သူတော်မြတ်ကားရ်လိုအကူးတစ်အကြောင်း သိကောင်းစရာ (၁၀) ဖြာ Who is Carlo Acutis? 10 things you should know about him
ကားရ်လိုအကူးတစ်သည် အီတလီလူငယ်တစ်ဦးဖြစ်ပြီး၊ (၂၀၀၆) ခုနှစ်ကပျံလွန်သွားခဲ့သူဖြစ်သည်။ သူ့အား (၂၀၂၀၊ အောက်တိုဘာလ ၁၀) ရက်နေ့က အာစီးစီမြို့၌ သူတော်မြတ်အဖြစ်တင်မြောက်ခြင်းခံခဲ့ရသူဖြစ်သည်။ သူသည် (၂၁) ရာစု၏ ဆယ်ကျော်သက်လူငယ်များကဲ့သို့ပင် ဂိမ်းကစားခြင်း၌ ဝါသနာထုံသူဖွစ်သည်။ ကွန်ပျူတာပရိုဂရမ်များကို ရေးဆွဲသူဖြစ်သည်။ အားကစားများအနက် အီတလီလူမျိုးတို့၏ အကြိုက် ဘောလုံးကိုနှစ်ခြိုက်သူဖြစ်သည်။ သူ၏ ကိုယ်တော်မြတ်စက္ကရာမင်တူးအား ယုံကြည်မှု၊ ချစ်ကြည်ညိုမှုကြောင့် ကမ္ဘာကပင်သူ့အား သိသွားခဲ့သူလည်းဖြစ်သည်။
ဤသို့ဆိုလျှင် သူတော်မြတ်ကားရ်လိုအကူးတစ်သည် အဘယ်သူနည်း။ သင်သိချင်ပေမည်။ သင်သိချင်သည်များကိုအောက်တွင်ဖော်ပြပေးလိုက်ပါသည်။
၁။ သူ့အား (၁၉၉၁၊ မေလ ၁) ရက်နေ့တွင်မွေးဖွားခဲ့သည်။ သူသည်အီတလီလူမျိုးဖြစ်သော်လည်း ဇာတိချက်ကြွေမွေးရပ်မြေမှာ လန်ဒန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိဘများသည် လန်ဒန်၌အလုပ်လုပ်ကိုင်နေချိန်ဖြစ်သည်။ သူ၏မိ ဘနှစ်ပါးမှာ Andrea Acutis နှင့် Antonia Salzano တို့ဖြစ်ကြပြီး၊ သူ့အားမွေးဖွားပြီး လအနည်းငယ်အကြာတွင် မီလန်သို့ပြန်လည်ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။
၂။ ဆယ်ကျော်သက်အရွယ်၌ သူသည်လူကီးမီးယား အဆုတ်အအေးပတ်သည့်ရောဂါကို အသည်းအသန်ခံစားခဲ့ရသည်။ သူခံစားရသော ဝေဒနာကို ယေဇူးသခင်အတွက်နှင့် ထိုစဉ်က သာသနာကိုဦးဆောင်နေသူမှာ ရဟန်းမင်းကြီးကြီးဘေနေဒစ် (၁၆) ဖြစ်ပြီး၊ သူခံစားရသော ဝေဒနာကို ရဟန်းမင်းကြီးအတွက်နှင့် အမိကက်သလစ်သာသနာတော်ကြီးအတွက် ရည်စူး၍ မငြီးမငြူပူဇော်ခံထမ်းခဲ့သည်။
၃။ သူသည် ထိုရောဂါဖြင့်ပင် (၂၀၀၆၊ အောက်တိုဘာ ၁၂) ရက်နေ့ကပျံလွန်သွားခဲ့သည်။ သူ၏သဘောဆန္ဒအတိုင်း သူ့အား အာစီးစီမြို့၌ သဂြိုလ်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စိန့်ဖရန်စစ်အာစီးစီကို အလွန်ချစ်ကြည်ညိုသူ ဖြစ်သည်။ သူ့အား သူတော်မြတ်တစ်ပါးအဖြစ် စတင်နိုင်ရန်အတွက် သူပျံလွန်ပြီး (၈) နှစ်ခန့် အကြာတွင်စတင်ခဲ့သည်။ သူ့အားရဟန္တာတင်မြောက်နိုင်ရန် အစပျိုးသည့်အချိန်သည်အလွန်မြန်ဆန်သည်။ အဘယ်ကြောင့်ဆိုသော် သူသက်ရှိထင် ရှားရှိစဉ်ကပင် သူ၏သီလပါရမီကို လူသိများခဲ့သောကြောင့်လည်းဖြစ်သည်။ ရဟန္တာတစ်ပါးအဖြစ်တင်မြောက်နိုင်ရန်အတွက် ပထမအဆင့် "ဘုရားသခင်၏အစေခံ" (the Servant of God) အဖြစ် (၂၀၁၃) တွင်သတ်မှတ်ခံခဲ့ရသည်။ (၂၀၀၈) ခုနှစ်တွင် "ကြည်ညိုလေးစားရသူ" (Venerable) အဖြစ်ထပ်မံကြေညာခံရသည်။ ထို့နောက် (၂၀၂၀၊ အောက်တိုဘာ ၁၀) ရက်နေ့၌ သူတော်မြတ် (Blessed) အဖြစ်ကြေညာခံခဲ့ရသည်။
၄။ သူသည် ငယ်ရွယ်ချိန်မှစ၍ ဘုရားသခင်ကိုတထူးတခြားချစ်တတ်သော ကောင်းကြီးကို ခံထားရသူဖြစ်သည်။ သူ၏မိ ဘနှစ်ပါးသည် ဘာသာရေး၌လွန်စွာစိတ်အားထက်သန်သူများမဟုတ်ကြချေ။ မိခင်ဖြစ်သူ၏၀န်ခံချက်အရ သူသည်သူ့ သားကြောင့်သာ ဘုရားကျောင်းပြန်ရောက်ဖြစ်သည်မှလွဲ၍ ပထမကိုယ်တော်မြတ်ပင့်ခြင်း၊ ခရစ္စမားအားပေးခြင်းခံယူခြင်း၊ လက်ထပ်ထိမ်းမြှားခြင်းခံယူပြီးနောက် ဘုရားကျောင်းသို့မရောက်ဖြစ်တော့ကြောင်း ပြောရှာသည်။ ကားရ်လိုသည် ကလေးဘ၀ကပင် စိတ်ပုတီးစိပ်ရသည်ကိုနှစ်ခြိုက်သည်။ ပထမကိုယ်တော်မြတ်ပင့်ယူပြီးနောက်ပိုင်း ကားရ်လိုသည် နေ့ တိုင်းနီးပါး မစ္ဆားတရားသွားရောက်ပူဇော်လေ့ရှိသည်။ မစ္ဆားတရားမတိုင်ခင်နှင့် အပြီး၌လည်း ချက်ချင်းအိမ်မပြန်ဘဲ ကိုယ် တော်မြတ်ရှေ့၌ကြာမြင့်စွာ ဆုတောင်းနေတတ်သည်။ သူသည်အပတ်စဉ်အာပတ်ဖြေခြင်း စက္ကရာမင်းတူကိုခံယူလေ့ရှိသည်။ ရဟန္တာများသီတင်းသုံးခဲ့သော သန့်ရှင်းရာနေရာများ၊ ကိုယ်တော်မြတ်တန်ခိုးအာနုဘော် ပြခဲ့သည့်နေရာများဆီသို့ ဘုရားဖူးခရီးများခေါ်သွားရန် ပူဆာတတ်လေ့ရှိသည်။
၅။ ကားရ်လို၏ယုံကြည်ခြင်းကြီးမားနက်ရှိုင်းမူသည် ဘာသာရေး၌စိတ်အားထက်သန်မူမရှိသောမိခင်ကိုပင် ဘာသာရေး ၌ပြန်လည်ရှင်သန်လာစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကားရ်လိုသည် သူ၏မိဘ၊ ဆွေမျိုးသားချင်းများကို နေ့စဉ်မစ္ဆားတရားပူဇော်ကြရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ သူကိုယ်တိုင်လည်း မစ္ဆားတရားကိုကြိုးစား၍ နေ့စဉ်ပါ၀င်ပူဇော်ရင်းအခြားသူများအားလည်း ကိုယ်တော်မြတ်ကိုနေ့စဉ်ပင့်ယူကြရန်တိုက်တွန်းနှိုးဆော်ခဲ့သူဖြစ်သည်။
၆။ သူသည် ကျောင်းများ၌မတရားအနိုင်ကျင့်ခံရလေ့ရှိသော ကလေးများကို ကာကွယ်ပေးသူအဖြစ် လူသိများသည်။ အ ထူးသဖြင့် မသန်စွမ်းကလေးများကို ကာကွယ်ပေးလေ့ရှိသည်။ သူငယ်ချင်းတစ်ဦးတစ်ယောက်၏မိဘနှစ်ပါး အဆင်မပြေ ၍လမ်းခွဲသွားလျှင် အာကူးတစ်၏မိသားစု၀င်အဖြစ်လက်ခံပေးကာ မိသားစု၏နွေးထွေးမူ၊ မေတ္တာတရားကိုခံစားစေလေ့ရှိသည်။
၇။ သူသည် ကွန်ပျူတာပရိုဂရမ်များကိုရေးဆွဲသူဖြစ်သည်။ ထို့ကြောင့် ၀က်ဆိုက်များဖွင့်၍ ကိုယ်တော်မြတ်နှင့်ပတ်သက် သော တန်ခိုးအာနုဘော်အကြောင်းအရာများကို အစီအစဉ်တကျ တင်ဆက်ပေးလေ့ရှိသည်။ သူ၏စာဖတ်ပရိသတ်အား "ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်စက္ကရာမင်တူးကို မကြခဏပင့်ယူလေ၊ ယေဇူးသခင်နှင့်ပိုမိုမြန်ဆန်စွာတူလာလိမ့်မည်။ ဤသို့ဖြင့် လောက၌ရှိနေစဉ်၌ပင် ကောင်းကင်နိုင်ငံတော်၏အနှစ်သာရကိုကြိုတင်ခံစားနေရပြီ" ဟုရှင်းပြလေ့ရှိသည်။
၈။ သူသည်လည်း (၂၁) ရာစုခေတ်လူငယ်ကဲ့သို့ပင် ဒီယိုဂိမ်းဆော့ရသည်ကိုနှစ်သက်သူဖြစ်သည်။ သူအလွန်နှစ်ခြိုက် သောဂိမ်းစ်မှာ (၂၀၀၀) ခုနှစ်ကလိုင်းပေါ်တင်လိုက်သော Playstation နှင့် PS2 တို့ဖြစ်ကြသည်။ ထိုဂိမ်းစျေးကွက်၌ စတင်ရောက်ရှိလာချိန်က သူသည် အသက် (၉) နှစ်သာရှိသေးသည်။ ဂိမ်းစ်ကိုအဘယ်မျှပင်စွဲလန်းနှစ်သက်စေကာမူ ဂိမ်းစ်ကစားချိန်ကို တစ်ပတ်လျှင် (၁) နာရီသာကစားလေ့ရှိသည်။ ဤသို့သတ်မှတ်ခြင်းသည် မိဘတို့၏စည်းကမ်းချက် သတ်မှတ်၍မဟုတ်။ အပြစ်ဒဏ်ဆပ်ဖြေရန်နှင့်မိမိ၏စိတ်ကိုထိန်းချုပ်ကာ ၀ိညာဉ်ရေးအသက်တာ၌တိုးတက်မူရှိလာစေရန် ဖြစ်သည်။ ထိုထက်မက ကစားချင်သော်လည်း စိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားလေ့ရှိသည်။
၉။ မြေမြှုပ်သဂြိုလ်ထားသော သူ၏ရုပ်ကလပ်ကိုပြန်လည်တူးဖော်ရာ၌ မပုပ်မသိုး၊ မပျက်မဆီးဟုပြောဆိုခဲ့ကြသည်။ ပြန်လည်တူးဖော်ချိန်က သူ၏ရုပ်ကလပ်ရှိနေခဲ့သေးသော်လည်း မပုပ်မသိုးမပျက်မဆီးတော့မဟုတ်ပေ။ သူ၏ရုပ်ကလပ် ကိုအများပြည်သူများကြည်ညိုဖူးတွေ့နိုင်ရန်အတွက် ဖန်အခေါင်းထဲ၌ထည့်ထားပေးမည်ဖြစ်သည်။ သူသည် ဂျင်း ဘောင်းဘီ၀တ်ထားပြီး၊ ‘Nikes’ ရူးဖနပ်ကိုစီးထားသည်။ ဤ၀တ်စားဆင်ရင်မူသည် သူသက်ရှိစဉ်ကသဘောကျသော ပေါ့ပါးသည့် ၀တ်စားဆင်ယင်မူပင်ဖြစ်သည်။
၁၀။ သူ၏ဓာတ်တော်မွေတော်အဖြစ် သတ်မှတ်နိုင်သော သူ၏နှလုံးသည် ဓာတ်တော်သိမ်းဆည်းသော ပခြုပ်ထဲ၌ထည့်၍ အာစီးစီမြို့ရှိ စိန့်ဖရန်စစ်၏ ဘာစီးလီကာဘုရားကျောင်း၌ ထားရှိဖူးမြှော်စေမည်။ မိခင်ဖြစ်သူက သူပျံလွန်ချိန်က မိသားစု အနေဖြင့် သူ၏ကိုယ်အဂ်ါများကိုလှူဒါန်ချင်ခဲ့သည်။ သို့သော် လူကီးမီးယာရောဂါကြောင့် အလှူခံဌာနကလက်မခခံခဲ့ သောကြောင့်သာ မြေမြှုပ်သဂြိုလ်ဖြစ်လိုက်ခြင်းဖြစ်ကြောင်းရှင်းပြရှာသည်။
ဖာသာရ်ကလေးမင်းအာတယ်
Photo Crd