြောထားပါတယ်။ ဒီနေရာမှာ အရေးကြီးစာလုံးတစ်လုံးပါတယ်။ ”ငါ၌တည်နေခြင်း“ ဆိုတာပဲဖြစ်ပါတယ်။ စာဖတ်သူ ဘယ်လိုနားလည်ပါသလဲ။ ”ငါ၌တည်နေခြင်းဆိုတာ ပေါင်းစည်းခြင်း၊ တစ်လုံး တစ်ဝတည်းဖြစ်ခြင်း“ ကို ဆိုလိုပါတယ်။ ဒါဆိုရင် ဘယ်လိုအခြေအနေမျိုးမှာ တစ်လုံးတစ်ဝတည်း ပေါင်းစည်း လို့ရပါသလဲဆိုတာကို ထပ်ဆင့်စဉ်းစားရမှာ ဖြစ်ပါတယ်။ ဘုရားနဲ့တူလေလေ၊ ပိုပြီးသန့်ရှင်းလာလေလေဆိုရင် ဘုရားနဲ့ပိုပြီးပေါင်းစပ်လို့ရတာကို ဆိုလိုပါတယ်။ ပိုပြီးနီးကပ်လေလေ ပိုပြီးပေါင်းစပ်လေလေ။ မိမိရဲ့ဆုတောင်း ခြင်းဟာ ပိုအောင်မြင်လေလေ ဖြစ်နိုင်ပါတယ်။

နောက်ပြီးဆုတောင်းခြင်းဆိုတာ မိမိရဲ့အားနဲချက်တွေကို ပိုပြီးပျောက်အောင် လုပ်ပေးနိုင်ပါတယ်။ သခင် ယေဇူးကိုယ်တိုင် ဆုတောင်းခြင်းအရေးကြီးတာကို ပြသခဲ့သလို သွန်သင်ပြသခဲ့ပါတယ်။ ဆုတောင်းခြင်းဟာ ကောင်းတဲ့အသီးအပွင့်တွေကို သီးပွင့်စေပါတယ်။ ဒါကြောင့် ဆုတောင်းခြင်းဆိုဟာ မိမိရဲ့ဝိညာဉ်ရေးရှင်သန်သီး ပွင့်ဖို့ ထိရောက်တဲ့အကူအညီတစ်ခုဖြစ်တယ်လို့ ပြောလိုပါတယ်။ ဆုတောင်းခြင်းပုံစံအမျိုးမျိုးရှိပါတယ်။ မိမိကြိုက်တဲ့ဆုတောင်းနည်းကို သုံးနိုင်သလို ပုံစံပြောင်းပြီးသုံးလည်းရပါတယ်။ ဆုတောင်းချင်စိတ်နဲ့ ဆုတောင်း ဖြစ်ဖို့သည်သာ အရေးကြီးပါတယ်။

ဥပမာ-Lectio Divina, Meditation, Oratio, Contemplatio, ကိုယ်တော်မြတ်ဖူးခြင်း၊ စိတ်ပုတီးစိပ် ခြင်း၊ စသည်အားလုံးဟာဆုတောင်းခြင်းတွေပဲဖြစ်ပါတယ်။ အဓိကကတော့ ဆုတောင်းခြင်းကိုပြုခြင်းဟာဝိညာဉ် ရေးအတွက် လုပ်ကြရမဲ့အရေးကြီးတဲ့အလုပ်ဖြစ်တဲ့အတွက် ကြိုးစားကြဖို့အကြံပြုခြင်း ဖြစ်ပါတယ်။ ”သင်တို့ သည်ငါနှင့်ကင်းလျှင် ဘာမျှမတတ်နိုင်“ (ရှင်ယောဟန် ၁၅း၅)

Suffering ဒုက္ခဝေဒနာခံထမ်းခြင်းများ

ဒုတိယဝိညာဉ်ရေးရှင်သန်ကြီးထွားဖို့အတွက် အထောက်အကူပေးတဲ့အရာက ”ဒုက္ခဝေဒနာ“ပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့လောကလူသား တော်တော်များများက” ဒုက္ခဝေဒနာ“ကို အဆိုးလို့ မြင်တွေ့ခံယူတတ်ကြပါတယ်။ ဒါကြောင့်လည်း ”ဆုတောင်းခြင်း“ ကိုပြုကြတဲ့အခါမှာ ”ဒုက္ခမှလွဲပါစေ၊ ဝေဒနာတွေပျောက်ကင်းပါစေ“လို့ပဲ ဆုတောင်းကြတယ်။ ကမ္ဘာပေါ်မှာ အရောင်းရဆုံးကုန်ပစ္စည်းနဲ့ စာအုပ်စာပေတွေဟာလည်း ”ဒုက္ခကင်းဝေးနည်း၊ ဝေဒနာပျောက်ကင်းနည်း“ တွေပဲဖြစ်တာကိုတွေ့ရပါတယ်။ သို့သော် ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း လူဆို တဲ့သတ္တဝါဟာ တနေ့ကျရင် သေကြရမှာပဲဖြစ်တယ်။ ”မသေဆေး“ဆိုတာတော့ မရှိပါဘူး။ ရောဂါအမျိုးမျိုးခံပြီး သေခြင်းကို ရင်ဆိုင်ကြရမှာပါပဲ။

ဒီနေရာမှာ အပြစ်နဲ့ ရောဂါဝေဒနာတို့ရဲ့ဆက်စပ်မှုကလေးတွေဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာ လူမမာ တွေကို ကုသပျောက်ကင်းစေတဲ့အခါမှာ ”သင့်ရဲ့အပြစ်တွေကို ခွင့်လွတ်လိုက်ပြီ။ ငြိမ်သက်ခြင်းနဲ့သွားလော့။“လို့ ပြောလိုက်တာနဲ့ လူမမာဟာပြန်ကောင်းလာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒုက္ခဝေဒနာခံရခြင်းမှာ အကြောင်း နှစ်ချက်ရှိပါတယ်။ (၁) အပြစ်ကြောင့် (၂) ပိုပြီး ရင့်ကျက်စေလိုသောကြောင့် (သို့မဟုတ်) Purification လို့ခေါ်တဲ့ လူကိုသန့်စင်စေဖို့ ဆိုပြီး အကြောင်းချက်နှစ်ခုရှိပါတယ်။ ဒါကြောင့် ပဌမအချက်မှာ ”အပြစ်ရှိခြင်း“မရှိဘဲနဲ့ ဒုက္ခခံ၊ ဝေဒနာခံနေရသေးရင် ဘုရားသခင်က ကျွန်တော်တို့ကို ဆေးကြောသန့်စင်နေတယ်လို့ ယူဆရမှာဖြစ်တယ်။

ဥပမာ-သံချေးတက်နေတဲ့ဓါးကို သန့်စင်ချင်ရင် ပန်းပဲဆရားဆီအပ်ပြီး၊ ပန်းပဲဆရာကမီးနဲ့ဖုတ်ပြီး သံချေး ကိုထုခွာမှာ ဖြစ်တယ်။ အဲဒီ ဒုတိယနည်းဟာ ဝိညာဉ်ကို သန့်ရှင်းတိုးတက်စေတဲ့နည်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ဆီမှာ ခံနိုင်ရည်ကျေးဇူးတော်တောင်းခံဖို့လိုပါတယ်။

ပျံလွန်သွားတဲ့ ဆရာတော်ကြီးဂျိုးဇက်ဦးသောင်းရွှေ ပြောသွားတာရှိပါတယ်။ ဘာလဲဆိုတော့ ”ကက်သ လစ်ဘာသာဟာ ဒုက္ခကိုရှောင်တဲ့ဘာသာမဟုတ်ဘူး၊ ဒုက္ခကိုရှာတဲ့ဘာသာဖြစ်တယ်။“ ဒါဟာလဲ စဉ်းစားစရာပါပဲ။ ကက်သလစ်ဘာသာက အရိုအသေပြုတဲ့ လက်ဝါးကပ်တိုင်(သို့) ခရူးစူးကားတိုင်ဆိုတာ သခင်ယေဇူးရဲ့  ဆင်းထု တော်ပါတဲ့ လက်ဝါးကပ်တိုင်ဖြစ်ပါတယ်။ လက်ဝါးကပ်တိုင်အရွယ်အစားကြီးရင် သခင်ယေဇူးရဲ့ဆင်းထုအရွယ် အစားလည်းကြီးတယ်ဆိုတာ လေးနက်စွာထောက်ရှုစေချင်ပါတယ်။ ”လိုချင်တာ“ဆုတောင်းကြရမှာ မှန်တယ်။ မိမိလိုချင်ရာတွေများလွန်းလို့ မမှတ်မိနိုင်ရင် စာရွက်နဲ့ရေးပြီးတောင်းပါ။ ဒါပေမဲ့အရေးကြီးတဲ့ အချက်တစ်ချက် ရှိတယ်။ မိမိဆုတောင်းချက်တွေပြောပြီးရင် အဆုံးသတ်မှာ ”ကိုယ်တော်ရဲ့အလိုတော်အတိုင်းဖြစ်စေပါ။“ ဆိုပြီး အဆုံးသတ်ရမှာဖြစ်တယ်။ ဒါကြောင့် ပညာရှင်တွေဘာပြောထားလဲဆိုတော့ ”Try your best and leave the rest in the hands of God and be happy“သင်အတတ်နိုင်ဆုံးကြိုးစားပါ။ ကျန်တာ ဘုရားသခင်လက်ထဲကို ပူဇော်လိုက်ပြီး ပျော်ပျော်နေပါ။

ဒုက္ခဝေဒနာခံထမ်းရခြင်းနဲ့ပတ်သက်ပြီး သံယောဟန် ၁၅:၂ မှာ ပြောထားတာကိုလည်း ထောက်ရှုစေချင် ပါတယ်။ ဘယ်လိုရေးထားလဲဆိုတော့ ကိုယ်တော်သည် ”ငါ၌ အသီးမသီးသောအကိုင်းအခက်ရှိသမျှတို့ကို ဖြတ် တောက်ပစ်တော်မူ၍၊ အသီးသီးသော အကိုင်းအခက်ဟူသမျှကိုမူကား ပိုသီးစေရန် ရှင်းလင်းပြုပြင်ပေးတော် မူလိမ့်မည်။“ ဒီနေရာမှာ အသီးသီးနေပေမဲ့ ပိုသီးအောင် အကိုင်းအခက်တချို့ကို ရှင်းလင်းပစ်တယ်ဆိုတာ တွေ့ရတယ်။ တစ်ပင်လုံးကိုခုတ်ပစ်တာမဟုတ်ဘူး။ အကိုင်းအခက်တစ်ချို့ကိုပဲခုတ်ပစ်တာ။ ဘာဖြစ်လို့လဲဆို တော့ ဒီထက်ပိုသီးအောင်ဖြစ်တယ်။ အကိုင်းအခက်တွေကို ရှင်းလင်းတယ်ဆိုတဲ့သဘောက ဒုက္ခဝေဒနာခံထမ်း စေတဲ့သဘောပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်ရေး ပိုမိုရှင်သန်ကြီးထွား သီးပွင့်ဖို့ပါ။

နောက်ပြီးတော့ ဒုက္ခဝေဒနာခံထမ်းရခြင်းဟာဖြင့် ကိုယ့်ရဲ့အားနည်းချက်ကို သိလာတယ်။ ဒီအချက်ဟာ နှိမ့်ချခြင်းကို တွန်းပို့ပေးပါတယ်။ ဥပမာ-မျက်စိကောင်း၊ ခြေလက်ကောင်းတဲ့အချိန်၊ လုပ်နိုင်တဲ့အချိန်မှာ ”ငါ“ ဆိုတဲ့မာနကြီးစိုးနေတတ်တယ်။ ”ငါ“လုပ်လို့ရတယ်၊ငါသွားလို့ရောက်တယ်၊ စသဖြင့်ပေါ့။ မျက်စိကွယ်၊ လေဖြတ် တဲ့အချိန်ကျရင် ”ငါဘာမှမတတ်နိုင်ပါလား“ ဆိုတာ သိရှိလာလိမ့်မယ်။ အဲဒီအချိန်မှာ ဘုရားနဲ့နီးလာတတ်ပါတယ်။ ဘုရားနဲ့နီးလာလေလေ၊ ဘုရားဆီက ”ရတနာ“တွေရလွယ်လေလေပါပဲ။ ဘုရားနဲ့အဝေးကြီး လက်လှမ်းမမှီနိုင် တဲ့နေရာမှာနေရင်တော့ ဘုရားဆီကရတနာရဖို့ နည်းနည်းခက်သွားတယ်ပေါ့။

နောက်တစ်ခုသိထားဖို့က ဘုရားသခင်ရဲ့တန်ခိုးနဲ့ သူရဲ့ချစ်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဒုက္ခနဲ့ဝေဒနာတွေကို ”ဆေးဝါး“ အဖြစ် အသွင်ပြောင်းစေတယ်ဆိုတာ သိထားဖို့လိုတယ်။ ဘာအတွက်ဆေးဝါးလည်းဆိုတော့ ”အပြစ်“ ဆိုတဲ့ ”ရောဂါ“ ကိုပျောက်ကင်းစေတဲ့ ”ဆေးဝါး“ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အဆိုအမိန့်တစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။ ဘယ်လိုလဲဆိုတော့ ”We should keep in mind that God could not allow Sufferings to come upon us, unless he saw that out of our Suffering there result abundant good“ အတိုဆုံးပြောရရင်တော့ ”ကျွန်တော်တို့အတွက် အကျိုးမပေးရင် တော့၊ ဘုရားသခင်က ကျွန်တော်တို့ကို ဒုက္ခဝေဒနာခံဖို့ ခွင့်ပြုမှာမဟုတ်ဘူး။“

ဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ။

#Bp.ဂျွန်ဆှိန်းဟှီ

ဆောင်းပါးများ