
အကယ်၍ လူ၌ အသိဉာဏ်၊ စိတ်ပြဌါန်းချက်အစရှိသော နာမ်တရား၏ အခြင်းအရာ ဂုဏ်သတ္တိများဆိုင်ရာ အပြုအမူများကို တွေ့ရှိရလျှင် ထိုနာမ်တရား၏ ပြုမူခြင်းကို စိုးမိုးနေသောအရာအမှန်ရှိရမည်။ ရုပ်ဝတ္ထုဖြစ်သောခန္ဓာသည် နာမ်တရား၏လှုပ်ရှားမှုကို ဖန်တီးမပေးနိုင်။ ထို့ကြောင့်လူ၌ ရုပ်ခန္ဓာအပြင် နာမ်တရားလည်းတည်ရှိသည်၊ ၎င်းမှာဝိညာဉ်ဖြစ်သည်။
လူ၏ဝိညာဉ်သည် ခန္ဓာနှင့် အာရုံများအား ရုပ်ဝတ္ထုများကို ထိတွေ့ခံစားနိုင်ရန် အသုံးပြုသော်လည်း ဝိညာဉ်တည်နေရန်အတွက် ခန္ဓာနှင့်အာရုံခံစားမှုများ လုံးဝမလိုပေ။ အကြောင်းမှာ ၎င်းသည် ရုပ်ဝတ္ထု၏ စိုးမိုးခြင်းမှ လုံးဝကင်းသောကြောင့်ဖြစ်သည်။ ခန္ဓာသည် တဖြည်းဖြည်းရင့်ရော်အိုမင်းလျှက် အားနည်းဆုတ်ယုတ်စေသောအင်္ဂါ အစိတ်အပိုင်း အမျိုးမျိုးတို့၏ အစုအပေါင်းဖြစ်သောကြောင့် သေခြင်းသို့ရောက်ရ၏။ လူ့ဝိညာဉ်ကားမသေနိုင်။ အကြောင်းမှာဝိညာဉ်သည် အစိတ်အပိုင်းများစုပေါင်းထား ခြင်းမဟုတ်။ ၎င်းသည်ခေတ်ကာလပြောင်းလဲမှုနှင့် တည်ရာဌါနတို့၏ဖန်တီးမှုကို ခံယူရန် တာဝန်လည်းမရှိ။ သို့ဖြစ်၍ လူ၏ဝိညာဉ်မှာ နာမ်တရားဖြစ်သည့် အားလျော်စွာ နာမ်တရား၏သဘာဝနှင့်အညီ အစဉ်တည်ရှိခြင်းမှ ပျက်ပြုန်းလျှက် သေပျောက်ခြင်းမဖြစ်နိုင်။ ဘုရားသခင်သာလျှင် အနန္တတန်ခိုးတော်ရှင်ဖြစ်သောကြောင့် ဝိညာဉ်ကို ဖျက်စီး နိုင်တော်မူသည်။ သို့ရာတွင်ထိုသို့ ပြုရန်မှာလည်း ကိုယ်တော်၏ အတိုင်းမဲ့ဉာဏ်နှင့် ဆန့်ကျင်တော်မူသည်ဖြစ်သောကြောင့် ကိုယ်တော်သည် ဘယ်သောအခါမျှ ထိုသို့ပြုမည်မဟုတ်ချေ။ လူတိုင်းလူတိုင်း၌ ရုပ်ဝတ္ထုနှင့်ကင်းသော မသေနိုင်သည့်ဝိညာဉ်ရှိခြင်းကြောင့် ဘုရားသခင်ကို အစဉ်ထာဝရ ဖူးမျှော်ခြင်းတည်းဟူသော အကြီးဆုံးချမ်းသာသုခနှင့် ဘုရားသခင်နှင့်အစဉ်ထာဝရကင်းကွာ၍ ငရဲ၌ ဒုက္ခခံရခြင်းတည်းဟူသော အကြီးဆုံးဆင်းရဲခြင်းကို စံစားခံစားနိုင်ကြလေသည်။ သို့ဖြစ်၍ လူ့ဘဝအသက်ရှင်မှုသည် အသုံးမကျသောအရာမဟုတ်၊ ပျော်ပွဲလည်းမဟုတ်၊ ၎င်းသည်ကြီးကျယ်သောတာဝန် များဖြင့် ပြည့်ဝ သည့်မွန်မြတ်သောဆုကျေးဇူးတခုဖြစ်၍ အစဉ်ထာဝရအောင်မြင်ခြင်းနှင့်ဖြစ်စေ၊ အစဉ်ထာဝရ ဆုံးရှုံးခြင်းနှင့်ဖြစ်စေ အဆုံးသတ်လိမ့်မည်။
လူတွင်ချို့ယွင်းခြင်းများရှိသော်လည်း အံ့ဘွယ်ကောင်းသော ကိုယ်ခန္ဓာနှင့် ဆင်ခြင်တုံတရား၊ စိတ်ပြဌါန်းချက်၊ မသေနိုင်သောဝိညာဉ်စသည့် အဘိုးမဖြတ်နိုင်သော ဘဏ္ဍာများကို ပိုင်ဆိုင်လေသည်။ ထိုသို့ဖြစ်လျှင်လူတိုင်းမှာ ထိုဘဏ္ဍာများကို သူတပါးခိုးယူဖျက်ဆီးခြင်း မခံရလေအောင်၊ သတိပေါ့လျော့ခြင်းကြောင့်ပြုန်းတီးခြင်း မရှိရလေအောင်၊ စောင့်ထိန်းရန်နှင့် ဤဘဏ္ဍာများကို ကောင်းစွာ အသုံးပြုခြင်းဖြင့် ဖန်ဆင်းသောအရှင်၏ အလိုတော်ကို လိုက်နာသောလူတဦးဖြစ်လာအောင် ကြိုးစားရန်ဝတ္တရားရှိ၏။
တနေ့သ၌ ဒွန်ဘောစကိုသည် ဒေါ်မေနိကို ဆာဗီယိုနှင့် အတန်ကြာစကားပြောပြီးသော် ဒွန်ဘောစကိုက “သင်သည် အဝတ်စကောင်းတခုဖြစ်ပေသည်”ဟုဆိုလျှင် ဒေါ်မေနိကို ဆာဗီယိုက “ဤအဝတ်စသည် အဘယ်အသုံးဝင်မည်နည်း”ဟု မေးလျှောက်ရာ ဒွန်ဘောစကိုက “ဘုရားသခင်အတွက် ဝတ်စုံတော်ချုပ်ရန် အသုံးဝင်ပါသည်”ဟု ဖြေဆိုလေသည်။ ထိုအခါ ဒေါ်မေနိကို ဆာဗီယိုက “မှန်ပါ၊ တပည့်တော်သည်အဝတ်စကောင်းဖြစ်၍ ကိုယ်တော်သည် အပ်ချုပ်သမားကောင်းတဦးဖြစ်ပါသည်။ ဤအဝတ်စကို ဘုရားသခင်အတွက် ဝတ်စုံကောင်းတထည် ဖြစ်အောင်ချုပ်လုပ်ပေးပါ”ဟု လျှောက်ထားလေသည်။
ဤလူကလေးသည် ဒွန်ဘောစကိုပြောဆိုသွန်သင်သမျှ ကောင်းစွာနာခံလျက် တနေ့ထက်တနေ့ကောင်းမွန်တိုးတက်အောင် ကြိုးစားလုပ်ကိုင်ရာ နောက်ဆုံး၌ အံ့ဩဘွယ်အောင်မြင်လေသည်။ လူငယ်များစွာ၌ ကောင်းသောအရည်အချင်း အချို့ရှိကြရာ၊ ၎င်းတို့သည်ထိုအရည်အသွေးကို သွန်သင် ပြုပြင်မည့် သူများလက်သို့ အပ်၍ကောင်းစွာလေ့ကျင့်ကြပါလျှင် တနေ့တွင် ဒေါ်မေနိကို ဆာဗီယိုကဲ့သို့သော လူကောင်းကလေးများဖြစ်လာနိုင်ဘွယ်ရှိလေသည်။
ဥပဒေသကထာ
(၁) မိမိကိုယ်ကို မိမိ မသိခြင်းသည် အပြစ်ဒုစရိုက်ဟူသမျှ၏ အကြောင်းရင်းဖြစ်သည်။
(၂) ဥစ္စာဟူသည်မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး။
(၃) မရှိခြင်းထက်၊ မသိခြင်းခက်။
(၄) ကိုယ်ခန္ဓာကို ဝန်ထုပ်ဝန်ပိုးတခု သယ်ဆောင်ရခြင်းမျိုး မဟုတ်ဘဲ၊ တောင်ပံတစ်ကဲ့သို့လည်းကောင်း၊ ယဉ်တခုကဲ့သို့ အသုံးပြုနိုင်သူတို့သည် မင်္ဂလာရှိကြ၏။
(၅) လူသည်ဆင်ခြင်စဉ်းစားတတ်သောကြိမ်နွယ်နှင့်တူ၏။ ကြိမ်နွယ်ကဲ့သို့လေတချက်တိုးရုံမျှနှင့် ကျိုးနိုင်၏။ ဆင်ခြင်စဉ်းစားတတ်သောသတ္တဝါကဲ့သို့ ဤလောက၌ မည်သည့်ခွန်အားစွမ်းပကားမျှ ၎င်းကို ချိုးဖျက်ရန်မတတ်နိုင်ကြ။
(၆) စကြာဝဠာကြီးတွင် လူ့ဝိညာဉ်ထက် ကြီးမြတ်သောအရာမရှိ။
(၇) သံကိုသံဖျက် သံချေးတက်၏။
(၈) အကျဉ်းထောင်ထဲ၌လည်း စိတ်ကူးကြံစည်ခြင်းကား လွတ်လပ်သည်ဖြစ်၏။
(၉) ခန္ဓာသည် ဝိညာဉ်လက်အောက်တွင်ရှိ၍၊ ဝိညာဉ်သည် မြတ်စွာဘုရားသခင်၏ လက်အောက်မှာရှိလျှင် လူသည်ဟုတ်မှန်သော ငြိမ်းချမ်းမှုနှင့် လွတ်လပ်ခြင်းကို စံစားရလိမ့်မည်။
(၁၀) လူ၏ရှေ့တွင် အသက်ရှင်ခြင်းနှင့်သေခြင်း၊ သုစရိုက်နှင့် ဒုစရိုက်သည်ရှိ၏။ သူနှစ်သက်ရာကို ပေးသနားခြင်းခံရလိမ့်မည်။
#မေးခွန်းများ။
၁။ ဒယ်လ်ဖူးအရပ်ရှိ ဂရိတ်တရားဇရပ်မျက်နှာစာတွင် အဘယ်စာတန်းရေးထိုးထားသနည်း။ အဘယ့်ကြောင့် ကိုယ်ကိုအကြောင်းသိရှိရန်သည် ထိုမျှလောက် အရေးကြီးသနည်း။
၂။ ပိုးမွှားတိရစ္ဆာန်ကလေးများသည်ပင်လျှင် လူထက်ခွန်အားတွင်သာလွန်ကြောင်းရှင်းပြပါ။ လူကို တိရစ္ဆာန်နှင့် ရုပ် လောကထက် သာလွန်ကြီးမြတ်အောင် အဘယ်အရာက ပြုလုပ်ပေးသနည်း။ ကျွန်ုပ်တို့သည် ခန္ဓာကြီးကို လေး မြတ်ခြင်းရှိရမည်လော။ အဘယ်ကြောင့်နည်း။
၃။ ဤလောက၌ အမှန်တည်ရှိသည့် အုပ်စုလေးစုကားအဘယ်အရာများနည်း။ လူ့ဝိညာဉ်သည်တိရစ္ဆာန်ဝိညာဉ်မှ အဘယ်သို့ကွဲပြားခြားနားသနည်း။
၄။ ဆင်ခြင်တုံတရား၏ အသုံးဝင်ခြင်းကားအဘယ်အရာနည်း။ သင်မှတ်သားသင့်သောနိဂုံးချုပ်များကို ဘော်ပြပါ။
၅။ လူ၏လွတ်လပ်မှုဆိုသည် အဘယ်နည်း။ ဤအချက်မှပေါ်ပေါက်လာသော နိဂုံးချုပ်များကို အကျဉ်းဘော်ပြပါ။
၆။ သင့်မှာ ရုပ်ဝတ္ထုမှကင်းသည့်မသေနိုင်သော နာမ်ဝိညာဉ်ရှိကြောင်း အထောက်အထားအချို့ပြပါ။ လူတိုင်းလူတိုင်းမိမိ၏ ဂုဏ်သတ္တိများကို အဘယ်သို့ အသုံးပြုရမည်နည်း။
#အခန်း(၄) ပြီးပါပြီ။