
ဘုရားသခင်သည်လူတို့အား အပြစ်ဒဏ်စီရင်ရန်အတွက်မဟုတ်၊ သုခချမ်းသာကိုပေးရန် ဖန်ဆင်းထားတော်မူသည် ဖြစ်သောကြောင့်၊ ထိုသုခချမ်းသာကို အမှန်စံစားစေနိုင်သည့် ကိုယ်တော်ချမှတ်ထားတော်မူသော အစီအစဉ်ကို ကျွန်ုပ်တို့လိုက်နာကြရန် အမှန်အလိုတော်ရှိပါသည်။ သုခချမ်းသာ မဆုံးရှုံးစေအံ့သောငှါ လူသည် အပြစ်ဒုစရိုက်မည်သည် ဤဘဝမှာနှင့် အထူးသဖြင့် နောက်ဘဝမှာ အပြစ်ဒဏ်စီရင်ခြင်းခံရမည့်အကြောင်း ကောင်းမွန်ရှင်းလင်းစွာသိနားလည်စေရန်လည်း ကိုယ်တော်၌ဆန္ဒတော်ရှိလေသည်။ အပြစ်ဒုစရိုက်ကို သုံးမျိုးသုံးနည်းအားဖြင့် ဒဏ်စီရင်ချမှတ်တော်မူသည်။ ၎င်းတို့ကို အောက်၌ရှင်းလင်းဘော်ပြအပ်ပေသည်။
( က ) လူသည်ဘုရားသခင်ထံတော်သို့သွားရောက်ရန် ဖန်ဆင်းတော်မူခြင်းခံရသည်ဖြစ်သောကြောင့် ဘုရားသခင်၏တရားတည်းဟူသောလမ်းကို လိုက်ရမည်။ ထိုလမ်းမှသွေဖီခဲ့လျှင် ပဌမဦး သူ့ကိုယ်သူ အပြစ်ဒဏ်စီရင်လိမ့်မည်။ အပြစ်ကျူးလွန်သူ၏ ဩတ္တပ္ပစိတ်သည် အသားကို ကိုက်စားသောသံကောင်ကဲ့သို့ သူ့အား သံဝေဂဒုက္ခကို ဖြစ်ပေါ်စေ၍ ငြိမ်းချမ်းခြင်းကို ဖျက်ဆီးလိမ့်မည်။
အောက်ပါပုံပြင်ကလေးသည် ဒိန်းမတ်ပြည်မှ ဒဏ္ဍာရီကလေး တခုဖြစ်သည်။ လွန်လေပြီးသော အခါက မင်းသားတပါးသည် ခမည်းတော်ကို လုပ်ကြံပြီးလျှင် ထီးနန်းကို သိမ်းပိုက်လျက်မင်းပြု၏။ သို့သော်ပျော်မွေ့ခြင်းမရှိ၊ ပူဆွေးဝမ်းနည်းလျက်သာရှိ၏။ တည၌စားသောက်ပွဲကြီးကျင်းပလျက်ရှိစဉ် မီးတိုင်အားလုံးကို ငြိမ်းလိုက်ပါဟူသော ကြောက်မက်ဘွယ်အသံတသံကို ရုတ်တရက်ကြားလိုက်ရ၏။ နန်းတွင်းသူ နန်းတွင်းသားအပေါင်းတို့သည် အလွန်တရာကြောက်လန့်လျက် အမိန့်အတိုင်းမီးတိုင်များကို ငြိမ်းလိုက်ရာ မီးလုံးကဲ့သို့တောက်ပနီရဲသော မျက်လုံးကြီးများဖြင့် ကြောက်မက်ဘွယ်အရုပ်ဆိုးသော သတ္တဝါကြီးတခုသည် လက်နှစ်ဘက်ဖြင့် တစုံတယောက်အား ကုတ်ခြစ်ဖမ်းစားမည့်ဟန်ပြုလျက် အခန်းတွင်းသို့ဝင်လာကာ ဘုရင့်ထံသို့ ချဉ်းကပ်သွားလေသည်။ ဘုရင်သည်ကြောက်လန့်ခြင်းကြီးစွာဖြင့် သားရဲကောင်ကြီး ကျွန်ုပ်ကို ဖမ်းစားတော့မည်ဟု အော်ဟစ်ကာ၊ “သင်ဘယ်သူလဲ၊ ဘယ်သူလဲ”ဟု မေးမြန်းလေသည်။ သားရဲကောင်ကြီးသည်မည်သို့မျှအဖြေမပေး၊ ဘုရင့်ထံသို့သာ ဦးတည်လျက်လာရာ အလွန်နီးကပ်သောအခါ ဘုရင်သည်အလွန်ကြောက်အားကြီးလျက်၊ “ရပ်…..ရပ်…..သင့်နာမည် ဘယ်သူလဲ၊ ပြော…. ပြော”ဟု ထပ်တလဲလဲ မေးမြန်း၏။ သို့သော်သတ္တဝါကြီးကားမပြော ရှေ့သို့သာတိုးမြဲတိုးလာလေလျှင်၊ ဘုရင်က “ဪကျွန်ုပ် သိပြီ ၊ သင်သည်ကျွန်ုပ်ခမည်းတော်၏ ဝိညာဉ်ပင်ဖြစ်သည်” ဟုဆိုလေသည်။ ထိုအခါသားရဲကောင်ကြီးက၊ “မဟုတ်ဘူး၊ ကျွန်ုပ်သည် သင်လုပ်ကြံသတ်ဖြတ်လိုက်သော သင်၏ ခမည်းတော်မဟုတ်၊ သင့်ခမည်းတော်ကားသင့်ကို ခွင့်လွှတ်လိမ့်မည်။ ကျွန်ုပ်မူကားသင့်ကို ဘယ်တော့မျှ ခွင့်လွှတ်လိမ့်မည်မဟုတ်။ ကျွန်ုပ်သည် ကိုယ့်အပြစ်ကို သတိရနေသော ပူပန်ညှဉ်ဆဲခြင်းဖြစ်သည်”ဟု ခက်ထန်စွာ ပြောဆိုကွယ်ပျောက်သွားလေသည်။
( ခ ) အခြားတမျိုးကားတဦးချင်းခံရသော အပြစ်ဒဏ်မဟုတ်၊ အသင်းအဖွဲ့လိုက်ခံရသော အပြစ်ဒဏ်မျိုးဖြစ်၏။ ကျွန်ုပ်တို့အပြုအမူသည် တဦးအပေါ်၌သာ သက်ရောက်စေသည်မဟုတ်။ ပတ်ဝန်းကျင်ရှိလူများအပေါ်၌လည်း သက်ရောက်စေ၏။ ဥပမာ အကြင်သူသည် ကောင်းမှုပါရမီကို တစတစ ကြိုးစားသည်ဖြစ်အံ့၊ သူနှင့်နီးစပ်သူတို့လည်း အတုယူကာကောင်းမှု၌ ကြိုးစားလာစေနိုင်၏။ ထိုသို့မဟုတ်မြတ်စွာဘုရားသခင်၏ တရားတော်ကိုဆန့်ကျင်အံ့၊ သူ၏အပြုအမူသည် စတင်လောင်ကျွမ်းသော မီးပွါးကဲ့သို့ အခြားနီးစပ်သူများထံသို့ ကူးစက်ပြန့်နှံ့စေ၏။
ထို့ကြောင့်မိမိပြုသောအမူသည် မိမိတဦးတည်းအတွက်သာ တာဝန်ရှိသည်မဟုတ်၊ ထိုအမှု၏ ဂရက်ရိုက်ခတ်ခြင်းအတွက်လည်း တာဝန်ရှိ၏။ ၎င်းဂရက်ရိုက်ခတ်မှုသည် အနီးပတ်ဝန်းကျင်ရှိ သူများအား မကြာခဏ ခံစားရစေ၏။
(ဂ) မြတ်စွာဘုရားသခင်သည် ကုသိုလ်၊ အကုသိုလ်အတွက် ဆုလာဘ်နှင့် အပြစ်ဒဏ်ကို ဤလောက၌သာမဟုတ် နောက်ဘဝ၌လည်း ပေးတော်မူမည်။ ဤလောက၌ကျရောက်ခံစားကြရသော စစ်မက်ဘေးများ၊ ငတ်မွတ်ခြင်းများ၊ ဒုက္ခဆင်းရဲမှု၊ အနာရောဂါထူပြောမှုများတို့၏ လက်ဦးအကြောင်းရင်းကား အပြစ်ဒုစရိုက်ဖြစ်၏။ နောက်ဘဝဒဏ်တို့တွင် ကြောက်မက်ဘွယ်အကောင်းဆုံးကား ဘုရားသခင်နှင့် အစဉ်ထာဝရကင်းဝေးရခြင်းဖြစ်၏။ ဤဒဏ်သည် အပြစ်ကျူးလွန်သူအား အမြဲတစေ ဖိစီးနှိပ်စက်လျက်ရှိမည်၊ ၎င်းပြင် ဒုစရိုက် ငရဲသားသည် သူ၏ကျူးလွန်မှုအလိုက် အခြားသောဒဏ်ကိုလည်း အပေါင်းတည်း ခံစားရဦးအံ့။
ဩတ္တပ္ပစိတ်၏ သတိပေးနိုးဆော်သံကို အမြဲနားထောင်လိုက်နာလျှက်၊ မြတ်စွာဘုရား၏ အလိုတော်နှင့်အညီဖြစ်ရန်နှင့် ကိုယ်တော်ကို ချစ်ခင်ရန်တသက်ပတ်လုံး ဒုက္ခဆင်းရဲမှု၊ နစ်နာမှုများကို တတ်နိုင်သမျှခံထမ်းခဲ့သောသူများမှာ နောက်ဘဝ၌ စံစားမကုန်နိုင်သော ထာဝရသုခချမ်းသာကို ချထားပေးသနားခြင်းခံရလတ္တံ့။ ထိုမျှမက ၎င်းတို့သည် လောက၌ရှိစဉ်ကလည်း အတွင်းစိတ်၌ ငြိမ်သက်အေးမြခြင်းနှင့် လွတ်လပ်ခြင်းများကို ခံစားကြရ၏။
#ဥပဒေသကထာ
၁။ မြတ်စွာဘုရား၏ ပညတ်တော်ကို ချိုးဖောက်ခြင်းသည် တူရိယာတမျိုးဖြစ်သော တယော၌ ကြိုးတချောင်းဖြတ်လိုက်သကဲ့သို့ လူ၏ကိုယ်ကျင့်သိက္ခာကို အနည်းနှင့်အများ အန္တရာယ်ဖြစ်စေ၏။
၂။ သင်တို့သည်စားခြင်း၊ သောက်ခြင်း၊ လုပ်ကိုင်ခြင်းစသည့်မည်သည်ကို မဆို ပြုလုပ်သည့်အခါ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းရန်အတွက် ရည်ရွယ်ပြုလုပ်ကြပါ။
၃။ များစွာသောအမှုတို့သည် ကောင်းမှုဖြစ်ဟန်ရှိသော်လည်း အမှန်စင်စစ် ကောင်းမှုမဟုတ်၊ အကြောင်းမှာ ထိုအမှုသည် ကောင်းသောရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းမဟုတ်သောကြောင့်ဖြစ်၏။
၄။ မြတ်စွာဘုရားသခင်သည် ဤလောကတည်းဟူသော လူ့ဘဝခရီးစဉ်၌ အမှောင်ထုကို လင်းစေရန် ကျွန်ုပ်တို့ကို ပေးသော မီးအိမ်ကြီးမှာ ဩတ္တပ္ပစိတ်ဖြစ်၏။
၅။ ကိုယ်ကျင့်သိက္ခာနှင့် ပြည့်ဝသူတဦးဖြစ်ရန် တိကျသော ဩတ္တပ္ပစိတ်၏ ညွန်ကြားခြင်းခံရသော စိတ်ပြဌါန်းချက်ရှိရန် လိုအပ်ပေသည်။
၆။ အိုးမလုံ၊ အုံပွင့်။
၇။ ငါးခုံးမတကောင်ကြောင့်တလှေလုံးပုပ်သည်။
၈။ မြတ်စွာဘုရားသခင်သည် ထာဝရအရှင်ဖြစ်၍၊ လေးလေးဆေးဆေးရှိတော်မူ၏။ ကိုယ်တော်သည် ထာဝရဒဏ်ခတ်တော်မူမည့်သူတို့အား ထိုဒဏ်ကို အလျင်တလို ခတ်တော်မူမည် မဟုတ်။
#မေးခွန်းများ။
၁။ ပါမောက္ခသည် တပည့်များအား အဘယ်မေးခွန်းကို မေးသနည်း။ မည်သည်တို့သည် မှားသောအဖြေများဖြစ်ကြသနည်း။ အဘယ်ကြောင့်၎င်းအဖြေများမှားယွင်းရသနည်း။ အဘယ်အဖြေသည် မှန်သောအဖြေဖြစ်သနည်း။
၂။ ကျွန်ုပ်တို့သည် အမှုတစုံတခုကို ပြုသည့်အခါ စိတ်ပြဌါန်းချက်ရှိရန် အရေးကြီးသလော၊ အဘယ့်ကြောင့်နည်း။ လိမ္မော်သီး ဥပမာနှင့် ရှင်းပြပါ။ အဘယ့်ကြောင့် ကောင်းသောစိတ်ပြဌါန်းချက်ကို မကြာမကြာ ထားရှိခြင်းသည် အကျိုးရှိပါသနည်း။
၃။ ဩတ္တပ္ပစိတ်ဆိုသည် အဘယ်ကို ဆိုလိုသနည်း၊ ဩတ္တပ္ပစိတ်နှင့် စပ်လျဉ်း၍ မှတ်သားသင့်သော အချက်သုံးချက်ကို ဘော်ပြပါ။ မီးရထားစီး ခရီးသည်များ၏အသက်ကို ကယ်ဆယ်သော လိပ်ပြာကလေး၏ပုံဝတ္ထုကို ရေး၍၊ ၎င်းပုံဝတ္ထုသည် သင့်အားအဘယ်အရာကို သင်ပြကြောင်းကိုပါထည့်သွင်းပြုပါ။
၄။ အပြစ်ဒဏ်ကားအဘယ်အရာနည်း။ သံဝေဂဆိုသည် အဘယ်နည်း။ ပြုရမည့်အမှု၏ ဥပဒေများကို လိုက်နာသူတို့သည် အဘယ်သို့သော ဆုလာဘ်ကို ရရှိကြသနည်း။
#အခန်း(၃) ပြီးပါြပီ။