
လူ့ဘဝအသက်ရှင်မှုသည် တိုက်ပွဲတခုဖြစ်သည် အားလျော်စွာ လူတိုင်းပင် အပြင်ရန်သူနှင့် အတွင်းရန်သူဟူ၍ ရန်သူများရှိကြ၏။ အပြင်ရန်သူများကားဥပမာအားဖြင့်ပြောရသော် မကောင်းသောအပေါင်းအဘော်များ၊ သေရည်သေရက်များ၊ မကောင်းသောကပွဲ၊ ရုပ်ရှင်ပွဲများ၊ မလျောက်ပတ်သောစာအုပ်စာတမ်း၊ ဝတ္ထုမဂ္ဂဇင်းများနှင့် အရုပ်ကား စသည်များဖြစ်ကြသည်။
အတွင်းရန်သူများကား လူ၏အာရုံခံစားမှုများနှင့် ကိလေသာများဖြစ်ကြသည်။ ဤရန်သူများသည်လူကို ဖန်ဆင်းခံရခြင်း၏ ရည်ရွယ်ချက်မှကင်းကွာစိမ့်သောငှါ၊ မြတ်စွာဘုရားသခင်ချမှတ်ထားတော်မူသော အစီအစဉ် တိမ်းပါးချွတ်ချော်စေရအောင် အားထုတ်ကြကုန်သည်။ တနည်းအားဖြင့်၎င်းတို့သည် လူတို့အားအပြစ်ဒုစရိုက်ကို ကျူးလွန်စေရန် သွေးဆောင်ကြသည်။ ဘေးအန္တရာယ်အကြီးဆုံးသော လူ၏ရန်သူကား သွားလေရာတွင် အမြဲကပ်ပါနေသော ကိလေသာများပင်ဖြစ်သည်။ ၎င်းကိလေသာများကို အောင်မြင်ရန် လူသည်၎င်းတို့အကြောင်းကောင်းစွာ သိရှိရန်လိုသည်။ အကြင်သူသည် ရန်သူ၏ခြေမှုန်းခြင်းကြောင့် အစဉ်ထာဝရလုံးဝပျက်စီးသွားရခြင်းမှာ မိမိ၏ရန်သူကို အချိန်မှီ မသိရှိသောကြောင့်ဖြစ်သည်။ ထိုသူသည် အဘယ်သို့ဖြစ်ပျက်နေကြောင်း မသိရှိသေးမှီ ကိလေသာများ၏ အမဲ(သား)ကောင်အဖြစ်ကျရောက်သွားရလေသည်။ ကျွန်ုပ်တို့၏ကိလေသာများသည် ရိုင်းပြခက်ထန်လှသော မြင်းရိုင်း၊ မြင်းကြမ်းများနှင့်တူကြ၏။ မြင်းရိုင်းများသည်ကောင်းစွာ မယဉ်ပါးသေးမှီ၊ ဇက်ကြိုးတန်ဆာပလာများ မတပ်ဆင်ရသေးမှီ ခက်ထန်ကာ အန္တရာယ် ပြုတတ်ကြသော်လည်း ယဉ်ပါးအောင်လေ့ကျင့်ပြီးနောက် ဇက်ကြိုးများတပ်ဆင်ပြီးသောအခါ စီးနင်းရန် အဘိုးတန် အသုံးဝင်လာလေသည်။ သို့သော် ၎င်းတို့ကို လွတ်ထားခဲ့လျှင် လူကို များစွာဒုက္ခပေးလေသည်။
ရှေးအထက်ကျော်အခါက မက်ဆီဒိုးနီးယားပြည့်ရှင် ဖိလစ်ဘုရင်ထံသို့ အလွန်ကောင်းမွန်ချောမောသော မြင်းတစီးကို ယူဆောင်ပြသကြ၏။ ဘုရင်သည် ထိုမြင်းကို မြင်လျှင် အလွန်နှစ်သက်သဖြင့် ဝယ်ယူလိုသော်လည်း မည်သည့်သူရဲကောင်း တဦးမျှ ထိုမြင်းကြီးကို စီးနင်းရန် မတတ်နိုင် ကြသဖြင့် လက်လျှော့လျက် မြင်းရှင်ထံ ပြန်၍အပ်ရလေသည်။ ထိုအခိုက်တွင် ဘုရင်၏သားတော် အလက်ဇန္ဒား မင်းသားလေးက ဤမျှချောမော သောမြင်းကြီးကို ဝယ်ယူရန် လက်လျော့လိုက်ရသည်မှာ အဘယ်မျှဝမ်းနည်းဘွယ်ကောင်းလေသနည်းဟုဆိုရာ၊ ခမည်းတော်ဘုရင်ကြီးက ၎င်းသည် ရိုင်းစိုင်းလွန်းသဖြင့် စီးနင်းရန် မဖြစ်နိုင်ကြောင်း ပြောပြလေသည်။ ထိုအခါမင်းသားလေးက ကျွန်တော်ထိုမြင်းကို စီးနိုင်လိမ့်မည် ထင်ပါသည်ဟု အခွင့်တောင်းသဖြင့် ခမည်းတော်သည် သားတော်မင်းသားကလေးအား မြင်းကြီးကို စမ်းသပ်စီးနင်းကြည့်ရန် ခွင့်ပြုလိုက်လေသည်။ မင်းသားသည် မြင်းကြီး အနီးသို့ ချည်းကပ်၍ ဇက်ကြိုးကို ဆွဲကိုင်ပြီးလျှင် ဦးခေါင်းကို နေဘက်သို့လှည့်လိုက်လေသည်။ အကြောင်းမှာမြင်းကြီးသည် သူ၏အရိပ်ကို ထိတ်လန့်လျှက် အစီးမခံကြောင်းသူတွေ့မြင်ထားသောကြောင့်ဖြစ်သည်။ ထို့နောက်သူသည် မြင်းပေါ်သို့ ကျင်လည်စွာခုန်တက်လိုက်ရာ မြင်းကြီးသည်လျင်မြန်သောအဟုန်ဖြင့် ဟိုမှသည်မှ ပြေးလွှားလျက်ရှိသော်လည်း မင်းသားသည် ဇက်ကြိုးကို မြဲမြံစွာဆုပ်ကိုင်နိုင်သဖြင့် နောက်ဆုံးတွင်အောင်မြင်၍ ခမည်းတော်ထံ ၎င်းမြင်းကြီးကို ဆုအဖြစ် ပေးသနားခြင်းခံရလေသည်။
ဤမင်းသား၏စွမ်းဆောင်မှုမှာ ချီးကျူးဘွယ်ဖြစ်သော်လည်း မိမိ၏ကိလေသာအရိုင်းကို ယဉ်ပါးအောင်ပြုနိုင်သောသူ၏ အောင်မြင်မှုနှင့်နှိုင်းစာလျှင် ဘာမှအရာမထင်ချေ။ ထိုအောင်မြင်မှုကို ရရန် လူငယ်သည် ပဌမဦး ကိလေသာများ၏သဘာဝနှင့် ၎င်းတို့ကို အကျိုးရှိစွာ ထိန်းချုပ်နိုင်သော နည်းလမ်းများကို ကောင်းစွာသိထားရမည်။ ထို့နောက်သူသည်မျက်စေ့များကို မြတ်စွာဘုရား၏ ပညတ်တော်များတည်းဟူသော နေဘက်သို့လှည့်လျက် ကိုယ်တော်၏ ကူညီစောင်မခြင်းကို တောင်းခံရမည်။
ဆက်ရန်..