Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၃)ဒုတိယပိုင်း ကျွန်ုပ်တို့ပြုရမည့်အမှုများ၏ဥပဒေ။ #၂။ ကောင်းမှု။

မြတ်စွာဘုရားသခင်သည် သတ္တဝါများကို အလွန်ချစ်ခင်သောကြောင့်၊ သတ္တဝါများအနက် အထူးသဖြင့် လူကိုဂရုမစိုက်ပဲမနေနိုင်။ လူအားပျော်မွေ့ခြင်းချမ်းသာအစစ်ကို စံစားစေရန် အလိုတော်ရှိပါသည်။ သို့ဖြစ်၍ ကိုယ်တော်သည် လူတို့အားချစ်ခင်တော်မူသည့်အားလျော်စွာ၊ ဆင်ခြင်တုံတရားကဘော်ပြသည့်အတိုင်း ကိုယ်တော်သတ်မှတ် ချပေးတော်မူသော ဥပဒေကို လိုက်နာကြရန်အလိုတော်ရှိပါသည်။ ကိုယ်တော်သည်လူတို့ကိုချစ်ခင်တော်မူသောကြောင့် လူများလိုက်နာရန် ပညတ်တော်များကို ချမှတ်ပေးသနားတော်မူခြင်းဖြစ်သည်။ အကယ်၍သာကိုယ်တော်သည် လူတို့အားပညတ်တော်များကို ကျူးလွန်ရန်ခွင့်ပြုခဲ့ပါလျှင် လူတို့အားချစ်ရာမရောက်နိုင်။ အကြောင်းမှာ ကိုယ်တော်သည် လူတို့ကို ပျက်စီးခြင်းသို့ရောက်အောင် ခွင့်ပြုထားတော်မူသောကြောင့်ဖြစ်သည်။မြတ်စွာဘုရားသခင်၏ ချစ်ခင်ခြင်းသည် ဖန်ဆင်းထားတော်မူသော သတ္တဝါ များအားကောင်းခြင်းကို အလိုတော်ရှိစေလေသည်။ လူတို့အားပျော်မွေ့ခြင်းချမ်းသာသုခကို စံစားစေလိုသောကိုယ်တော်၏ ဆန္ဒတော်ကို လူတို့လိုက်နာရန်လည်း အလိုတော်ရှိပါသည်။ သို့ဖြစ်၍ အကျဉ်းချုပ်အားဖြင့် လူ၏အပြုအမူများသည် ဟုတ်မှန်သော ဆင်ခြင်တုံတရားနှင့် လျော်ညီ၍၊ ဖန်ဆင်းထားတော်မူခြင်းအစီအစဉ်ကို လေးစားသောအခါနှင့် ကိုယ်တော်၏အလိုတော်ကို လိုက်နာသောအခါ ကောင်းမှုများဖြစ်ကြ၏။

သို့သော်အပြုအမူသည် ကောင်းမှုဖြစ်ရန်အတွက် ပြုမူခြင်း၏ အချက်အခြာသည် ဖြောင့်မတ်သောဆင်ခြင်တုံတရားနှင့် လျော်ညီရုံမျှဖြင့် မလုံလောက်သေး။ ထိုအမှုကို ကောင်းသောစိတ်ထားဖြင့် လုပ်ကိုင်ရန်လည်း လိုအပ်သေးသည်။ ဤအချက်ကို ဥပမာဖြင့် ရှင်းလင်းဦးအံ့။ လိမ္မော်သီးတလုံးကိုစားခြင်းအမှုသည် ကောင်းမှုလည်းမဟုတ်၊ မကောင်းမှုလည်းမမည်။ အကယ်၍တဦးတယောက်သည် ထိုလိမ္မော်သီးကိုပေးသောသူ ကြေနပ်နှစ်သိမ့်စေရန်အတွက်စားခြင်းဖြစ်လျှင်၊ ထိုအမှုသည် ကောင်းမှုဖြစ်သည်။ အကယ်၍ ထိုသူသည် လိမ္မော်သီးကို မကြိုက်ဘဲလျက်၊ သူတပါးကိုနာခံရန် သို့မဟုတ် မိမိကိုယ်ကို နိုင်နင်းရန်အတွက် စားခြင်းဖြစ်လျှင် သာ၍ကောင်းသောအမှုဖြစ်သည်။ စားသူသည် သွားနာနေလျက် လူနာစားစေလိုသဖြင့်၊ သွားနာကိုအောင့်အီးသည်းခံကာ စားခြင်းဖြစ်သော် ထိုအမှုသည်ကောင်းမှုဖြစ်ရုံမက ထူမြတ်သူများ၏အပြုအမူတရပ်လည်းဖြစ်ပေသည်။ အကယ်၍အခြားတယောက်သည် လိမ္မော်သီးကို ကြိုက်နှစ်သက်သဖြင့် တလုံးသာမကတဒါဇင်ခန့် စားပစ်လျှင် ထိုသူ၏စားခြင်းမှာ ချို့ယွင်းမှုတရပ်သာဖြစ်သည်။ အကယ်၍ လိမ္မော်သီးမှာ လူနာအတွက် ဖြစ်ရုံမက လူနာမှာလိမ္မော်သီးမှတပါး အခြားအားဖြစ်ဘွယ် အစာတစုံတခုမျှမရှိမှန်း သိလျက် ယူ၍စားခဲ့လျှင် သာ၍အပြစ်လေးပေသည်။ ၎င်းသူသည် လူနာအားမထီလေးစားပြုကာ အလျင်အမြန်သေစေလိုသောဆန္ဒဖြင့် စားသောက်ခဲ့လျှင်၊ ထိုအမှုသည် အဆိုးသွမ်းဆုံးဖြစ်သည်။အကောင်းနှင့်အဆိုးကို လွတ်လပ်စွာရွေးခြယ်နိုင်ခွင့်နှင့် ကျွန်ုပ်တို့ပိုင်ဆိုင်သော စိတ်ရည်ရွယ်ပြဌါန်းနိုင်သည့်အစွမ်းသည် ကျွန်ုပ်တို့အပြုအမူများကို ကောင်းမှုသို့မဟုတ် မကောင်းမှုဟု ခွဲခြားပေးသောအရာဖြစ်သည်။ ကျွန်ုပ်တို့သည် အကောင်းသို့မဟုတ် အဆိုးဖြစ်နိုင်သည် အကြောင်းမှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပြုသမျှ၏ တာဝန်ခံအရှင်များဖြစ်ကြသည်။ မြတ်စွာဘုရားသခင်သည် လူများအား ကိုယ်တော်ကို သူတို့စိတ်အလိုအတိုင်း လွတ်လပ်စွာချစ်ရန် အလိုရှိသောကြောင့်၊ လူကို ဖန်ဆင်းစဉ်က လွတ်လပ်သော စိတ်ပြဌါန်းနိုင်ခွင့်ကို ပေးသနားတော်မူသည်။

#အမှုတခုသည်ကောင်းမှုဖြစ်ရန် ထိုအမှုသည် ကောင်းခြင်း၏အကျိုးအလို့ငှါ ပြုခြင်းဖြစ်စေရမည်။

ဥပမာ၊ ဆင်းရဲသားများအား အစားအစာ ဝေငှပေးကမ်းရုံမျှနှင့် ထိုအမှုသည် ကောင်းမှုဖြစ်ရန် မလုံလောက်သေး။ ထိုပေးကမ်းခြင်းသည် ကောင်းသော ရည်ရွယ်ချက်ဖြင့် ပေးခြင်းလည်း ဖြစ်ရမည်။ အကယ်၍ တစုံတယောက်သည် အခြားသူတဦးအားအပြစ်မကင်းသောအမှုတစုံတခု၌ အကူအညီပြုသည်ဖြစ်အံ့၊ ထိုသူ၏ကူညီခြင်းမှာ အပြုအမူအလိုအားဖြင့် ကောင်းသည်မှန်သော်လည်း၊ ထိုအမှု၏ ရည်ရွယ်ချက် မကောင်းခြင်းကြောင့် မကောင်းမှုသာဖြစ်သည်။လူသည်ရုပ်နှင့်နာမ်နှစ်ခုပေါင်းစပ်နေသည်ဖြစ်သောကြောင့် နာမ်တရားသည် ရုပ်တရားကို စိုးမိုးအုပ်ချုပ်နိုင်စေရမည်။

လူတို့သည် လှုပ်ရှားနိုင်သောစက်ရုပ်များကဲ့သို့မဟုတ်၊ နေ့စဉ်ပြုလုပ်နေသော အရာများ၊ ဆုတောင်းမေတ္တာ ပြုခြင်းများစသည့် ရုပ်တရား၏လုပ်ငန်းများကို သတိမမူဘဲ၊ ရည်ရွယ်ချက်ကင်းမဲ့စွာဖြင့်မပြုရ။ ၎င်းတို့ကို မကြာခဏ ကောင်းသောရည်ရွယ်ပြဌါန်းချက်ဖြင့်လုပ်ကိုင်၍၊ မကြာခဏမကောင်းသော ရည်ရွယ်မှုများကို ပယ်ဖျောက်ရမည်။ ဥပမာ ရန်ကုန်မှ စစ်တွေသို့ ခုတ်မောင်းသော သင်္ဘောကို လိုရာသို့ဦးတည်သွားစေရန် တခါမျှပဲ့ကိုင်ပေးရုံနှင့် ရမည်မဟုတ်၊ မာလိန်မှုးသည် သင်္ဘောသားသုံး အိမ်မြောင်၏ အကူအညီဖြင့် ရေစီးကြောင်းနှင့်လေတိုက်ခတ်မှုကြောင့် တိမ်းစောင်းသွားခြင်းများကိုလည်း မကြာမကြာ ဂရုစိုက်ပြုပြင်ပေးရန်လည်း လိုပေသည်။

ထိုနည်းအတူ ကျွန်ုပ်တို့၏ အပြုအမူများကို တနေ့တခါသို့မဟုတ် တသက်လုံး တခါမျှလောက်သာ ကောင်းသောရည်ရွယ်ပြဌါန်းချက်ကို ရှေ့ရှုပေးရုံမျှနှင့် မလုံလောက်သေး၊ မကြာခဏကောင်းသော ရည်ရွယ်ပြဌါန်းချက်များ ထပ်မံပြုကာ၊ လမ်းတိမ်းစောင်းလျက် မကောင်းသောရည်ရွယ်ပြဌါန်းချက်သို့ မရောက်စေရအောင်လည်း သတိနှင့် ပြင်ဆင်ပေးရန် လိုအပ်၏။

၃။ ဩတ္တပ္ပစိတ်။

အထက်ပါအကြောင်းအရာများကို ထောက်ရှုလျှင် လူသည်ကောင်းမှုကို ပြု၍ မကောင်းမှုကို ရှောင်ကြဉ်ရန်အတွက် ကိုယ်ကျင့်တရားနှင့်ဆိုင်သောတာဝန်ရှိကြောင်း ထင်ရှားလေသည်။ လူသည် အကောင်းနှင့်အဆိုးကို မိမိစိတ်အလိုအတိုင်း ရွေးခြယ်ရန် လွတ်လပ်ခွင့်ရှိသည်မှာ မှန်ပါ၏။ သို့ရာတွင် လူ၏ဆင်ခြင်တုံတရားပင်ကိုယ်ကပင်၊ ကောင်းမှုဆိုသည်မှာ ပြုလုပ်ရမည့်အရာဖြစ်သည်။ မကောင်းမှုမှာ ရှောင်ကြဉ်ရမည့် အရာဖြစ်သည်ကို ထင်ရှားစွာဘော်ပြပေးလေသည်။ ဆိုလိုရင်းမှာ ကောင်းမှုကို လေ့လာကျင့်သုံး၍ မကောင်းမှုကို ရှောင်ကြဉ်ရန် ဝတ္တရားရှိကြောင်း လူ၏ဆင်ခြင်တုံတရားက ရှင်းလင်းစွာ ဘော်ပြသည်ဟူ၍ ဖြစ်၏။

ဤအရာသည်ကောင်းမှု၊ ထိုအရာကားမကောင်းမှုဟူ၍ ခွဲဆုံးဖြတ်လျက်၊ ပဌမအမှုကို ပြုရန် ဒုတိယအမှုကိုရှောင်ကြဉ်ရန် ဝတ္တရားရှိကြောင်းအမိန့်ပေးသော ဤဆင်ခြင်တုံတရား၏ အသံကိုဩတ္တပ္ပစိတ်၏ အသံဟုခေါ်လေသည်။ ဤအသံသည်လူအားတရားလမ်းမှန်ကို ကျင့်သုံးသောအခါ ကြေနပ်နှစ်သိမ့်မှုကို ဖြစ်စေ၍ အမှားအယွင်းကိုပြုသောအခါ စိတ်မသာယာမှုနှင့် အပြစ်သင့်ကြောင်းသိမြင်မှုကို ခံစားရစေသည်။ ဩတ္တပ္ပစိတ်သည် လူတို့အား ကောင်းသောအမှုကို လုပ်ခြင်းအားဖြင့် ဘုရားသခင်၏ဆုတော်ကို ရမည့်အကြောင်း၊ မကောင်းမှုကိုလုပ်ခြင်းဖြင့် မကြာမှီအတွင်း၊ သို့မဟုတ်နောက်ဘဝ၌ အပြစ်ဒဏ်စီရင်ခြင်းခံရမည့်အကြောင်း ပြောကြားလေသည်။ 

မည်သည့်အမှုမျိုကိုမဆို မပြုလုပ်မှီ၌ ဩတ္တပ္ပစိတ်သည် ထိုအမှုကိုလုပ်ရန် သဘောတူကြောင်းကို ဖြစ်စေ၊ သို့မဟုတ် ထိုအမှုကို ဆန့်ကျင်ရန်ဖြစ်စေ တခုခုကိုဘော်ပြလိမ့်မည်။ အမှုတစုံတခုပြုလုပ်ပြီးသည့်အခါ၌ ဩတ္တပ္ပစိတ်၏ အသံကို လိုက်နာလုပ်ကိုင်ခြင်း၊ သို့မဟုတ် မလိုက်နာငြင်းပယ်ခြင်းအလိုက် ပြုသူ၌ ငြိမ်သက်ခြင်း သို့မဟုတ် လှုပ်ရှားပူပန်ခြင်းသည် ဖြစ်ပေါ်လာလိမ့်မည်။

မြတ်စွာဘုရားသခင်၏ တရားသည် ကျွန်ုပ်တို့အပြုအမူများနှင့် ကွာလှမ်းနေသည့်ဥပဒေဖြစ်သကဲ့သို့ ဩတ္တပ္ပစိတ်မှာမူ ကျွန်ုပ်တို့အပြုအမူများနှင့် နီးကပ်ဆက်စပ်နေသောဥပဒေများဟု ဆိုရမည်။ အကြောင်းမှာ ၎င်းသည် မြတ်စွာဘုရားသခင်၏ ဥပဒေကို ကျွန်ုပ်တို့ အပြုအမူ တခုစီတခုစီအတွက် ထပ်ဆင့်တင်ပြထားသောကြောင့်ဖြစ်သည်။ လူတို့အားလိုက်နာရန် ပညတ်တော်ကို ပေးသနားတော်မူသော မြတ်စွာဘုရားသခင်သည် လူ၏အတွင်းစိတ်သန္တာန်၌ ဤပညတ်တော်၏ အသိဉာဏ်ကို ခတ်နှိပ်ထားတော်မူလေသည်။ ကျွန်ုပ်တို့၏ ဆင်ခြင်တုံတရားသည် ပညတ်တော်များကို စာအုပ်တွင်ရေးမှတ်ထားသကဲ့သို့ ဘော်ပြ၍၊ အလိုဆန္ဒကို နည်းပြဆရာကဲ့သို့ သင်ပြလျက် ပညတ်တော်များကို လက်တွေ့ လိုက်နာ ကျင့်သုံးရန် အမိန့်ပေးလျှက်ရှိသည်။

ဥပမာ၊ ကျွန်ုပ်သည်ငွေအပြည့်ရှိသော သင်၏ငွေအိတ်ကိုမြင်လျှင် လိုချင်ဆန္ဒဖြစ်ပေါ်သဖြင့်၊ သင်မသိအောင်ရယူရန်နည်းလမ်းကို ကြံဆလျက်ရှိသည်။ သို့ရာတွင် ချက်ချင်းပင် ကျွန်ုပ်၏ဩတ္တပ္ပစိတ်က ကျွန်ုပ်အား “သင့်ကို အခြားသူတပါးကပြုလျှင် သင်မကြိုက်နှစ်သက်မည့်အမှုကို သင်ကလည်း အခြားသူတပါးကို မပြုရ။ သင်သည် ထိုငွေအိတ်ကို ခိုးယူလျှင် မတရားမှုကို ပြုခြင်းဖြစ်၍၊ သင့်ကို အခြားသူတပါးက ပြုလျှင် သင်မနှစ်သက်မည့် အမှုကို ပြုလုပ်သည်ပင်ဖြစ်၏ ထို့ကြောင့်ငွေအိတ်ကို သူ့အရှင်ထံထားခဲ့ပါ“ ဟုအမိန့်ပေးပြောဆိုနေသည်။ ဤအချက်မှာဩတ္တပ္ပစိတ်က လက်တွေ့အမိန့်ပေးခြင်းနှင့် ထိုသို့ဆင်ခြင်ခြင်းအားဖြင့် မြတ်စွာဘုရားသခင်၏ ပညတ်တော်ကို အပြုအမူတစုံတခုအတွက် သီးခြား တင်ပြလိုက်ခြင်းဖြစ်လေသည်။

၎င်းပြင် အမှုတစုံတခုကို ပြုလုပ်နေစဉ် မိမိပြုသောအမှုသည် ကောင်းမှုဖြစ်သည်ဟူ၍၎င်း သို့မဟုတ် ကောင်းမှုလည်းမမည် မကောင်းမှုဟူ၍လည်းမဆိုနိုင်ဟု အထင်အမှတ်ဖြင့် ပြုလုပ်ခြင်းဖြစ်လျှင်၊ ထိုအမှုသည် မကောင်းမှုဖြစ်နိုင်ငြားသော်လည်း ၎င်းအမှုသည် ကောင်းမှုလည်းမဖြစ် မကောင်းမှုလည်းမဖြစ်ကြောင်း သတိပြုရမည်။

ထိုနည်းအတူအရာတစုံတခုကို မကောင်းမှုဟူ၍စိတ်စွဲဖြင့် ပြုလုပ်ခဲ့လျှင် ၎င်းအမှုသည်ကောင်းသောအမှုဖြစ်နိုင်သော်လည်း ပြုလုပ်သူအဘို့မှာ မကောင်းမှုဒုစရိုက်သာဖြစ်၏။ ထို့ကြောင့်အမှုတစုံတခုကို ပြုရာ၌ ထိုအမှုသည် ကောင်းမှုဖြစ်သည်၊ သို့မဟုတ် မကောင်းမှုဖြစ်သည်ဟူ၍ ဘော်ပြသောဩတ္တပ္ပစိတ်၏နိုးဆော်ခြင်းသာ်လျှင် ထိုပြုသောအမှုကို ကောင်းမှုဖြစ်အောင်လည်းကောင်း၊ မကောင်းမှုဖြစ်အောင် လည်းကောင်း ဖန်တီးပေးလေသည်။

မှတ်သားသင့်သော အရေးကြီးသည့် အချက်သုံးချက်မှာ၊

( က ) လူတိုင်းလူတိုင်း အမှားနှင့် အမှန်ကို ရှင်းလင်းအောင် လေ့လာသင်ကြားခြင်းအားဖြင့် မှန်ကန်သောဩတ္တပ္ပစိတ်ကို ရရှိစေရန်ဖြစ်သည်။ ထိုသို့ရရှိရန်အတွက် ကောင်းသောစာအုပ်များကို လေ့လာခြင်း၊ ရိုးဖြောင့်မှန်ကန်သူများအား မကြာခဏတွေ့ဆုံမေးမြန်းခြင်းတို့သည် မိမိဘာသာ လေ့လာစုံစမ်းခြင်းထက်ကောင်းမွန်ပေသည်။ ကြီးလေးသောအမှုကို ပေါ့ဆသောအမှုဟု ထင်မှတ်စေသည့်မှားယွင်းသော ဩတ္တပ္ပစိတ်သည် အကြင်သူအတွက်အလွန်ဘေး အန္တရာယ်ကြီးမားလေသည်။

အကယ်၍တဦးတယောက်သည် အမှန်တရားကို သိမြင်ရန် လေ့လာအားထုတ်ခြင်းမရှိသဖြင့်၊ မြတ်စွာဘုရားသခင်၏ပညတ်တော်ကို ကျူးလွန်ဖောက်ဖျက်သည်ဖြစ်အံ့။ ထိုမသိနားမလည်မှုမျိုးသည် ထိုသူအား အပြစ်ငရဲမှ ခွင့်လွှတ်နိုင်သော အကြောင်းမဟုတ်ပေ။

( ခ ) ဩတ္တပ္ပစိတ်သည် နူးညံ့သော ကရိယာ တန်ဆာတခုနှင့် တူသည်သင်၏မှုတ်ဆိတ်ရိတ်ထားငယ်ကို ခဲတံချွန်လျှင် ပျက်စီးသွားနိုင်သကဲ့သို့၊ ဩတ္တပ္ပစိတ်ကိုလည်းမှားယွင်းအသုံးပြုလျှင် ပျက်စီးသွားနိုင်လေသည်။ တဦးတယောက်သည် သူ၏ဩတ္တပ္ပစိတ်က နိုးဆော်ခြင်းကိုဆက်လက်၍ နားမထောင်ခဲ့သော်၊ သူ၏ဩတ္တပ္ပစိတ်သည်သူ့အားနိုးဆော်ခြင်းမပြုတော့ဘဲ ရပ်စဲသွားလိမ့်မည်။

ဥပမာလူကလေးတယောက်သည် ပိုက်ဆံအနည်းငယ်ကိုပထမအကြိမ်ခိုးယူစဉ်သူ၏ဩတ္တပ္ပစိတ်ကသူ့အားဒုက္ခတွေ့လိမ့်မည်ဟုသတိပေးလိမ့်မည်။ လူကလေးသည်ထိုသတိပေးခြင်းကို ဂရုမပြုဘဲ ဆက်လက်ပြုလုပ်နေလျှင် ဩတ္တပ္ပစိတ်သည် သူ့အားသတိပေးတားမြစ်တော်မူမည်မဟုတ်။ သို့သော်အနှေးနှင့်အမြန် သူသည်ကြောက်မက်ဘွယ် လှုပ်ရှားမှုကိုတွေ့ရလိမ့်မည်။ 

( ဂ ) ထို့ကြောင့်ကျွန်ုပ်တို့အား မပြုသင့်သော အမှုများကိုရှောင်ကြဉ်ရန် သတိပေးနေသည့်ဩတ္တပ္ပစိတ်၏ နိုးဆော်သံကိုရပ်စဲသွားအောင် မပြုဘဲ၊ ချက်ချင်းနားထောင်ရန်အရေးကြီးသည်။ ထိုမျှမကသေးငယ်သော အမှုကိစ္စများ၌လည်း ဩတ္တပ္ပစိတ်၏ညွန်ပြခြင်းကို လိုက်နာပြုလုပ်ရန်အရေးကြီးသေးသည်။ ဥပမာ ဘီးဝင်ရိုးတခု၌ သံကလေးတချောင်းပြုတ်ထွက်သွားခြင်းသည် အရေးမထားရလောက်ဟုထင်မှတ်ရသော်လည်း

တနေ့သောညတည၌ အမေရိကန်ပြည်တွင် မီးရထားတစင်းသည် လျင်မြန်လှသော အဟုန်ဖြင့်ခုတ်မောင်းလျှက်ရှိ၏။ ခရီးမိုင်အတော်များစွာခုတ်မောင်းခဲ့ပြီးနောက် ဘူတာနှစ်ခုအလယ်လောက်တွင် ရုတ်တရက်ရပ်တန့်သွားလေလျှင် ခရီးသည်များသည် ဘာဖြစ်လေသနည်းဟု အချင်းချင်းမေးမြန်းကြ၏။ အချို့လူများ စက်ဆရာထံသွားရောက် စုံစမ်းကြရာ၊ စက်ဆရာက မီးရထားခေါင်း၏ရှေ့တွင် လူတယောက်ထိတ်လန့်တကြားပြု၍ ရပ်ရန် အချက်ပြသဖြင့် ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်း ပြောပြလေသည်။

လူအများသည်ထိုသူကို ရှာသော်လည်းမတွေ့ကြ၊ သို့သော်၎င်းတို့၏ အရှေ့၌ တံတားတခုပျက်ကျ နေသည်ကို တွေ့ကြရသဖြင့် ခရီးသည်များအားအသက်ဘေးမှ ကယ်ဆယ်သောကျေးဇူးရှင်ကို ကျေးဇူးတင်ရန်ထပ်မံ ရှာဖွေကြသော်လည်း အချည်းနှီးသာဖြစ်၏။ နောက်ဆုံး၌ မိန်းမတယောက်သည် မီးရထားခေါင်း၌ တပ်ဆင်ထားသောလမ်းပြမီးလုံးကြီး၏ရှေ့၌ လိပ်ပြာတကောင်သည် အတောင်ခတ်လိုက်ရာ ၎င်းအရိပ်သည်လူတယောက် လက်ကို လှုပ်ယမ်းပြနေသကဲ့သို့ ရှိကြောင်းမြင်တွေ့ရသဖြင့် ဤလိပ်ပြာသည်ကျွန်ုပ်တို့၏ အသက်များကို ကယ်ဆယ်သူဖြစ်ကြောင်းရှင်းလင်းပြောပြလေသည်။

ဩတ္တပ္ပစိတ်သည် ဤလိပ်ပြာကဲ့သို့ပင် ကျွန်ုပ်တို့အားပျက်စီးခြင်းမှ ကယ်ဆယ်တတ်လေသည်။ လူငယ်များသည် အနှောက်အယှက် နှင့်တွေ့ရ၍ ၎င်း၊ မကောင်းသောအပေါင်းအဖေါ်များကတိုက်တွန်း၍ကြောင့် ၎င်း၊ မြတ်စွာဘုရားရှင်၏ ပညတ်တော်များကို ကျူးလွန်အံ့ဆဲဆဲရှိစဉ်၊ ထိုအမှုကိုမပြုလုပ်ရန် တားမြစ်နေသော ဩတ္တပ္ပစိတ်၏အသံကို သူတို့၏ ကိုယ်တွင်း၌ကြားနိုင်ပေသည်။ ထိုအခါ ၎င်းတို့သည်ထိုအသံ၏ သတိပေးတားမြစ်ခြင်းကို ချက်ချင်းလိုက်နာကြရမည်။ ဤနည်းအားဖြင့် သူတို့သည် အပြစ်ငရဲနှင့် ပျက်စီးခြင်းဘေးမှ ကင်းဝေးနိုင်ကြပေသည်။

#ဆက်ရန်…..

 

ဆောင်းပါးများ