Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#သွေးနှင့်ခန္ဓာမြန်မာ့မြေမှာကျခဲ့ပြီ.... #Padre Alfredo Cremonesi (1902-1953) #စောပီတယ်(PIME)
#ယုံကြည်ခြင်းအတွက်၊ ဒေသနာတော်အတွက်၊ ကျသောသွေးသည်မည်သည့်အခါမျှ အချည်းနှီးမဖြစ်။ (2019 ကြေးစည်စာစောင်မှကူးယူသည်။)
#Padre Alfredo Cremonesi (1902-1953)
#စောပီတယ်(PIME)
''ကျွန်တော်တို့ တတွေ တိတ်တဆိတ်ပုန်းအောင်းနေရတာခြောက်နှစ် တောင်ရှိခဲ့လေပြီ။ စစ်ပွဲကြီးကလည်းမပြီးဆုံးနိုင်။ ကြမ်းလိုက်တဲ့ဘဝ။ ပြောပြဖို့တောင် စကားမရှိတော့။ ကိုလိုနီ အင်္ဂလိပ်တွေက ရသမျှအကုန်ယူသွားကြပြီ။ စစ်ပွဲတွေနဲ့ ဆင်းရဲခြင်းတွေသာ ထားခဲ့တာလေ။ အခုဂျပန်တွေ ရောက်လာပြန်ပြီ။ ကျွန်တော်တို့တွေ တောထဲကိုပြေးရပြန်ပြီပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးရတာ ဘာကိုမှယူသွားလို့မရလိုက်။ အသက်မသေဖို့က ပိုအရေးကြီးတာကိုး။
အဲဒီအချိန်တွေမှာ ချက်စရာဆီ တစက်မရှိ၊ စားစရာဆန်က မလောက်ငှ၊ ပေါင်မုန့်ဆိုတာကတော့ အိမ်မက်ထဲတောင် ထည့်မမက်နိုင်။ ဆားကလည်း ရှာဝယ်လို့မရ။ အဝတ်မရှိလို့ ဂုံနီအိပ်တွေကိုဖောက်ပြီး ဝတ်ခဲ့ရတယ်။ လမ်းပန်း ဆက်သွယ်ရေးကလည်း ပြက်တောက်။ လဲလှယ်ရောင်းချဖို့ကလည်း နေရာမရှိ၊ ဈေးတွေကပိတ်၊ ဒုက္ခအတိဖြစ်ခဲ့ရတဲ့ဘဝ။ ရေသောက်ဗိုက်မှောက်ပြီး နေခဲ့ရတဲ့နေ့တွေကလည်း မနည်းလှ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကရုဏာတော်ကြောင့် ကျွန်တော်နဲ့ ကျွန်တော့်ဘာသာသူတွေ အသက်မသေဘဲ ရွာပြန်နိုင်ခဲ့ကြတယ်လေ။'' (၁၉၄၆ ခုနှစ်၊ ဖေဖဝါရီ လ ၂၀ ရက်)
၂၀၁၉ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ရဟန်းမင်းကြီးဖရန်စစ်သည် အသင်းတော်အတွက်၊ ယုံကြည်ခြင်းအတွက် ဘဝနှင့်အသက်ပေးခဲ့သော ဘုန်းတော်ကြီး (Padre Alfredo Cremonesi) ကို သူတော်စဉ် (Beato) အဖြစ်တင်မြောက်ရန် အတည်ပြုသော သဝဏ်လွှာကို ပီမေ(PIME)အသင်းဂိုဏ်းသို့ ပေးပို့လာသည်။ ၁၉၅၃ခုနှစ်၊ ဖေဖဝါရီလ(၁၂)ရက် နေ့တွင် ဘုန်းတော်ကြီးမှာ တောင်ငူသာသနာပိုင်၊ ဒေါနိုခူတိုက်နယ်တွင် ယုံကြည်ခြင်းအတွက်၊ တရားမျှတခြင်းအတွက် အသက်စွန့်ခဲ့ရ သည်။ ဘုန်းတော်ကြီး Cremonesi (ခရေမိုနေဇီ)ကို အောက်တိုဘာလတွင် သူတော်စဉ်အဖြစ် တင်မြှောက်မည်ဖြစ်ပါသည်။
၁၉၀၂ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် ဘုန်းတော်ကြီး အာဖရက်ဒို ခရေမိုနေဇီသည် Ripalta Guerina (Cremona)တွင် မွေးဖွားခဲ့သည်။ ဘုန်းတော်ကြီးသည် ဘုရားတရားကြည်ညို သောမိသားစုအသိုင်းအဝိုင်းမှ မွေးဖွားကြီးပြင်းခဲ့သည်။ ငယ်စဉ်က ကျန်းမာရေး ချူချာလှသည်။ သူ၏ဖခင်မှာ သာသနာပြုဘ၀အဖြစ် ရွေးချယ်ခဲ့ခြင်းကို မနှစ်သက်ခဲ့ပါ။ ၁၉၂၂ ခုနှစ်၊ အောက် တိုဘာလတွင်၊ သူ့မိခင်၏အကူအညီဖြင့် ပီးမေမစ်ရှင်နရီ(PIME) ရဟန်းဖြစ်ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ အာဖရက်ဒိုမှာသင်ယူ လိုစိတ်ပြင်းပြသူ၊ စွန့်စားချင်သူ၊ လုပ်ရဲကိုင်ရဲရှိသူဖြစ်သည်။ သူသည် စာရေးခြင်းကိုလည်း ဝါသနာထုံသူဖြစ်သည်။ သူ၏ ကဗျာစာပေ၊ ဆောင်းပါးများကို ကက်သလစ်ခရစ်ယာန်အသင်းတော်ပိုင် သတင်းစာများ၊ ဂျာနယ်များတွင် မကြာခဏဖော်ပြခြင်း ခံခဲ့ရသည်။
၁၉၂၄ ခုနှစ်၊ အောက်တိုဘလ(၁၂)ရက် နေ့တွင် ရဟန်းသိက္ခာကို ခံယူခဲ့သည်။ တစ်နှစ်ကြာပြီးနောက်မြန်မာနိုင်ငံကို ထွက်ခွါလာခဲ့သည်။ သူ၏အသက်မှာ ၂၃နှစ် သာရှိသေးသည်။ မထွက်ခွာခင် သူ့မိသားစုနှင့်သူ့ငယ်ချင်းများကိုအပြီး အပိုင် နှုတ်ဆက်ကာ ဝေးလံခေါင်ပါးသော တောင်ငူသို့ ခရီးနှင်ရန် ဂျေနိုဘာ ဆိပ်ကမ်းသို့ ထွက်ခွါခဲ့သည်။ ၁၉၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် တောင်ငူသို့ ရောက်ခဲ့သည်။ သာသနာ ပြုအားလုံးရဲ့ ပထမဦးဆုံး ဒုက္ခကား ဘာသာစကားနှင့် ယဉ်ကျေးမှု မတူသည့် ပြဿနာဖြစ်သည်။ ရောက်ရောက်ချင်း တစ်နှစ်မှာပင်ဘာသာစကားကို ကောင်းစွာ သင်ယူပြီး လူနေမှုပုံစံကိုစတင်ကာ ပြောင်းလဲခဲ့ရသည်။ ထို့နောက် သာသနာအမှုတော်ကို စတင်လုပ်ဆောင်ခဲ့သည်။ တောင်ငူတွင် နေစဉ်အတွင်း ကရင်နှင့်၊ ကရင်နီ လူမျိုးများရှိရာ ရိုးမတောင်တန်းဒေသတွင် သာသနာပြုချင်စိတ်များ တဖွဲဖွဲဖြစ်ခဲ့သည်။ သူ၏အိပ်မက်သည် အမှန်တကယ်ဖြစ်လာခဲ့သည်။ သာသနာပိုင်ဆရာတော်မှ သူ့အား ဝေးလံခေါင်သီသော တောင်တန်းများ အကြားရှိ ဒေါနိုခူ ကျေးရွာသို့ ပို့ခဲ့သည်။ ၎င်းဒေသတွင် ထိုအချိန်၌ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည်။ ဘာသာသူများရှိရာ ကျေးရွာများသို့ သွားရောက်ရာတွင် ခြေလျှင်ဖြင့် ငါးနာရီကျော်လောက် လျှောက်ရသည်။ နေ့ချင်းတွင်း သာသနာကျောင်းကို ပြန်ဖို့က မဖြစ်နိုင်။ ထို့ကြောင့် နယ်လှည့်ထွက်ပါက စားစရာ၊ သောက်စရာအပြည့်ထည့်သွားရသည်။ သို့မဟုတ်ပါက ထမင်းငတ်ဖို့က သေချာသည်။
သာသနာပြုလုပ်ငန်းတွင်စိတ် အားထက်သန်တက်ကြွသောသူ ဖြစ်လင့်ကစား၊ စိတ်ဓါတ်ကျခဲ့ရသော နေ့တွေရှိခဲ့ပါသည်။ သူ၏ စာတစ်စောင်တွင် ယခုကဲ့သို ရေးသားခဲ့သည်။ ''အမှန်တိုင်းပြောရရင်၊ ကလေးတစ်ယောက်လို ငိုခဲ့ရတဲ့နေ့တွေက မနည်းခဲ့ပါ။ ဆင်းရဲပြီး သနားစရာ ကောင်းတဲ့ ဒီလူတွေအတွက် အကောင်းဆုံး လုပ်ပေးချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အထမမြောက်ခဲ့။ နိုင်ငံရေး၊ လူမှုရေး ပြဿနာတွေက ဖြေရှင်းလို့မနိုင်။ အဲဒါကြောင့် ဘာကိုမှ လုပ်လို့မရတဲ့ဘဝနဲ့ အသက်ရှင်ခြင်းထက် သေတာမှကောင်းအုံးမယ်လို့ တောင်ဆုတောင်းမိပါရဲ့။'' ဒါကတော့လူငယ် သာသနာပြုပေါက်စရဲ့ ကိုယ့်ကိုကိုယ် အားမရတဲ့အခြေအနေပေါ့။ ဤအခြေအနေတွင် ဆုတောင်းခြင်းသာ အကောင်းဆုံး၊ သာသနာပြုခြင်းဖြစ်သည်ကို နားလည် သဘောပေါက်ကာ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းကို နာရီပေါင်းမြောက်များစွာပြုလုပ်ခဲ့သည်။ အထူးသဖြင့်ညအချိန် တွင်ကိုယ်တော်မြတ် စက္ကမင်တူးအရှေ့တွင်သာ အချိန်ကုန်ဆုံးခဲ့သည်။
ယခုကဲ့သို့ ရုန်းကန်နေရင်း၊ ဆယ်နှစ်တာ တင်းတင်း ပြည့်ခဲ့လေသည်။ သူ၏ စာတစ်စောင်တွင်ဤကဲ့သို့ရေးထားသည်။ ''ကိုယ့်ကိုကိုယ် မေးခွန်းတွေမေးမိပါရဲ့။ ငါဘာတွေလုပ်ခဲ့ပြီးပြီးလဲ။ ဘာကြောင့် ငါဒီနေရာမှာ ရှိနေရတာလဲ။'' ဒီကြားထဲ ရာသီဥတု အခြေအနေတွေကြောင့် ကျန်းမာရေးက ချူချာ လာခဲ့သည်။ အဲ့ဒီအချိန်တွင် သူ၏အသက်မှာ ၃၅ နှစ်သာရှိသေးသည်။ သူတဖြည်းဖြည်း နားလည်လာသည်မှာ သာသနာပြုတစ်ယောက်၏ဘဝသည် သာမညသာဖြစ်သည်။ ခရစ်တော်မပါလျှင် ဘာမှမတက်နိုင်။ သာသနာပြုတိုင်းသည် ဘုရားသခင်၏ သနားကရုဏာတော်ကြောင့် သာသနာလုပ်ငန်းစဉ်၌ ပါဝင်ခွင့်ရနေသော၊ ဘုရားသခင်၏ လက်သုံးတော်ခံ တောင်ဝှေးသဖွယ်သာဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်မှာ ဒေသနာတော်၊ သတင်းကောင်းကို မျှဝေပေးပြီး၊ မိမိ၏ယုံကြည်ခြင်းကို လူအများအရှေ့တွင် သက်သေခံဖို့သာဖြစ်သည်။
ဘာသာသူ သိုးစုနှင့်အတူ ဒုက္ခအခက်အခဲများကိုအတူတကွကျော်လွှားခြင်းသည်သာလျှင် ကောင်းသော သက်သေခံမှု တစ်ခုဖြစ် သည်။ အားငယ် နေသူများကို ဖေးမပေးခြင်း၊ မျှော်လင့်ခြင်းမဲ့သူများကို အားဖြည့်ပေးခြင်းသည်လည်း အကောင်းဆုံးသောသာ သနာပြုခြင်းဖြစ်သည်။ ဘုရားကျောင်း များများဆောက်နိုင်မှ၊ ဘော်ဒါကျောင်းတွေ ဆောက်ပေးနိုင်မှ အောင်မြင်သော သာသနာပြုခြင်းမဟုတ်ပါ။
 
ဤကဲ့သို့ မိမိဘဝအခြေအနေကို နားလည်သဘောပေါက်ပြီး မိမိ၏အလိုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း လျှောက်လှမ်း အသက်ရှင်ကာ သာသနာပြုခြင်းကို သူ၏သိုးစုနှင့်အတူ၊ အေးအတူပူအမျှ ပျှော်ပျှော်ရွှင်ရွှင်၊ ဝေမျှခံစားခဲ့သည်။ ထို့ကြောင့်သူ့ကို ''အပြုံး ပိုင်ရှင်ကိုယ်တော်'' လို့တင်စားခံခဲ့ရသည်။ မကြာခင်တွင် ဒုတိယကမ္ဘာစစ်ကြီးက မြန်မာပြည်သို့ ကူးစက်လာခဲ့သည်။ ဂျပန်တပ်မတော်ကြီးက မြန်မာပြည်အတွင်းချင်းနင်း ဝင်ရောက်လာခဲ့သည်။ ကိုလိုနီဗြိတိသျှများက သာသနာပြုများကို အိနိ္ဒယသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော် တောင်ပေါ်ဒေသတွင် ဆယ်နှစ်ကျော် နေထိုင်ဖူးသော သက်ကြီးရွယ်အို သာသနာပြုများ ကျန်ရစ်ခဲ့ရသည်။ ၎င်းအထဲတွင် ဖာသာရ်ခရေမိုနေဇီကလည်း ဘာသာသူသိုးစုနှင့် ဒုက္ခအခက်အခဲကို အတူတကွကျော်ဖြတ် ရန်စိတ်ဆုံးဖြတ်ကာ မြန်မာပြည်တွင်ကျန်နေခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ဤအချိန်များ သည်သူ့အတွက် အခက်ခဲဆုံးအချိန်တွေဖြစ်ခဲ့သည်။ မည်သည့် အဆက်အသွယ်၊ မည်သည့်အကူအညီမှ မရ၊ ဒုက္ခအတိဖြစ် ခဲ့ရသော ကာလတွေဖြစ်ခဲ့သည်။ အစားအသောက်၊ ဆေးဝါးမရှိ။ သဘာဝသစ်ဖု သစ်ဥတွေကို အစားအစာအဖြစ် စားသုံး ခဲ့ရသည်။ ကာလကြာလာသည်နှင့်အမျှ သူနှင့်သူ၏သိုးစုများမှာ အားနည်းလာပြီး၊ အဖျားအနာများပေါများလာခဲ့သည်။
၁၉၄၃ ခုနှစ် စက်တင်ဘာလ(၈)ရက် နေ့တိုင်၊ အီတလီနှင့် ဂျပန်နိုင်ငံတို့မှာ မဟာမိတ်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုးဝါးဆုံး ရန်သူအဖြစ် အသွင်ပြောင်းခဲ့သည်။ ထိုကာလတွင် အီတလီမစ်ရှင်နရီများကို ဂျပန်အစိုးရက နှိပ်စက်ညှင်းပန်း ခဲ့သည်။ အချိန်တိုအတွင်းမှာဂျပန်များသည် တောင်ငူတစ်ခွင်သို့ အရှိန်အဟုန်မြန်စွာစီးနင်းဝင်ရောက်ခဲ့သည်။ ဖာသာရ်ခရေမိုနေဇီနှင့် သူ့လူတို့မှာ စစ်ရှောင်ရန် အချိန်မရလိုက်ဘဲ နီးစပ်ရာတောထဲကိုသာ အပြေးအလွား ရှောင်ပုန်းခဲ့ရသည်။ ဂျပန်စစ်တပ်များသည် ကျွဲ၊နွား၊ကြက်၊ဝက် ရရာပစ္စည်းအကုန် ယူဆောင်သွားကြသည်။ စစ်ရှောင်ဖို့ရာ မလွယ်ကူတော့ပေ။ ပြေးစရာနေရာကမရှိ။ နောက်ဆုံးသူနှင့် သူ၏သိုးစုများမှာ စစ်ဒဏ်ကိုအံတုရင်း ဒီဒေသမှာပင်ဆက်လက်နေထိုင်ဖို့ အစီအစဉ်ဆွဲ ခဲ့ကြသည်။ ကျေးဇူးတော်ကြောင့်မည်သူ တစ်ဦးတစ်ယောက်မျှ အသက်မသေခဲ့။ သူတို့နှင့်အိမ်နီးချင်း ရွာများမှာမီးရှို့ခံခဲ့ရပြီး၊ မြောက်များစွာသော ရွာသားများမှာ အသတ်ခံခဲ့ရသည်။ သို့သော် သူတို့ရွာတွင် စားစရာဘာတစ်ခုမျှ မကျန်ခဲ့ပါ၊ ဂျပန်များက အကုန်သယ်ဆောင်သွားကြလေပြီ။ ဆန်တစ်ပြည်၊ ကြက်တစ်ကောင်တောင်မှမချန်ခဲ့ပေ။ ထိုအချိန်အတွင်း ရွာထဲကိုပြန်မဝင်ရဲ။ မထင်မှတ်ဘဲ ဂျပန်များပြန်ရောက်လာတက် သောကြောင့်ဖြစ်သည်။ သစ်ဥသစ်ဖု၊ သစ်သီးဝလံများကို စုကာအစားအစာအဖြစ် ရှာဖွေစားသောက်ခဲ့ရသည်မှာ စစ်ကြီးပြီးသည့် အထိပင်ဖြစ်လေသည်။
၁၉၄၇ ခုနှစ်တွင် ဂျပန်များထွက်ခွာပြီးနောက် မြန်မာပြည်ကြီးသည် အင်္ဂလိပ်တို့လက်မှ လွတ်လပ်ရေးရခဲ့သည်။ ဖာသာရ်ခရေမိုနေဇီသည် ဒေါနိုခူသို့ ပြန်လာနိုင်ခဲ့သည်။ စစ်ဒဏ်ကြောင့် ပျက်စီးခဲ့သော အဆောက်အဦးများကို ပြန်လည် မွမ်းမံပြင်ဆင်ခဲ့သည်။ အပျက်အစီးများမှာ တစ်စချင်းပြန် ကောက်ယူရသည့် အခြေအနေထိတိုင်ဖြစ်ခဲ့သည်။ သာသနာ ပြုလုပ်ငန်းကို အစကနေ ပြန်လည်အကောင်အထည် ဖော်ခဲ့ရသည်။ ပထမအနေနဲ့ စာသင်ကျောင်းများ အမြန်ပြန်လည် တည်ဆောက်ခဲ့ရသည်။ ဘုရားစကားသင်ကြားခြင်း၊ အင်္ဂလိပ်စာသင် ပေးခြင်း၊ လူမမာများကို ဆေးကုပေးခြင်း စသည့်တမန်တော် လုပ်ငန်းများကိုတဖြည်း ဖြည်းချင်းပြန်လည် အသက်သွင်းနိုင်ခဲ့သည်။ မကြာလိုက်ပါ။ ပြဿနာအသစ်က ပေါ်လာပြန်သည်။ မြန်မာပြည်အစိုးရနှင့် ကရင်နီတိုင်း ရင်းသားလက်နက်ကိုင်တို့၏ ပဋိပက္ခများကြီး ပွားလာပြီး၊ လက်နက်ကိုင်တိုက်ပွဲများ မကြာခဏဖြစ်ပေါ်လာခဲ့သည်။ ထိုအချိန်များတွင် ဖာသာရ်ခရေမိုနေဇီသည် လက်နက်ကိုင်ဆွဲ တိုက်ပွဲဝင်ခြင်းကို အားမပေးဘဲညှိနှိုင်းအဖြေရှာခြင်းကိုသာ နှစ်သက်ခဲ့သည်။
စစ်ပွဲ၏ဒဏ် ကိုကောင်းကောင်း ခံစားခဲ့ရသူ ဖြစ်သောကြောင့်ကြိုးစားကာညှိနှိုင်းခြင်း၊ အကြမ်းမဖက်ဘဲ ပြသာနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် သူ၏သိုးစုကို တိုက်တွန်းခဲ့သည်။ အတက်နိုင် ဆုံးမြန်ပြည်အစိုးရနှင့် သော်လည်းကောင်း၊ လက်နက်ကိုင်အဖွဲများနှင့်သော်လည်းကောင်း သင့်မြတ်အောင်နေခဲ့သည်။ သို့သော်လူမျိုးရေး စိတ်အားထက်သန်သော လက်နက်ကိုင်အဖွဲ့ များအနေဖြင့် (အထူးသဖြင့် ပရိုတက်စတန်များမှ) သူ့ကိုညိုညင်ခဲ့ပြီး ဒေါနိုခူမှမောင်းထုတ်ခဲ့သည်။ အကြောင်းကား သူ့ကိုနှစ်ဖက်ချွန်အဖြစ် သံသယရှိခဲ့ကြသည်။ သို့ဖြစ်၍ တောင်ငူသို့ ပြန်သွားခဲ့ရသည်။
များမကြာမီ အချိန်တွင် ဒေါနိုခူဒေသမှာငြိမ်းချမ်းစပြုလာသည့်အတွက်၊ မိမိသာသနာပြုခဲ့သော ရွာလေးသို့ ပြန်လာခဲ့ပြန်သည်။ အခြေအနေများက အပြောင်းအလဲမြန်လှသည်။ ငြိမ်းချမ်းသောကာလက မကြာလိုက်ပါ။ ပဋိပက္ခများက အစပြုလာပြန်သည်။ လက်နက်ကိုင် တိုင်းရင်းသားများနှင့် စစ်တပ်တို့အကြား၊ မကြာခဏ ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပြီး၊ ပြဿနာကြီးထွား လာပြန်သည်။ ကျောင်းထိုင်ဘုန်း တော်ကြီးအနေဖြင့် သူ့သိုးစု၏ အခွင့်အရေးကိုကာကွယ်ပေးပြီး၊ ပြသာနာတွေ မကြီးထွားလာအောင် ညှိနှိုင်းပေးခြင်း၊ စစ်ပြေးဒုက္ခသည်များကို ကူညီပေးခြင်းကြောင့် စစ်တပ်ကပါ မျက်စိစပါး မွှေးဆူးလာသည်။ သူ့ကိုမယုံမကြည်ဖြစ်လာသည်။ မြန်မာပြည်စစ်တပ်သည် တိုက်ပွဲတစ်ခုတွင် ပြင်းထန်စွာကျဆုံးခဲ့ခြင်းကြောင့် သူပုန်နှိမ်နင်းရေးစစ်ပွဲများကို အပြင်းအထန် တိုက်စစ်ဆင်လာသည်။ ထင်မှတ်မထားသော အချိန်တွင် ဖာသာရ်ခရေမိုနေဇီနှင့်အတူ အချို့သော ရွာသားများကို သူပုန်တို့၏သူလျှိုအဖြစ်စွပ်စွဲကာခေါ် ဆောင်သွားခဲ့ကြသည်။ ဖာသာရ် ခရေမိုနေဇီမှာ မိမိတို့ ပါဝင်ပက်သက်ခြင်း မရှိကြောင်း၊ ဖမ်းဆီခံရွာသားများမှာ အပြစ်မရှိကြောင်းရှင်းပြခြင်းကို နားမဝင်ဘဲ ရုတ်တရက်ဆိုသလို သေနတ်ကိုထုတ်ကာ ရွာသူကြီးကို အရင်ပစ်လိုက်သည်။ ပြီးနောက် ဖာသာရ်ခရေမိုနေဇီ၏ ရင်ဝတည့်တည့် သို့အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြသည်။ ဖာသာရ် ခရေမိုနေဇီသည် ၁၉၅၃ ခုနှစ်၊ ဖေဖဝါရီလ(၇)ရက်နေ့တွင် သေနတ်ဒဏ်ရာများဖြင့် အသက်ပေးခဲ့ရလေသည်။
ဆောင်းပါးများ