ကိုယ်ကျင့်သိက္ခာ.. အခန်း(၃)ပထမပိုင်း ကျွန်ုပ်တို့ပြုရမည့်အမှုများ၏ဥပဒေ။ #၁။ကောင်းမြတ်ခြင်း။
ပြီးခဲ့သောအခက်အခဲများ၌ ဘာသာတရားသည် လူ့ကိုယ်ကျင့်သိက္ခာ၏ အရင်းမူလဖြစ်ကြောင်းနှင့် လူသည် အဘယ်ရည်ရွယ်ချက်ဖြင့် ဘုရားသခင်း၏ဖန်ဆင်းတော်မူခြင်းခံရကြောင်းကို ဘော်ပြခဲ့လေပြီ။ ဤအခဏ်းတွင် အဘယ့်ကြောင့်လူသည် ပါရမီများနှင့်ပြည့်စုံရမည်၊ အဘယ့်ကြောင့်မကောင်းမှုဒုစရိုက်များကိုရှောင်ကြဉ်၍ ကောင်းမှုကိုဆည်းပူးရမည်၊ အဘယ်အရာများသည် ကျွန်ုပ်တို့ပြုရမည့် အမှုများ၏ဥပဒေများဖြစ်ကြသည်ဟူသော အရေးကြီးသည့်ပြသနာအချို့ကို ကြိုးစား၍ အဖြေရှာကြကုန်အံ့။ လူ့ဘဝအသက်တာတွင် ဝိညာဉ်ကိုတုန်လှုပ်နစ်မြုပ်ပျက်စီးစေနိုင်သော ကြီးမားသည့်မုန်တိုင်းကြီးများရှိ၏။ ခိုင်မာသော သဘောတရားများပေါ်၌ ကောင်းစွာဆောက်တည်၍၊ စိတ်ဆန္ဒပြင်းပြထက်သန်သူသာလျှင် ဤများစွာသော ဒုက္ခအနှောက်အယှက်များကို အောင်မြင်စွာတွန်းလှန် ကျော်လွှားနိုင်မည်ဟုမျှော်လင့်ရပေသည်။ ထို့ကြောင့်လူငယ်များသည် ဤအရေးကြီးသောပြသနာ၌ ရှင်းလင်းပြတ်သားသော အဆုံးအဖြတ်ရှိရမည်။ ဤနည်းအားဖြင့် သူတို့သည် အခက်အခဲနှင့် ရင်ဆိုင်ရသောအခါများတွင် ရပ်တည်တွန်းလှန်နိုင်ပေမည်။
တနေ့သ၌ပါမောက္ခတဦးသည် သူ၏တပည့်များအား အောက်ပါမေးခွန်းများကိုမေးလေသည်။ ငွေကိုလိုချင်မှုအတွက် မိတ်ဆွေတစုံအယောက်ကို သတ်ဖြတ်ခြင်း၊ အမိအဘစကားကိုနားမထောင်ခြင်းတို့သည် အပြစ်ဒုစရိုက်ဖြစ်ကြောင်း၊ မရှိဆင်းရဲသားများအားပေးကမ်းစွန့်ကြဲခြင်း၊ မိဘစကားကိုနားထောင်ခြင်းတို့သည် ကောင်းမှုဖြစ်ကြောင်း လူအားလုံးသဘောတူကြလေသည်။ အဘယ့်ကြောင့် အချို့အမှုကိုဒုစရိုက် အချို့အမှုကို သုစရိုက်ဟု ဆုံးဖြတ်ကြသနည်း။ တပည့်ဖြစ်သူများသည် မေးခွန်း၏အဖြေကိုရေးသားကာ ပါမောက္ခ၏လက်ထဲသို့ပေးအပ်ကြရာ၊ ပါမောက္ခသည် အဖြေအချို့ကို ရှေ့တွင်ဖတ်ရှုသောအခါ အောက်ပါအတိုင်းတွေ့ရ၏။ အဖြေတခု၌ ကိုယ်ကျင့်သိက္ခာ၏ဥပဒေမှာ အဘယ်အရာသည် ကောင်းမှုအမှန်စင်စစ်ဖြစ်သည် ပြုလုပ်ပါ၊ အဘယ်အရာသည်မကောင်းမှုဖြစ်သည်ရှောင် ကြဉ်ပါဟူ၍ တိုက်တွန်းနိုးဆော်နေသောအကောင်းအဆိုးကို ဝေဖန်ပိုင်းခြးနိုင်သော ကျွန်ုပ်တို့၏ အသိဉာဏ်ပင်ဖြစ်သည် ဟုဖြေဆိုထားလေသည်။
အကောင်းအဆိုးကိုသိသော စိတ်က အကောင်းနှင့်အဆိုးကို ဘော်ပြသတိပေးနေသည်မှာ မှန်ပါ၏။ သို့ရာတွင် ထိုသိတတ်သောစိတ်က ဤအမှုသည်ကောင်း၏၊ ထိုအမှုကားမကောင်းဟု အဘယ်ကြောင့် အသေအချာပြောဆိုသနည်း။ ထို့ကြောင့်၎င်းအဖြေမှာ မပြည့်စုံ။ စောဒကတက်ရန်ကျန်ရှိနေသေးသည်။ အခြားတဦး၏အဖြေမှာ၊ တစုံတခုသည်ထာဝရ ဆုလာဘ်တော်ချီးမြင့်ခြင်းခံရလျှင် ထိုအမှုသည်ကောင်းမှုဖြစ်၏။ တစုံတခုသည် အပြစ်စီရင်ခြင်းခံရလျှင်မူ ထိုအမှုသည် မကောင်းမှုဖြစ်၏။ ဤအဖြေမှာဆန့်ကျင်ဘက်ဖြစ်နေ၏။ ပြုအပ်သောအမှုတခုသည် ဆုလာဘ်ရသောကြောင့်ကောင်းမှုဖြစ်ရသည် မဟုတ်။ ကောင်းမှုဖြစ်သောကြောင့်ဆုလာဘ်ရခြင်းသာဖြစ်၏။ ထိုနည်းအတူတစုံတခုသောအမှုသည် အပြစ်ဒါဏ်စီရင်ခြင်းခံရသောကြောင့် မကောင်းမှုမဟုတ်၊ ၎င်းအမှုသည်မကောင်းမှုဖြစ်သောကြောင့်သာ အပြစ်ဒါဏ် ခံရခြင်းဖြစ်၏။ ထို့ကြောင့်မေးခွန်း၏ အဖြေကားမထွက်ပေါ်သေး။ အခြားသောအဖြေတခုမှာ လူအားလုံးကကောင်း၏ဟုသဘောပိုက်သောအမှုသည် ကောင်းမှုသုစရိုက်ဖြစ်၍၊ မကောင်းဟုလူအားလုံးအညီအညွတ် ဆုံးဖြတ်သောအမှုမှာ ဒုစရိုက်ဖြစ်သည်။
ဤအဖြေမှာလူအားလုံး၏သဘောတူချက်ကို အခြေပြုဘော်ပြထားခြင်းဖြစ်သည်၊ မှန်ကန်သောအဖြေကားမဟုတ်သေး။ မုသားသုံးခြင်း၊ မဟုတ်မတရားစွပ်စွဲခြင်း၊ ခိုးဝှက်ခြင်းတို့သည် အမှန်စင်စစ်လျှင် မကောင်းမှု ဒုစရိုက်များဖြစ်ကြသော်လည်း၊ လူအားလုံးကထိုအမှုများကိုကောင်းသည်ဟု သဘောတူလက်ခံကြပါမူ၊ ၎င်းတို့သည်ကောင်းမှုသုစရိုက်များဖြစ်လာရပေတော့မည်။
အခြားအဖြေတခုမှာ၊ အရာတစုံတခုသည် ပြုလုပ်သူအတွက်၎င်း၊ ထိုသူ၏တိုင်းပြည်နှင့် အသင်းအဖွဲ့များအတွက် အကျိုးရှိအသုံးဝင်သောအမှုဖြစ်အံ့၊ ထိုအမှုသည်ကောင်းမှုမည်၏။ သို့တည်းမဟုတ် ထိုအချက်နှင့်ဆန့်ကျင်သည်ဖြစ်အံ့ ၎င်းသည်မကောင်းမှုဖြစ်၏။ ဤအဖြေမှာလည်းမှားယွင်းသည်သာဖြစ်၏။
ဥပမာ၊ ကျွန်ုပ်သည်ငွေကျပ်တသိန်းကို ရဲများနှင့် အခြားသူများမသိရှိအောင်ခိုးယူနိုင်သည်ဖြစ်အံ့။ ထိုငွေသည်ကျွန်ုပ်အတွက် အမှန်စင်စစ် အသုံးဝင်အကျိုးရှိသည်ဖြစ်သောကြောင့် ကျွန်ုပ်၏ ခိုးမှုသည် ကောင်းမှုဖြစ်ရပေမည်။ ထိုနည်းတူလက်နက်အင်အားကြီးမားသောတိုင်းပြည်ကြီးတခုသည် အခြားအင်အားနည်းပါးသောတိုင်းပြည်များကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခဲ့ပါလျှင် ၎င်းတို့တိုင်းပြည်အတွက် အကျိုးရှိသောအမှုဖြစ်ပေသည်။ သို့ရာတွင်ထိုသို့သောအပြုအမူကို အမှန်စင်စစ်ကောင်းမှုဟု ဆိုရအံ့လော။
တပည့်များတင်ပြသော အခြားအဖြေများလည်းရှိသေး၏။ သို့ရာတွင်မည်သည့်အဖြေသည်မှန်ကြောင်း ကောင်းစွာသိနားလည်ရန် အချက်အလက်အချို့ကို ပြန်၍လေ့လာကြည့်ရန်လိုပေသည်။ ဘုရားသခင်သည် စကြာဝဠာ၏ အချက်အခြာဖြစ်၍၊ အားလုံးသော သတ္တဝါများသည် ကိုယ်တော်၏ လွတ်လပ်သော ဖန်ဆင်းခြင်းအမှုအားဖြင့် ကိုယ်တော်ထံမှထွက်ပေါ်လာကြပေသည်။ စမ်းရေတွင်းမှထွက် ပေါ်လာသောရေကဲ့သို့ သက်ရှိများသည် ဘုရားသခင်တည်းဟူသော စမ်းတွင်းမှထွက်လာကြသည်။
သတ္တဝါအားလုံးတို့၏ မူလဇာတိ၊ ၎င်းတို့၏အဖြစ်အနေ၊ ၎င်းတို့၏အဆက်မပြတ်ပေါက်ဘွားခြင်းဖြင့် မျိုးဆက်မပြတ်တည်ရှိနေခြင်း၊ ၎င်းတို့၏တိုးတက်ခြင်း၊ ၎င်းတို့ကိုဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်များသည် အားလုံးစုံသော ဘုန်းတော်၊ ဂုဏ်တော်၊ ဉာဏ်တော်တို့နှင့် ပြည့်စုံ တော်မူသောဘုရားသခင်ကို အမှီပြုလျှက်ရှိပေသည်။ ကိုယ်တော်သည် သတ္တဝါအပေါင်းတို့အားဖန်ဆင်းခြင်းအမှုတော်၌ အံ့ဘွယ်အစီအစဉ်ကို သတ်မှတ်လျက် တဦးစီ တဦးစီတိုင်းအား သူနှင့်ဆိုင်ရာသီးခြားသော လုပ်ငန်းတာဝန်ကိုလည်း ချမှတ်ထားတော်မူလေသည်။ သို့ဖြစ်၍ သက်ရှိသတ္တဝါတိုင်းသည် ကိုယ်တော်၏အစီအစဉ်ကိုလိုက်နာ၍ တဦးစီတဦးစီအတွက် ကိုယ်တော်ချပေးထားတော်မူသော လုပ်ငန်းကိုလည်းစောင့်ထိန်းရမည်။
လူ၏ကိုယ်ကျင့်တရားသည် ဤကြီးမြတ်သော အချက်အလက်များကို နားလည်သိမြင်ရန် ကူညီထောက်ပံ့လေသည်။ လူသည်တိရစ္ဆာန်နှင့်ခြားနားလျှက် ဆင်ခြင်တုံတရားတည်းဟူသော အသိဉာဏ်ကို ထည့်သွင်းဖန်ဆင်းခြင်းခံရသဖြင့်၊ ထိုအသိဉာဏ်အားဖြင့် အမှန်ကိုထိုးဖေါက်သိမြင်နိုင်၍ သတ္တဝါအမျိုးအစားများ၊ ၎င်းတို့အချင်းချင်းဆက်သွယ်မှုများ၊ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သို့ဆက်သွယ်နေပုံများ၊ ဘုရားသခင်၏စိုးမိုးခြင်းကို မည်သို့ခံရပုံများကို သိနားလည်စေသည်။ ခေတ်သစ်သိပ္ပံပညာ၏တွေ့ရှိချက်များ၊ အနုပညာတိုးတက်မှုများတို့သည်လည်း ဤအကြောင်းကို ပိုမိုသိနားလည်စေရန် အထောက်အကူဖြစ်လာသည်။
သို့ဖြစ်လျင် လူ၏အပြုအမူသည် ဘယ်သောအခါ ကောင်းမှုဖြစ်သနည်း။ လူသည်သက်ရှိသတ္တဝါများ၏ သဘောသဘာဝများကိုမျှော်ခေါ်၍ ၎င်းတို့အချင်းချင်း ဆက်သွယ်မှုကို သိနားလည်ပြီးလျှင်၊ သူတို့၏အစီအစဉ်နှင့်အညီလုပ်ကိုင်သောအခါ ကောင်းမှုဖြစ်သည်။ အပြန်အလှန်အားဖြင့်လူသည် သတ္တဝါတို့၏အစီအစဉ် အနေအထားကိုသိမြင်ပြီးဖြစ်လျက် ထိုအစီအစဉ်နှင့် ဆန့်ကျင်၍ပြုလျှင် ၊ ထိုအမှုသည် မကောင်းမှုဖြစ်၏။ သို့ဖြစ်၍ အဘယ်အရာသည်ကောင်းမှု၊ အဘယ်အရာသည် မကောင်းမှု၊ ဘယ်အရာကိုပြုပိုင်ခွင့်ရှိသည်၊ ပြုပိုင်ခွင့်မရှိဟု အဆုံးအဖြတ်ပေးနိုင်သော ဥပဒေ ကိုစကားအနည်းငယ်ဖြင့် အချုပ်သဘောပြောရလျင် “ဖြောင့်မတ်သော ဆင်ခြင်တုံတရာအတိုင်းပြုပါ “ ဟုမှတ်သားနိုင်လေသည်။ အမှုတစုံတခုသည် ဖြောင့်မတ်သောဆင်ခြင်တုံတရားက ဘော်ပြသည့်အစီအစဉ်နှင့်အညီဖြစ်လျှင် ကောင်းမှုဖြစ်၍၊ ၎င်းနှင့်ဆန့်ကျင်လျှင် မကောင်းမှုဖြစ်လိမ့်မည်။