အဲဒီနေ့ကတော့၊ သူမအတွက်လောကကြီးကနေ၊ ထွက်ခွါရတော့မယ့်နေ့လေးပေါ့။ ဖန်ဆင်းရှင် ကိုယ် တော်သိပေမယ့်၊ ဖန်ဆင်းခံတပည့်တော်တို့၊ မသိတဲ့နေ့တစ်နေ့ပေ့ါ။ (လုကာ ၁၂း ၃၉-၄၀) အဲဒီနေ့လေးဟာ၊ ရှောင်လွဲမရ ရောက်လာခဲ့ပါတော့တယ်။ ကိုယ်တော်စီမံတဲ့အတိုင်း၊ အဲဒီနေရာမှာသူရယ်၊ အပည့်တော်ဘဲရှိခဲ့ ပါတယ်။ သူကတော့၊ အားအင်ချိနဲ့စွာနဲ့၊ ပြူတင်းပေါက်ဘောင်ကိုမှီပြီး၊ ဥယျာဉ်ရှိတဲ့အပြင်ဘက်ကို၊ ရီဝေစွာနဲ့ ငေးမောရင်း၊ မတ်တပ်ရပ်နေရှာလေရဲ့။ တပည့်တော်တို့တည်းခိုနေတဲ့နေရာက၊ တီဗယ် မြစ်နှုတ်ခမ်းစပ်ပေါ်မှာ၊ တည်ထားတဲ့ သြစတီယျ မြို့လေးပါ။
အဲဒီနေရာကတိတ်ဆိတ်တယ်။ သားအမိနှစ်ယောက်၊ အေးအေးလူလူ စကားပြောလို့ရတယ်။ ရေ လမ်းခရီး ရှည်ကြီးနှင်ခဲ့ရတော့၊ ပင်ပန်းတာနဲ့၊ အနားလည်းယူရင်း ရောက်ဖြစ်နေတာပါ။ သားအမိနှစ်ယောက်ထဲ၊ စကားတွေ တစ်လှေကြီးပြောရင်း၊ မောရမှန်းမသိ ပီတိတွေနဲ့ပေ့ါ။ ပြောဖြစ်တဲ့အကြောင်း တွေထဲမှာ၊ ဟိုလွန်ခဲ့တဲ့ အတိတ်က အကြောင်းတွေမပါသလို၊ အနာဂါတ်မှာဖြစ်လာမယ့်၊ အကြောင်းအရာတွေလည်း လုံးဝမပါဘူး။ လက်ရှိ အချိန်ရဲ့အခြေအနေနဲ့၊ အမှန်တရားအကြောင်းတွေဘဲ၊ ပြောဖြစ်တာပါ။ အဲဒီအမှန်တရားတွေကတော့၊ ကိုယ် တော့်ရဲ့ဂုဏ်တော်အကြောင်း၊ သူတော်သူမြတ်တွေရဲ့ ထာဝရအသက်ဆိုတာဘယ်လိုဖြစ်မယ်၊ ဘာကိုဆိုလိုတာ၊ စတဲ့ စတဲ့ မျက်စီနဲ့မမြင်နိုင်၊ နားနဲ့မကြားနိုင်၊ လူတွေရဲ့နှလုံးသားထဲ၊ မစိမ့်ဝင်နိုင်သေးတဲ့၊ အကြောင်းအရာတွေကို၊ ဉာဏ်မှီ သလောက်ပြောဆိုဆွေးနွေးဖြစ်ခဲ့ကြပါတယ်။
အဲဒီနေ့က၊ တပည့်တော်တို့ပြောဆိုခဲ့တာတွေက၊ အစီအစဉ်တကျဖြစ်ချင်မှဖြစ်မယ်။ စကားလုံးအသုံး အနှုန်း၊ အတိအကျဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့်၊ ပြောခဲ့တဲ့အကြောင်းအရာတွေဟာ၊ ကမ္ဘာပေါ်မှာရှိတဲ့အရာတွေနဲ့ ယှဉ်ကြည့်လိုက်ရင်၊ လောကမှာရှိတဲ့အရာတွေဟာ၊ ဘာတန်ဖိုးမှ မရှိတော့သလိုပါဘဲ။ ဒါနဲ့တပည့်တော်အမေက
“သားလူလေး…. မေမေ့အနေနဲ့၊ လောကအရာ၊ ဘာကိုမှမတွယ်တာတော့ဘူးကွယ့်။ မမက် တော့ဘူး။ ဘာဖြစ်လို့များ၊ မေမေဆက်ပြီးအသက်ရှင်နေရသလဲမသိဘူး။ တကယ်တော့ မေမေ့ဘဝမှာ၊ ဘာဆို ဘာကိုမှ၊ မခုံမှင်တော့ပါဘူး။ မေမေဖြစ်ချင်တာတစ်ခုတော့ရှိခဲ့တယ်။ အဲဒီအတွက်တော့ဖြစ်နိုင်ရင်၊ အသက်နည်း နည်းလေးတော့ ရှင်ချင်ပါသေးတယ်။ အဲဒီဆန္ဒကဘာလဲဆိုတော့၊ သားလူလေး ကက်သလစ်ခရစ်ယာန်ဖြစ်လာတာ ကိုမြင်ပြီးမှဘဲ၊ ဒီလောကကြီးကထွက်ခွာချင်တယ်” လို့ပြောရှာပါတယ်။
ဆက်ပြီးတော့ …. “ခုတော့ အဲဒီဆုထူးကြီးကို၊ ဘုရားသခင်က ရက်ရက်ရောရောကြီးပေးခဲ့ပါပြီ။ မေမေ့အတွက် လောကအသက်တာရဲ့ပျော်ရွှင်မူဟာ၊ ပြီးပြည့်စုံခဲ့ပြီ။ ဘာအတွက်မေမေထပ်ပြီး အသက်ရှင်နေရ သေးတာလဲကွယ်” တဲ့။
တပည့်တော်ကို၊ အဲဒီလိုမေးခွန်းတွေထုတ်ခဲ့ပါတယ်။ မေးခွန်းတွေကို ဘယ်လိုပြန်ဖြေခဲ့သလဲဆိုတာ တော့မမှတ်မိတော့ပါဘူး။ မကြာလိုက်ပါဘူး။ လေး၊ ငါး ရက်လောက်အကြာ၊ သူနေထိုင်မကောင်းဖြစ်ပါလေရော။ ဖြစ် တာမှသတိလစ်တဲ့အထိကိုဖြစ်သွားတာ။ ဝိုင်းပြုစုတော့သတိပြန်လည်လာခဲ့ပါတယ်။ တပည့်တော်ရဲ့ ညီနဲ့ တ ပည့် တော်တို့ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး၊ မေမေ့ရဲ့ဘေးမှာ မတ်တပ်ရပ်ကြည့်နေတုန်း၊ အမေက
“ငါဘယ်ရောက်နေတာလဲ”တဲ့။ ပြီးတော့ဝမ်းနည်းနေတဲ့ တပည့်တော်တို့ညီအစ်ကိုကို “သားတို့… မေမေ့ကိုဒီမှာဘဲသင်္ဂြိုလ်ရတော့မယ်” လို့ပြောချလိုက်ပါတော့တယ်။ တပည့်တော်လည်း၊ ချက်ချင်းကြီး ဆိုတော့ စကားပြောမထွက်ဘူး။ မငိုမိအောင်ဘဲစိတ်ကိုမနည်းထိန်းနေခဲ့ရတယ်။ တပည့်တော်ညီလေးရဲ့သဘောဆိုရင် တော့၊ မေမေ့ကို ကိုယ့်မြေကိုယ့်ရေမှာဘဲ၊ မျက်ကွယ်ပြုခေါင်းချစေချင်တယ်လို့၊ တီးတိုးပြောဆိုနေသံကြားတော့၊ မေမေကတပည့်တော်ရဲ့ညီကိုအသေအချာစူးစိုက်ကြည့်လိုက်တယ်။ “ဘာဖြစ်လို့နေရာဒေသတွေကိုခုံမှင်တွယ်တာ တဲ့ လောကစိတ်တွေရှိနေသေးတာလဲ” ဆိုတဲ့သဘောပေ့ါ။ ပြီးတော့တပည့်တော်ဘက်ကိုလှည့်ပြီး
“သား …. မင်းညီ ရဲ့ပြောပုံဆိုပုံ ကိုသာကြည့်တော့” လို့ပြောလိုက်ပါတယ်။ ပြီးတော့ ”ဒီခန္ဒာ ကိုယ်ကြီးကိုတော့ရှိတဲ့နေရာမှာဘဲသင်္ဂြိုလ်လိုက်ပါ။ သယ်ဖို့ပြုဖို့တွေနဲ့ မင်းတို့ဒုက္ခခံပင်ပန်းမနေနဲ့။ တစ်ခုပဲမေမေ တောင်းဆိုချင်တယ်။ အဲဒါကတော့၊ဘယ်ဘဲရောက်ရောက်၊မစ္ဆားတရားပူဇော်တိုင်းပူဇော်တိုင်း၊ မေမေ့ကိုသတိရပြီး၊ အမျှဝေဆုတောင်းပေးဖို့မမေ့ပါနဲ့နော်” လို့တပည့်တော်တို့ကိုမှာတမ်းချွေရှာတယ်။ မေမေပြော ချင်တာ၊ မှာချင် တာတွေလည်းကြိုးစားမှာကြားပြီးရော၊ ခံစားနေရတဲ့ ဝေဒနာ၊ ပြင်းထန်မူကြောင့် လားတော့မသိဘူး၊ စကားသံ ထွက်မလာတော့ဘဲ၊ တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်ဘဲ၊ အသက်ရှူရပ်သွားခဲ့ပါတော့တယ်။
“ငါ့ကို ယုံကြည်သောသူသည်၊ သေပြီးသော်လည်း၊ အသက်ရှင်လိမ့်မည်။” (ယောဟန် ၁၁၊၂၆-၂၇)