Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၆)ပထမပိုင်း #ကောင်းသောအလေ့အထနှင့် မကောင်းသောအလေ့အထ။/ #၁။ အလေ့အထ။

တခါ တရံကျွန်ုပ်တို့သည်သတင်းစာအများ၌ မော်တော်ယဉ်တိုက် ခိုက်မှုများ၏ဝမ်းနည်းဖွယ် သတင်းများကို ဖတ်ရကြားရလေသည်။ အချို့သောကားမောင်းသူများသည် ဉာဏ်ကင်းမဲ့ခြင်း၊ အချို့မှာအရက်မူးခြင်း၊ အချို့မှာ သတိပေါ့လျော့ခြင်းတို့ကြောင့် ကံဆိုးသော ခရီးသည်များ၊ သို့မဟုတ် စက်ဘီး၊ မြင်းလှည်း စသည်တို့မှာတိုက်ခိုက် မှုခံကြရလျှက် သေခြင်း၊ ကိုယ်အင်္ဂါ ချို့ယွင်းခြင်း စသောဒုက္ခများကို နစ်နာစွာခံစားကြရကုန်သည်။ ၎င်းတို့သည် ထိုပြစ်မှုများအတွက် တရားရုံးတော်တွင် အဘယ်ကဲ့သို့ အစစ်ခံကာကွယ်ပြောဆိုကြသနည်း။ သူတို့သည် လမ်းကွေ့လမ်းကေက်များကို ယခုထက်လျှင်မြန်စွာ အကြိမ်ပေါင်းမနည်းအောင် မောင်းခဲ့ဘူးကြောင်း၊ ယခုထက် ခဲယဉ်းသောနေရာများကို အကြိမ်များစွာ မောင်းနှင်ခဲ့ကြကြောင်း၊ ထိုအခါက ဘာတစုံတခုမျှ မဖြစ်ခဲ့ကြောင်း စသည်အကြောင်းပြချက်တို့ဖြင့် ကကွယ်ပြောဆိုတတ်ကြ၏။ ယခုအချိန်တွင် အလေ့အကျင့်ကောင်းစွာရနေပါပြီ။ ဤသူများကိုထိခိုက်သေစေလိုသော ဆန္ဒမရှိပါ၊ မတော်တဆဖြစ်ရသည်ကိုဝမ်းနည်းပါသည်။ ဤကဲ့သို့ဖြစ်လလိမ့်မည်ဟုမထင်မိ၊ မိမိကိုယ်ကို ယုံကြည်လွန်းသည့် အတွက်ဖြစ်ရပါသည်။ ဤသို့ကံမကောင်းအကြောင်းမသင့်သဖြင့်ဖြစ်ရသည်ကို ဆင်ခြင်လျှောက်ထားလျှက် ဤရုံးတော်မှ သက်ညှာစွာစဉ်းစားပါမည့်အကြောင်း လျှောက်ထားကြပေမည်။ တရားသူကြီးသည် ထိုကာကွယ်နည်းကိုနှစ်သက်ကျေနပ်မည်လော။ ဤသို့အရမ်းမောင်းနှင်ခြင်းအတွက် ၎င်းတို့ကို လုံး၀သက်ညှာရန်မရှိ။ သူသည်ထိုအန္တရယ်များသောအလေ့အထကို ပြုပြင်ချုပ်တည်းရမည်ဖြစ်၏။ ဤသို့စည်းကမ်းမဲ့မောင်းနှင်သောဒရိုင်ဘာများအား ကြီးလေးသော အပြစ်ဒဏ်ပေးခြင်းဖြင့် သင်ခန်းစာ ပေးသင့်ပေသည်။

ထို့အတူအခြားသောအရာများကို လည်းဤနည်းအတိုင်းမှတ်ယူရမည်။ ဥပမာ ကျောင်းသားတယောက်သည် ဆိုင်ရာသင်္ခဏ်းစာ ဘာသာရပ်များ ကိုလေ့ကျက် သင်အံခြင်းမပြုပဲ၊ အပေါင်းအဖော်များနှင့် နေရာအနှံ့လည်ပတ် သွားလာခြင်း၊ ပျင်းရိစွာဖြင့် အချိန်များစွာကုန်လွန်စေခြင်းများကြောင့် အမိအဘများက သူ့အားသတိပေးခဲ့၏။ သို့သော်နားထောင်းခြင်းမရှိ သဖြင့်စာမေးပွဲကျရှုံးခဲ့သော် သူ၏လည်ပတ်ခြင်း၊ ပျင်းရိခြင်း အလေ့အထဆိုးများအတွက် သူ့အား ခွင့်လွှတ်ရမည်လော။

ထို့အတူ တဦးတယောက်သည် မိမိ၏ပြင်းထန်သောဒေါသကို ချုပ်ထိန်းရန် အားမထုတ်ပဲ ဒေါသ၏ အလိုလိုက်ကာ အခြားသူတပါးအား ကိုယ်ထိလက်ရောက် ကျူးလွန်ပြီးနောက်၊ ဒေါသကြီးသောအလေ့ရှိသဖြင့် ဤသို့ကျူးလွန်မိပါသည်ဟု ကြောင်းပြအခွင့်တောင်းခြင်းဖြင့် သူ၏အမှားအယွင်းအတွက် ခွှင့်လွှတ်ခြင်း မရနိုင်ခြေ။ လူတိုင်းမိမိ၏အလေ့အကျင့်များအတွက်အလွန်သတိထားရမည်။

ကိလေသာ၏အလိုကို တကြိမ်လိုက်မိလျှင်၊ နောက်တကြိမ်တောင့်တမှုသည်ထိုထက်ပြင်းထန်လာမည်။ ဤသို့အားဖြင့်၎င်းသည်ထိုအမှု ၌အကျင့်ပါ လာသည် တိုင်အောင်တကြိမ်ပြီးတကြိမ် အလျှော့ပေးအလိုလိုက်လိမ့်မည်။ အကျင့်ပါပြီးနောက်ထိုအကျင့်ကို ဖျောက်ဖျက် ပစ်နိုင်သော်လည်း၊ အလွယ်တကူနှင့်မရ။ ဒုက္ခခံခြင်း၊ ထပ်ခါထပ်ခါမဖြစ်မနေကြိုးစားခြင်းဖြင့်သာ ရနိုင်ပေသည်။ ထို့ကြောင့် အကြင်သူသည်ထကြွလာသောကိလေသာကို လက်ဦးအစကပင် တခါတည်းနှိပ်ကွပ်ထားရာ၏။ အကျင့်ပါသည်အထိ လိုက်လျောကာ လျစ်လျှူရှူမထားရာချေ။ အထူးသဖြင့်လူငယ်များသည် ဤအချက်ကို သတိကြီးစွာထားသင့်သည်။ အပင်ငယ်ကလေးတပင်ကို လက်ဖြင့် အမျှစ်ပါဆွှဲနှုတ်ပစ်ရန် လွယ်ကူသော်လည်း အပင်ကြီးတပင်ကို ထိုကဲ့သို့နုတ်ပစ်ရန် မလွယ်ကူသကဲ့သို့ ကိလေသာ များသည်လည်း ဤနည်းအတိုင်းထပ်တူပင်ဖြစ်သည်။ ကိလေသာသည်လူကလေးများ၏ နှလုံးအတွင်း၌ အမြစ်တွယ် အသက်ဝင်ခါစရှိသေးလျှင် ၎င်းကိုအမြစ်ပါမကျန် နုတ်ပယ်ရန်လွယ်ကူသေး၏။ သို့သော် နှစ်များစွာ ၎င်းအလေ့သည်စွဲကြီးပွားနေခဲ့လျှင် နုတ်ပယ်ပစ်ရန် မဖြစ်နိုင်သလောက်ခဲယဉ်းလာလေသည်။

တနေ့သ၌ဝန်ကြီးတပါးသည် ရုရှအင်ပါယာကို တည်ထောင်စိုးမိုးသော ပီတာဘုရင်ဧကရာဇ်အား ဝိညာဉ်၌အမြစ်တွယ်နေသော အလေ့အကျင့်၏ စွဲမြဲသောအစွမ်းကို ဘုရင်အားပြသလိုသဖြင့် စာရွက်တရွက်ကို ယူ၍မင်းကြီး၏ရှေ့တော်မှောက်မှာ စာရွက်ကိုလက်ဖြင့်ဖိကာ ခေါက်ရိုးကြောင်းထင်အောင် ချိုးခေါက်ပြီးနောက်၊ ၎င်းစာရွက်ကို မင်းကြီးအားဆက်သပြီးလျှင်၊ အရှင်မင်းကြီးသည် ဘုန်းကြီးသောအရှင်ဖြစ်၏၊ ဤစာရွက်မှ ခေါက်ရိုးကြောင်းကိုပျေက်အောင် ကိုယ်တော်အစွမ်းရှိသမျှပြုတော်မူပါဟု လျှောက်ထားလေသည်။ သဘာ၀အတိုင်းမင်းကြီးသည် ခေါက်ရိုးကြောင်းကိုပျောက်အောင်ပြုရန် မတတ်နိုင်။ သို့သော် လိမ္မာပါးနပ်သော ဝန်ကြီး၏ထိုသင်္ခဏ်းစာကို နားလည်သဖြင့်၊ အမှန်ဆိရလျှင် လူအများသည် ကျွန်ုပ်အားညံ့ဖျင်းသော အတတ်ပညာ အလေ့အကျင့်ကိုပေးခဲ့ကြသည်။ ကျွန်ုပ်၏အကြံပေးအရာရှိ၊ အတိုင်ပင်ခံများ သည်ကျွန်ုပ်၏ရိုင်းပြသော ပင်ကိုယ်စရိုက်ကိုဖိနှိပ်ပြုပြင် ပေးသင့်လျှက်၊ ၎င်းကိုသာမြှောက်ပင့်ကြသည်။ ယခုထိုအကြောင်း ကိုသိမြင်သဖြင့်ကျွန်ုပ်ရှက်မိပေသည်။ သို့သော်၎င်းအလေ့ဆိုးများမှာ ခိုင်မြဲစွာငြိတွယ်နေပြီဖြစ်သဖြင့် ၎င်းတို့ကို ယဉ်ပါးအောင် မတတ်နိုင်တော့ပါ။ ကျွန်ုပ်၏ကျေးတော်မျိုးများ၏အလေ့အကျင့်ကို ပြောင်းလဲအောင် ကျွန်ုပ် ပြုပြင်မည်။ ကျွန်ုပ်ကိုယ် ကျွန်ုပ်မူကားပြောင်းလဲရန် မတတ်နိုင်ပါဟု မိန့်တော်မူလေသည်။

အကျင့်အလေ့ပါခြင်းသည်ထိုမျှလောက်ပင်သန်မာစွာစွဲမြဲတတ်၏။ ၎င်းသည် လူ့ဘဝအသက်ရှင်မှု တွင် ဖျောက်ပယ် မရနိုင်လောက်သော အစွန်းအမဲကွက်ကို ဖြစ်ပေါ်စေ၏။ ထိုအကျင့်ပါမှုသည် အပင်ငယ်တစ်ပင်၏ အခေါက်၌ လူငယ်ကလေးများရေးခြစ်ထားသောပုံတခုနှင့်တူ၏။ ၎င်းပုံသည် အပင်ငယ်၏ပင်စည်အခေါက် ကြီးထွားလာသည်နှင့်အမျှ အပင်၏အစိတ်အပိုင်းတခုကဲ့သို့ ကြီးမားလာလေသည်။ သို့ဖြစ်၍ ငယ်ရွယ်စဉ်ကပင် ကောင်းသော အလေ့အထဆည်းပူးရန်နှင့် မကောင်းသော အလေ့ဆိုးကို ဖျောက်ပစ်ရန်မှာ အရေးကြီးလှ၏။

ထင်းခြောက်တချောင်းကို ဒူးပေါ်တင်၍ချိုးရန်လွယ်ကူ၏။ နှစ်ချောင်း ကိုတပြိုင်တည်းချိုးလျှင် ယခင်ကလောက် မလွယ်ကူတော့၊ ထိုထက်သုံးချောင်းဆိုလျှင် ပို၍ခက်ခဲလာမည်။ ထင်းချောင်းအရေအတွက်များလေ၊ ပို၍ခဲယဉ်းလေဖြစ်၍၊ နောက်ဆုံး၌ အားရှိသမျှညှစ်ထုတ်ခါချိုးဖဲ့သော်လည်း အချည်းနှီးသာဖြစ်ကြောင်းကိုတွေ့ရပေမည်။ လူတိုင်းလူတိုင်းတွင်နေ့စဉ်အသက်ရှင်နေသမျှသူ၏ကောင်းသော အလေ့၊ သို့မဟုတ် မကောင်းသောအလေ့သည် တနေ့တခြားကြီးထွားလျှက်ရှိ၍၊ ၎င်းအလေ့သည် ထိုသူ၏ အကျင့်စာရိတ္တ ကိုယ်ကျင့်သိက္ခာကို အကဲဖြတ်ပြောဆို နိုင်လောက်အောင်ပင်၊ ကိုယ်ကျင့်သိက္ခာ ဆောက်တည်ရေးအစွမ်းသတ္တိ ကြီးမားလှပေသည်။

 

ဆက်ရန်

ဆောင်းပါးများ