
တမလွန်ဘဝ တည်ရှိကြောင်း ခရစ်တော်ကိုယ်တိုင် ကျွန်တော်တို့ကို အသေအချာသွန်သင်ထားပါတယ်။ သူကိုယ်တိုင်လည်း သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းဖြင့် သက်သေပြခဲ့ပါတယ်။
တမလွန်ဘဝ မရှိခဲ့ဘူးဆိုရင် ဘုရားသခင်ဟာ အားနည်းတဲ့ဘုရား၊ ချစ်ခင်စရာ၊ အားကိုးစရာ မကောင်းတဲ့ဘုရား ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အတွက် သေခြင်းကိုတောင် အနိုင်မယူနိုင်တဲ့ဘုရား၊ ဘဝသစ်ကို ပေးစွမ်းနိုင်လောက်အောင် ကျွန်တော်တို့ကို ဂရုမစိုက်တဲ့၊ ချစ်ခြင်းမဲ့တဲ့ဘုရား ဖြစ်ပါလိမ့်မယ်။
တမလွန်ဘဝ မရှိခဲ့ဘူးဆိုရင် ဒီဘဝကြီးက ရက်စက်ကြမ်းကြုတ်လှတဲ့ ဟာသဇာတ်လမ်း တစ်ပုဒ်မျှသာ ဖြစ်သွားပါလိမ့်မယ်။
တမလွန်ဘဝ မရှိခဲ့ဘူးဆိုရင် ဝိညာဉ်မဲ့ပြီး ဦးနှောက်နဲ့ခန္ဓာရှိတဲ့ သတ္တဝါတစ်ကောင်မျှသာ ဖြစ်ပါလိမ့်မယ်။ တမလွန်ဘဝ မရှိခဲ့ဘူးဆိုရင် ဘုရားကိုမျက်နှာချင်းဆိုင် ဖူးမျှော်ခွင့်တွေ၊ ပြီးပြည့်စုံတဲ့ ပျော်ရွှင်ခွင့်တွေ၊ သေလွန်ပြီးတဲ့ ကျွန်ုပ်တို့ရဲ့ ချစ်မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်ဆိုတာတွေ မျှော်လင့်လို့ မရတော့ပါဘူး။
တမလွန်ဘဝ မရှိခဲ့ဘူးဆိုရင် အသက်ရှင်ရတဲ့အချိန် ဘာတစ်ခုမှ အလေးထားစရာ ကောင်းမှာမဟုတ်ပါဘူး။ မအောင်မြင်မယ့် ကိုယ်ဝန်ကြီးကို သိသိကြီးနဲ့ လွယ်ထားရသလိုပဲ ဖြစ်မှာပါ။ ကိုယ်ဝန်ဆောင်မိခင်ဟာ သူ့ရဲ့ရင်သွေးငယ် အသက်ရှင်လျက် မွေးဖွားမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိလို့သာ ဂရုတစိုက်နေထိုင်ရတာဖြစ်တယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ အနေအထိုင် အစားအသောက် အင်မတန်မှ ဆင်ခြင်ရပါတယ်။ ကလေး အသေကောင်ကြီးကို မွေးမယ်လို့ သိထားတယ်ဆိုရင်တော့ တန်ဖိုးထားပြီး ဂရုတစိုက်နေမှာမဟုတ်ပါဘူး။ ဒီမျက်မှောက်ဘဝဆိုတာ မိခင်ဝမ်းမှာရှိတဲ့ ဘဝနဲ့တူပါတယ်။ သေခြင်း ဆိုတာဟာလည်း မိခင်ဝမ်းမှ မွေးလာရတာနဲ့ တူပါတယ်။
“ခရစ်တော်သည် အမှန်ပင် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသဖြင့် အိပ်ပျော်ခဲ့သော သူတို့တွင် အဦးဆုံးသီးသော အသီးဖြစ်သည်။” (ပ-ကော်ရိန့်သု ၁၅း၂ဝ) ကောရိန်သုဩဝါဒ ပထမစာစောင် အခန်းကြီး ၁၅ တစ်ခုလုံးကို ဖတ်ကြည့်ပါ။ ကျမ်းပိုဒ်အဆုံးမှာ တမလွန်ဘဝအတွက် ထူးခြားမှုတစ်ခုတော့ ရှိလာမှာဖြစ်တဲ့အကြောင်း ဖော်ပြထားတယ်။
“ငါချစ်ခင်ရသော ညီအစ်ကိုတို့၊ တည်ကြည်ခိုင်မာစွာ ရပ်တည်ကြလော့။ သခင်ဘုရား၏ အမှုတော်မြတ်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းအနှီးမဖြစ်ကြောင်း သိမှတ်လျက် ကိုယ်တော်၏ အမှုတော်ကို အစဉ်ထမ်းရွက်ကြလော့။” ( ပ-ကော်ရိန့်သု ၁၅း ၅၈) ဓမ္မဟောင်းကျမ်းစာထဲမှာရှိတဲ့ တစ်ခုတည်းသော ဒဿနိကစာအုပ်ဖြစ်တဲ့ ဒေသနာကျမ်းကို ရေးတဲ့ပုဂ္ဂိုလ်က တမလွန်ကို မယုံကြည်သလိုထင်ရအောင် တနည်းတဖုံ ရေးသားထားတယ်။ “လူသားတွေ့ကြုံသော အမှုကို တိရတ္ထန်တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်း ရှိကြ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်တွေထက်ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။ (ဒေသနာကျမ်း ၃း၁၉-၂၂)
ဒီလိုခံယူခြင်းရဲ့ အကျိုးအဆက်ကတော့ လူသားတွေရဲ့ဘဝကို အချည်းအနှီး၊ ဗလာနိတ္ထအဖြစ် ရှုမြင်ပြီး၊ အရာအားလုံးက အချည်းအနှီး သက်သက်သာဖြစ်တယ်လို့ အသားပေးရေးထားတယ်။ “အနတ္တသက်သက် အနတ္တသက်သက်၊ ခပ်သိမ်းသော အရာတို့သည် အနတ္တဖြစ်ကြ၏။” (ဒေသနာကျမ်း ၁း၂) တမလွန်ဘဝရှိတယ်လို့ ယုံကြည်ခြင်းကြောင့် ထူးခြားမှုတစ်ခု ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့မြင်နိုင်ဖို့ ရှုထောင့်တစ်ဖက်က ကြည့်ပြီးရေးထားတဲ့ စာအုပ်တစ်အုပ်လုံးကို ဖတ်ကြည့်နိုင်ပါတယ်။ ဒုတိယ ရသကိုပေးတဲ့ စာရေးပုဂ္ဂိုလ်ဟာ ဒီစာအုပ်ရဲ့နောက်ဆုံးပိုဒ်မှာ အဖြေပြန်ပေးထားတယ်။ သေလွန်ပြီးရင် ဘုရားက ကျွန်တော်တို့ကို တရားစီရင်မှာ ဖြစ်တယ်။ ဒါကြောင့် ဘဝဆိုတာ အဓိပ္ပာယ်ရှိပါတယ်ဆိုတာ သိမြင်ရတယ်။
“ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤသည်ကား လူနှင့်ဆိုင်သော အမှုဖြစ်၍ အလုံးစုံတို့၏ အချုပ်အခြာ ဖြစ်သတည်း။ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍ အလုံးစုံသော အမှု၊ ကောင်းမကောင်း ရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူလိမ့်မည်။” (ဒေသနာကျမ်း ၁၂း၁၃-၁၄)
တစ်နေ့တစ်ချိန်ကျရင် ဘုရားသခင်နဲ့ ကျွန်တော်တို့ ဆုံတွေ့ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီမှန်ကန်အံ့ဩဖွယ် ဖြစ်တဲ့ အမှန်တရားကနေ သွေဖည်မသွားဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် ကျွန်ုပ်တို့ရဲ့ ဘဝတွေဟာ အဓိပ္ပာယ်မဲ့ပြီး အလေးထားစရာ ကောင်းတော့မှာ မဟုတ်ဘူး။
#စာရေးသူ - တောင်ကတုံး(နှင်းပွင့်)