
အသိဉာဏ်သည်အရာဝတ္ထု၏အခြေအနေကို သိမြင်သောအခါ လူ၌ ထိုအရာဝတ္ထုကို တိမ်းညွတ်ခြင်း၊ သို့မဟုတ် ဆန့်ကျင်ခြင်းဖြစ်ပေါ်လာတတ်သည်။ ဤသို့အရာတခု၌ တောင့်တခြင်း သို့မဟုတ် မတောင့်တခြင်းနှင့် ၎င်းကို အဘယ်ပုံပြုရမည်ဟု ဆုံးဖြတ်ခြင်းကို ဖြစ်ပေါ်လာစေသော တန်ခိုးသတ္တိကို စိတ်ပြဌါန်းချက်ဟုခေါ်သည်။ စိတ်ပြဌါန်းခြင်း၏ ရည်ရွယ်ချက်သည် မှန်ကန်ကောင်းမွန်သည့်အရာကို ရှာဖွေရန်နှင့် မကောင်းသောအရာကို ရှောင်ကြဉ်ရန်ဖြစ်သည်။
စိတ်ပြဌါန်းချက်သည် ထိုအမှုကို ပဌမ၊ အုပ်ထိန်းတွေးတောြခင်း ဒုတိယ၊ ချုပ်ထိန်း တောင့်တခြင်း တတိယ၊ ခန္ဓာကိုယ်ကို တန်ခိုးသတ္တိကို ထိန်းသိမ်းခြင်းတို့ဖြင့် ပြုမူရန်ဆုံးဖြတ်လိမ့်မည်။ စိတ်ပြဌါန်းချက်၏ အဓိကဂုဏ်သတ္တိသည် လွတ်လပ်ခြင်းဖြစ်သည်။ ဤလွတ်လပ်မှုနှင့်လူသည် သူ၏စိတ်ပြဌါန်းချက်ကို အပြင်ပ၏လွမ်းမိုးခြင်းမှကင်းလျက် သူ့သဘောအတိုင်းဆုံးဖြတ်လေသည်။ ၎င်းမှာစိတ်ပါခြင်းမပါခြင်း၊ လုပ်ရန်သို့မဟုတ် မလုပ်ရန်၊ ဤအရာသို့မဟုတ်အခြားတခုကို ရွေးခြယ်ခြင်း စသည့်အခြင်းအရာသတ္တိဖြစ်သည်။ လူသည်မိမိပြုသောအမှု၌ တာဝန်ရှိသူဖြစ်သည်။ ၎င်းသည် စဉ်းစားဉာဏ်ကို မသုံးဘဲ အပြင်ပ၏စီမံအုပ်ချုပ်မှုကို စက်ရုပ်ကဲ့သို့ လုံးဝခံယူသူမဟုတ်။ ထို့ကြောင့် ကောင်းမှုသို့မဟုတ် မကောင်းမှုများသည် လွတ်လပ်ခြင်းကို အလိုရှိ၍ ဤလွတ်လပ်ခြင်းကို အသုံးပြုကြောင်းကိုလည်း ဘော်ပြပေသည်။ ဤလွတ်လပ်ခြင်းမရှိခဲ့လျှင် ကောင်းမှုပါရမီနှင့် မကောင်းမှုဒုစရိုက်များသည် ဖြစ်ပေါ်လာရန်အကြောင်းမရှိပေ။ အကြောင်းမှာလူ၏ စိတ်ပြဌါန်းချက်ကို လွမ်းမိုးသော၊ လူ၏လုံးဝစိတ်ပါဝင်စား ဆုံးဖြတ်ခြင်းမရှိသော အပြုအမူတိုင်းကို ကုသိုလ်သို့မဟုတ် အကုသိုလ်ဟူ၍ အမည်တပ် ပညတ်ခြင်းငှါ မတတ်နိုင်ချေ။
ထို့ကြောင့်ကောင်းမှုကုသိုလ်နှင့် မကောင်းမှုအကုသိုလ်ပြုခြင်းသည် ပြုသူသာလျှင် အဓိကဖြစ်သည်။ သို့ဖြစ်၍လူသည် မကောင်းမှုကို ပြုလုပ်ရန်လည်း လွတ်လပ်မှုရှိလေသည်။ ၎င်းသည် ကုသိုလ်သို့မဟုတ် အကုသိုလ်ကို ပြုရာ၌ လွတ်လပ်စွာ သူ့အလို အတိုင်းဆုံးဖြတ်နိုင်ကြောင်းကို ဘုရားသခင်သိမြင်တော်မူသည် ဖြစ်သောကြောင့် ကိုယ်တော်သည် သူတို့အားကောင်းမှုကို ပြုရန်အမိန့်ပေး၍ မကောင်းမှုကို မပြုရန်တားမြစ်တော်မူသည်။
#နိဂုံးချုပ်။
(က) ကြီးလေးသောအပြစ်သည် လုံးဝလွတ်လပ်ခြင်းဖြင့် ပြုကျင့်ခြင်းသာဖြစ်သည်။ သို့ဖြစ်၍ ထိုအပြစ်ကျူးလွန်သူသည် ထိုအပြစ်အတွက်လုံးဝတာဝန်ရှိလေသည်။ လူသည်မကောင်းမှုကိုပြုရန် အပြင်အပ၏ ဆုံးဖြတ်ခြင်းကို တင်ကူးခံယူသူမဟုတ်။ အပြစ်ဒုစရိုက်ပြုခြင်းသည် မကောင်းမှုမှန်းသိမြင်လျက်နှင့်ပင် လွတ်လွတ်လပ်လပ် ရွေးခြယ်ပြုကျင့်ခြင်းသာဖြစ်သည်။ သို့ဖြစ်၍ စိတ်ဖေါက်ပြန်သူမဟုတ်သော လူကောင်းတဦးတယောက်သည် အပြစ်ဒုစရိုက်ကို ကျူးလွန်ခဲ့လျှင် သူ၏အပြစ်သာဖြစ်သည်။ အကြောင်းမှာသူသည် ထိုပြစ်မှုကို ကျူးလွန်ရန်စိတ်ပြဌါန်းချက် ရှိသောကြောင့်တည်း။ သို့ဖြစ်၍တောင်းလျှောက်သူတို့အား အစဉ်အမြဲ ပေးသနားတော်မူလေ့ရှိသော မြတ်စွာဘုရားသခင်၏ကူညီ စောင်မခြင်းအားဖြင့် ကြီးလေးသောပြစ်မှုကို အမြဲရှောင်ကြဉ်နိုင်ရန် ဖြစ်နိုင်လေသည်။ အရာဝတ္ထုများ၊ အပင်များ၊ တိရစ္ဆာန်များတို့မှာ ၎င်းတို့၏လှုပ်ရှားမှုကို ရုပ်တရားနှင့် ခန္ဓာကိုယ်ဆိုင်ရာ သဘာဝဥပဒေများကို စီမံအုပ်ထိန်းနိုင်လေသည်။ သို့ဖြစ်၍လူကို တိရစ္ဆာန်ကဲ့သို့ယဉ်ပါးအောင် ပြု၍မရ၊ ၎င်းကို အသိပညာများ သင်ပေးနိုင်လေသည်။ ၎င်းအသိဉာဏ်သည် ခန္ဓာကိုယ်၏ ကိလေသာများ လှုပ်ရှားမှုကို သူ့အလိုအတိုင်း နှိပ်ကွပ်ချုပ်ထိန်းထားစေနိုင်ရန် လူ၏လွတ်လပ်သောစိတ်ပြဌါန်းချက်ကို ကူညီပေးလေသည်။
(ခ) လွတ်လပ်ခြင်းသည်မြတ်စွာဘုရားသခင်၏ ဆုကျေးဇူးတော်ဖြစ်၍၊ ၎င်းဆုကျေးဇူးကို ကြီးမြတ်သော ရည်ရွယ်ချက်ဖြင့် ပေးသနားတော်မူခြင်းဖြစ်သည်။ ဘုရားသခင်သည်လူအား ဘုရားအလိုတော်ကို လွတ်လပ်စွာလိုက်နာခြင်းအားဖြင့် ကောင်းမှုများကို တနေ့တခြားများပြားစေလျှက် ထာဝရချမ်းသာကို ခံစားကြစေရန် အလိုတော်ရှိလေသည်။ သို့ဖြစ်လျှင်ဤ လွတ်လပ်ခြင်းကို ပေးခြင်း၏ ရည်ရွယ်ချက်ကားအဘယ်နည်း။ နာခံခြင်းကို လည်းကောင်း၊ စည်းကမ်းဥပဒေကိုလည်းကောင်း။ ဖောက်ဖျက်ရန် ဖြစ်သလော၊ မဟုတ်၊ အခြားထမ်းပိုးတခုအတွက် ပေးအပ်သောလွတ်လပ်ခြင်းဖြစ်၏။ ၎င်းထမ်းပိုးမှာ လူ၏တိုးတက်မှုအတွက် ကြီးမားသောအတားအဆီးတခုဖြစ်သည့် ယတ်ညံ့မှုကိလေသာ တည်းဟူသောထမ်းပိုးဖြစ်၏။
(ဂ) ဤလောက၌လူ၏ဘဝသည် တိုက်ပွဲတခုနှင့်တူ၏။ ဤတိုက်ပွဲတွင် တဘက်က အကောင်းအဆိုးကို သိမြင်စွမ်းသော အသိတရားအသံနှင့် မြတ်စွာဘုရားသခင်၏ ဥပဒေများဖြစ်၍ အခြားတဘက်က ပတ်ဝန်းကျင်မှ၎င်း၊ မကောင်းသော အပေါင်းအဖော်များ၊ မကောင်းသောစာအုပ်များမှ၎င်း ဖြစ်ပေါ်လာသော ဒုစရိုက်မှုပြုရန်အတွက် အနှောင့်အယှက်သွေးဆောင်မှုများ၊ ယုတ်နိမ့်သော ကိလေသာ ခံစားလိုသော ဆန္ဒများဖြစ်လေသည်။ ခိုင်မာသော စိတ်ပြဌါန်းချက် ရှိသူသာလျှင် ဤအရာများကို တွန်းလှန်ကာ အောင်ပွဲခံနိုင်ပေမည်။ ဤအရာများကို တွန်းလှန်မည်ဟု စွဲမြဲသောပြဌါန်းချက်ရှိလျှင် ထိုသူသည် ၎င်းတို့ကို အောင်မြင်လိမ့်မည်။ သို့မဟုတ်ဘဲ၊ ၎င်းတို့ကို တွန်းလှန်မည့်အစား ဆွဲဆောင်ရာကို လိုက်ပါခဲ့လျှင် ထိုသူသည် မိမိကိုယ်ကို ဆုံးရှုံးစေလိမ့်မည်။
ဤကြီးမားသော တိုက်ပွဲတွင် လူ၏အကြီးဆုံးသော မဟာမိတ်မှာ ခိုင်မာသောစိတ်ပြဌါန်းချက်ဖြစ်၏။ စိတ်ပြဌါန်းချက်သည် လုံ့လဝိရိယ မှတ်သားဉာဏ်၊ စိတ်ကူးကြံဆခြင်းများကို စည်းကမ်းသတ်မှတ်ချုပ်ကိုင်နိုင်ပေသည်။ စိတ်ပြဌါန်းချက်သည် ထိုဂုဏ်သတ္တိများကို စိုးပိုင်သည်နှင့်တပြိုင်နက် ဝိညာဉ်ကို သာ၍မြင့်သော ရည်ရွယ်ချက်သို့ ရောက်စေအံ့သောငှါ ဝိညာဉ်၏ အစေကို ခံယူလိမ့်မည်။ အမျက်ဒေါသထွက်ခြင်း၊ မာနထောင်လွှားခြင်း၊ စသောအပြစ်ဒုစရိုက်များစွာတို့၏ အကြောင်းရင်းကား မကောင်းမှုအလိုဆန္ဒကြောင့် မဟုတ်။ သို့ရာတွင် ယုတ်ညံ့သော ကိလေသာ ခံစားလိုမှုကို ခွန်အားသတ္တိဖြင့် မအုပ်စီးနိုင်သော စိတ်ပြဌါန်းချက်၏ အားနည်းမှုကြောင့်ဖြစ်သည်။
သို့ဖြစ်၍ လူငယ်တိုင်း ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလနှင့် ပြည့်ဝစေရန်ဆောင်ရွက်နေသော နှစ်ကာလများတွင် ၎င်းတို့၏ပြည့်စုံသော လုပ်ငန်းရပ်၌ စိတ်ပြဌါန်းချက်ကို လေ့လာသင်ကြားမှုသည် နံပါတ် (၁) ပြုအပ်သော အမှုဖြစ်သည်။ မကောင်းမှု ကိလေသာများကို ခြိုးခြံချုပ်တည်းရန်၎င်း၊ ဝိညာဉ်၏ကောင်းသောအခြင်းအရာ ဂုဏ်သတ္တိများကို တိုးတက်လာစေရန်၎င်း၊ ဤခွန်အားသတ္တိ၌ ခိုင်မာသော စိတ်ပြဌါန်းချက်သည် လိုအပ်ပေသည်။
(ဃ) လူသည်ကောင်းသောပါရမီသို့ ပို့ဆောင်သော လမ်းတွင်တွေ့ရှိရမည့် အခက်အခဲများကို ကြောက်ရွံ့ထိတ်လန့်ရန်မဟုတ်။ ဘဝအသက်ရှင်မှုသည် တိုက်ပွဲတခုဖြစ်၍ ရဲရင့်ခြင်းဖြင့်တွန်းလှန်တိုက် ခိုက်ရမည်။ စိတ်ပြဌါန်းချက်သည် ခိုင်မာခြင်းမရှိသော် ၎င်းကို ဂရုမပြုဘဲပစ်ထားရန်မဟုတ်။ ထိုကဲ့သို့ပြုလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ အခက်အခဲများနှင့်တွေ့ကြုံလာတိုင်း ခိုင်မာသောအလေ့အထကို အစဉ်တစိုက်လေ့ကျင့်ပေးရမည်။ ဤနည်းဖြင့် စိတ်ပြဌါန်းချက်သည် တဖြည်းဖြည်းခိုင်မာလာပေမည်။ ရောဂါဝေဒနာနှိပ်စက်ခြင်းနှင့် ကာယ၏ အားနည်းခြင်းများကို အလျော့မပေး အညံ့မခံသင့်။ ကာယ၏ သဘာဝအားနည်းမှုကို အလျော့မပေးဘဲ၊ တွန်းလှန်ပြုပြင်ခြင်းအားဖြင့် ခိုင်မာသောစိတ်ပြဌါန်းချက်ရရှိ၍ ကြီးကျယ်သောလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်သွားကြသော ပုဂ္ဂိုလ်ကျော်ကြီးများကို အတုယူသင့်ကြပေသည်။