ကိုယ်ကျင့်သိက္ခာ.. အခန်း(၂)ဒုတိယပိုင်း ဘဝအသက်ရှင်မှု၏ပြသနာ။ #၂။မေးခွန်း(၃)ခု။
တနေ့သ၌ ကုလားအုပ်ခရီးသည်တစုသည် ကန္တာရကိုဖြတ်သန်း၍ ခရီးသွားကြရာ၊ တနေရာ၌ စခန်းချနားနေစဉ် ၎င်းတို့အစု၌ပါသော လူငယ်တဦးသည် ၎င်းတို့၏ပတ်ဝန်းကျင်၌ ကျယ်ပြန့်လှစွာသောသဲပြင်ကြီးအစား၊ စွန်ပလွန်ပင်များဖြင့် သာယာဝေဆာလျက်ရှိသော အိုအေစစ်ကြီးတခုကို မနီးမဝေးတွင် ထူးဆန်းစွာ တွေ့မြင်ရလေသည်။ သူသည် မိမိမြင်ရသည့်အရာကို မည်သူကိုမျှပြောပြခြင်းမရှိဘဲ၊ ထိုနေရာသို့ ရှေးရှုမှန်းဆကာ ပြေးသွားလေသည်။ သို့ရာတွင်ရှေ့သို့တိုး၍သွားလေ မိမိမြင်ရသောအရာမှာ ပို၍ဝေးသွားလေဖြစ်လျက် နာရီအတော်ကြာကြာ ပင်ပန်းသွားပြီးနောက် မြင်ရသောအရာမှာ အိုအေစစ်မဟုတ်၊ သဲပြင်ကြီးပေါ်နေပူတံလျှပ် ခတ်သဖြင့် ဖြစ်ပေါ်လာကြောင်းသိရလေသည်။
ထိုအခါ မိမိအဘော်အသင်းများထံလှည့်လာရာ မျက်စေ့လည်လမ်းမှားကာ အခြားတနေရာသို့ ရောက်ရှိလျက်သဲကန္တာရအလယ်တွင် အစာမရှိရေမရှိဖြင့် တဝဲလယ်လယ်ဖြစ်နေသဖြင့် ခြေဦးတည့်ရာသို့လျှောက်သွားလေသော် နာရီများစွာကြာသောအခါခွန်အားကုန်ခမ်း၍ နေပူကျဲကျဲတွင် မြေပေါ်သို့လဲကျသွားလေသည်။ သူသည်ရှေ့တွင်ရှိသောသဲကုန်းတန်းလေးကို ရှိသမျှအင်အားဖြင့်ကြိုးစားတက်ရောက်၍ အပေါ်သို့ရောက်လျှင်လက်နှစ်ဖက်ကိုဆန့်လျှက်ဘုရားသခင်ထံဆုပန်တောင်းလျှောက်ပြီးနောက် နွမ်းလျှမိန်းမောကာ မြေသို့လဲကျသွားပြန်လေသည်။ ကံအားလျှော်စွာသူလက်မြှောက်ဆန့်တန်းစဉ်က မနီးမဝေးတွင်သိုးဆိတ်များဖြင့် လှည့်လည်သွားလာ နေကြသော အာရပ်လူမျိုးများတို့ တွေ့မြင်လိုက်ကြသဖြင့် ထိုသနားစရာကောင်းသော လူကလေးထံပြေးသွားကြပြီးလျှင်၊ သူ့အားရေအနည်းငယ်တိုက်၍ သတိယလာသောအခါ သင်ဘယ်သူလဲ၊ ဘယ်ကလာသလဲ၊ ဘယ်ကိုသွားမလဲဟူသော မေးခွန်းများကို မေးကြလေသည်။ ဤမေးခွန်းသုံးခုကား လောကတည်းဟူသော ကန္တာရအလယ်တွင် ရှိနေကြသည့်သူတိုင်း ကိုယ်စီကိုယ်စီဖြေရှင်းကြရမည့် မေးခွန်းများဖြစ်လေသည်။
သင်သည် ဘဝအသက်ရှင်မှုကျယ်ပြန့်လာပြီဖြစ်သော အသက် ၁၄ နှစ်ကျော်လုလင်တဦးဖြစ်သည်။ ယခင်ကကလေးလေးအရွယ်ဖြစ်၍ ကလေးကဲ့သို့ နေထိုင်လာခဲ့သော်လည်း ယခုမူ လုလင်တဦးဖြစ်လာ၍ သင်၏တောက်ပသောအနာဂတ်ကာလနှင့် ဘဝသစ်သည်တည်ရှိနေ၏။
သင်ကဲ့သို့ အရွယ်ရောက်စပြုလာသော လူငယ်တဦးသည် ယခင်ကမျက်ကန်းသဘွယ် ယုံကြည်လာခဲ့သမျှ ယခုအခါ ၎င်းတို့ကိုယုံမှားသံသယ ဖြစ်စပြုလာပြီ။ သူသည် မြောက်များလှစွာသော မေးခွန်းများကို မျက်စေ့အစုံဖြင့် ကြည့်ရှုစူးစိုက်လာ၍၊ ၎င်းတို့ကို မိမိကိုယ်တိုင်ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မှတ်ယောင်ပြုလာသည်။ သူ၏ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းဖွံ့ဖြိုးလာသည်နှင့်အမျှ ခွန်အားဗလ၊ ရဲစွမ်းသတ္တိနှင့်တကွ မိမိကိုယ်ကိုမိမိအားကိုးလိုစိတ်၊ သီးခြားလွတ်လပ်စွာ နေထိုင်လိုစိတ်များ တိုးတက် စပြုလာသည်။ သူ၏ခွန်အားဗလကို အလုပ်အကိုင်များ၊ စာပေလေ့ကျက်ခြင်းများ၊ ကစားခုန်စားခြင်းများစသည့် အကျိုးရှိသောအရာများ၌ အသုံးပြုခဲ့ပါလျှင် သူ့အတွက်တန်ဘိုးရှိပေသည်။ သူ၏ခွန်အားသတ္တိများမှာ ရဟတ်စက်မှရဟတ်ကို လှုပ်ရှားလည်ပတ်စေသော ရေနှင့်တူလေသည်။ ရေအားသည် ရဟတ်ပေါ်သို့ တွန်းဖိစီးဆင်းခဲ့လျှင် ရဟတ်စက်ကိုလှုပ်ရှားလည်ပတ်စေသော အကျိုးကိုဖြစ်ပေါ်စေသည်။ သို့ရာတွင် ရဟတ်ဘီး၏အောက်သို့ စီးလျှောက်ခဲ့သော် တစုံတရာမျှ အကျိုးဖြစ်ပေါ်စေမည်မဟုတ်ပေ။
လူငယ်သည် အတွေအကြုံဗဟုသုတ ဖွံ့ဖြိုးစပြုလာငြားသော်လည်း သူ့အလိုအလျောက်အစစ်အမှန်ကို ရှာဖွေနိုင်သေးမည်မဟုတ်ချေ။ မကြာခဏ စိတ်ကူးယဉ်မှုကို အစစ်ထင်ကာ၊ ထင်သည့်အတိုင်း လိုက်နာပြုလုပ်ခြင်းဖြင့် သဲကန္တာရထဲတွင် တံလျှပ်ကိုအိုအေစစ်ထင် လိုက်မှားမိသဖြင့် ဒုက္ခေတွေ့ရသောလူငယ်ကဲ့သို့ ဖြစ်တတ်ချေသည်။ တက်ကြွသောကိလေသာမုန်တိုင်းနှင့် လက်ဦးပဌမတွေ့ထိရလျှင် လူငယ်၏အလိုဆန္ဒ အာရုံခံစားမှုများသည်လည်း ကျယ်ပြန့်ပွားများလာလေသည်။ များစွာသောလူငယ်များသည် ဘဝ၏အစစ်အမှန်နှင့် ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းမရှိသေးသောကြောင့် ဘဝအသက်ရှင်နေရမှုကို စိတ်နာခြင်း၊ ခံထမ်းလိုစိတ်မရှိခြင်း၊ စက်ဆုပ်ခြင်းများသည် ပြင်းထန်လာကုန်သည်။
လူငယ်သည် တက်ကြွသောစိတ်ထားနှင့် ကျန်းမာတောင့်တင်းခြင်းရှိသဖြင့် မိမိကိုယ်ကိုအထင်ကြီးကာ အရာရာမျိုး၌စွမ်းနိုင်လိမ့်မည်ဟု ထင်မှတ်ယုံကြည်တတ်၏။ ကိုယ်ကျင့်သိက္ခာ၌ အင်အားနည်းပါး၍ ကိုယ်တိုင်ပြုလုပ်ရန်ရှိသည်များ၌ ကြီးမားသောမှားယွင်းမှုကို အသိဉာဏ်ကင်းမဲ့စွာ ကျူးလွန်တတ်သည်။ သို့ဖြစ်၍ လမ်းမှားသို့မရောက်ရန်၊ မကောင်းသောအလေ့အကျင့်ဆိုးများ စွဲကပ်ခြင်းမရှိစေရန်၊ ဦးစွာပဋ္ဌမကြုံတွေ့ရသော ဘေးအန္တရာယ်နှင့်အခက်အခဲများမှ လွတ်မြောက်လျက် ဘဝအသက်ရှင်မှု၏မှန်ကန်သောလမ်းစဉ်ကို ပို့ဆောင်ကူညီပေးမည့်သူတဦးလိုအပ်ပေသည်။ တနည်းဆိုရသော် မုန်တိုင်းပြင်းထန်သော ဘဝအသက်ရှင်မှု၏ ပင်လယ်ဗွေတွင် သူ၏လှေငယ်ကိုပဲ့ကိုင်ပေးမည့် ကျွမ်းကျင်လိမ္မာသော ပဲ့နှင်းတဦးရှိသင့်လှပေသည်။
လူတိုင်းသည် မြတ်စွာဘုရားသခင်ထံမှလာ၍ ကိုယ်တော်ထံပြန်သွားနေ၏။ ဘုရားသခင်၏အစေကိုခံရန် အသက်ရှင်နေကြရ၍ သေပြီးသည့်နောက်ဘုရားသခင်ထံသို့သွားရမည်။
သိပ္ပံပညာက ရှေးအခါကကမ္ဘာကြီးသည် ကြီးမားသောမီးလုံးကြီးတလုံးဖြစ်၍၊ ထိုအခါက မည်သည့် သက်ရှိသတ္တဝါမျှ မနေနိုင်ဟုဆိုလေသည်။ ထိုသို့ဖြစ်လျှင် အပေါ်ယံမီးလျှံများအေးသွားပြီးနောက် ပဋ္ဌမသက်ရှိသတ္တဝါသည် အဘယ်သို့ စတင်ဖြစ်လာနိုင်သနည်း။ သက်မဲ့အရာဝတ္ထုသည် အဘယ်နည်းဖြင့် သက်ရှိသတ္တဝါကို ပေါက်ဖွားပေးနိုင်ကြသနည်း။ လောကဓာတ်ပညာနှင့်စိတ်ပညာရှင်များက ထိုသို့မဖြစ်နိုင်ပါဟု အခိုင်အမာဆိုကြသည်။ သို့ဖြစ်လျှင် သက်ရှိများသည် ကမ္ဘာပေါ်သို့ကြယ်တာယာအချို့မှ လာခြင်းဖြစ်သလော။ ၎င်းသက်ရှိများသည် ကြယ်တာယာများသို့ အဘယ်အရပ်က ရောက်လာသနည်းဟူသော မေးခွန်းများသည် ယခုတိုင်ရှိနေပေသည်။
စိတ်ပညာရှင်တို့က အကျိုးသည်အကြောင်းတရားမှလာသည်ဖြစ်၍ အရာခပ်သိမ်းစတင်ဖြစ်ပေါ်လာမည့် ပဌမဦးအကြောင်းတရားသည် အမှန်ရှိရပေမည်ဟုဆိုကြသည်။ ပဋ္ဌမဦး အကြောင်းတရားမှာ အတိုင်းမဲ့ ကောင်းမြတ်တော်မူသော မြတ်စွာဘုရားသခင်ဖြစ်သည်ဟုဆိုသည်။ သို့ဖြစ်၍လူ၏အသက်သည်လည်း မိုးမြေနှင့် အရာခပ်သိမ်းကိုစီမံအုပ်ချုပ်တော်မူသော မြတ်စွာဘုရားသခင်ထံမှ ဆင်းသက်လာခြင်းဖြစ်သည်။
ကိုယ်တော်သည် လူအပေါင်းကိုကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်ခဲ့လျှင်လူအပေါင်းတို့သည် ကိုယ်တော်ထံပြန်သွားရပေမည်။ ဆင်ခြင်တုံ တရားကလည်း လူ့ဘဝ၏အဆုံးသည် ဤအရာသာဖြစ်သည်။ တခြားမည်သည်မျှ မဖြစ်နိုင်ကြောင်း နက်နဲရှင်းလင်းစွာဘော်ပြသည်။ ကောင်းရာကောင်းမှုများ၊ မှန်သောတရားနှင့် အလှအပတို့သည် ဘုရားမှတပါး၊ မည်သည့်အရာသတ္တဝါမျှပြည့်ဝခြင်းမရှိပေ။
လောကမှာရှိရှိသမျှ ရာအားလုံးပင် ရည်ရွယ်ချက် အသီးသီးရှိကြ၏။ ဥပမာ နေသည် ကျွန်ုပ်တို့အား အပူနှင့်အလင်းကိုပေးရန်၊ မိုးသည်လယ်ယာသစ်ပင်သီးနှံများ အောင်မြင်ကြီးထွားရန်ဖြစ်သည်။ သို့ဖြစ်၍ ဖန်ဆင်းထားသမျှတွင် အမြတ်ဆုံးဖြစ်သောလူသည် ဤဘဝ၌နေထိုင်ရခြင်း၏ ရည်ရွယ်ချက်မရှိဟု ဆိုခဲ့လျှင် မဖြစ်နိုင်ပေ။ ၎င်းအချက်ကို နားလည်နိုင်မည်မဟုတ်ပေ။
ကြီးကျယ်သော ဉာဏ်တော်နှင့် စင်္ကြာဝဠာကိုဖန်ဆင်းတော်မူသော ဘုရားသခင်သည် ဖန်ဆင်းသမျှအရာဝတ္ထုအားလုံးအနက် အမြတ်ဆုံးသတ္တဝါဖြစ်သည့်လူကို ရည်ရွယ်ချက်မရှိဘဲ ဖန်ဆင်းထားသည်ဟုဆိုလျှင် အဓိပ္ပါယ်မရှိသောဆိုခြင်းသာဖြစ်မည်။
လူတို့သည် ပင်ကိုယ်ကပင်ပျော်မွေ့ခြင်းသုခကို တောင့်တသောအလိုဆန္ဒရှိကြကုန်သည်။ ဤဆန္ဒကို မည်သူ၊ သို့မဟုတ်၊ မည်သည့်အရာက ပေးစွမ်းနိုင်သနည်း။ စိုးရိမ်ကြောင့်ကြမှုနှင့် ကြေးငွေအားဖြင့် ဤဆန္ဒပြည့်ဝနိုင်သည်မဟုတ်။ တခဏမျှသာပျော်မွေ့ရွှင်လန်းခြင်းကိုပေးစွမ်းနိုင်၍၊ မကြာခဏ ဝိညာဉ်ကိုဖျက်ဆီးတတ်သော လောက၏စည်းစိမ်ဂုဏ်သိမ်တို့သည်လည်း ဤဆန္ဒကိုဖြည့်ရန်မစွမ်းကြ။ ကာယကိုသာအကျိုးပေးသော ကစားခုန်စားမှုများလည်း ဤအချက်ကိုမတတ်နိုင်ကြ။ လူသည်ဤဆန္ဒမပြည့်ဝသည့်အတွက် မွတ်သိပ်တောင့်တခြင်းကို အမြဲခံစားနေရန် ဆင်းခြင်းခံရသလော၊ ထိုသို့ကားမဖြစ်နိုင်။ ဤလောက၌ မြတ်စွာဘုရားသခင်ကို သိမှတ်ခြင်း၊ ချစ်ခင်ခြင်းအားဖြင့် ကိုယ်တော်၏ အစေခံလျက် နောက်ဘဝ၌ ပျော်မွေ့ခြင်းချမ်းသာကို စံစားစေရန်အလို့ငှါ ကျွန်ုပ်တို့သည် ဖန်ဆင်းခြင်း ခံရကြောင်းကို ဆင်ခြင်တုံတရားအားဖြင့်လည်း ထင်ရှားစွာသိမြင်နိုင်ပါသည်။
မြတ်စွာဘုရားသခင်သည် အမှန်ရှိနေတော်မူရုံမျှမက ကိုယ်တော်သည် စကြာဝဠာ၏ ဗဟိုအချက်အချာလည်းဖြစ်တော်မူသည်ကို ယုံမှားသံသယရှိရန်မလို။ ဤသေချာ ခိုင်မာသော သဘောတရားပေါ်မှ လက်တွေ့သက်ဆိုင်သော အခြားသဘောတရား ၃-ခု ထွက်ပေါ်လာသည်။
#(ဂ)၁။ဤလောကရှိ လူတိုင်းအတွက် မြတ်စွာဘုရားသခင်သည် သီးခြားလုပ်ငန်းရပ်များ သတ်မှတ်ထားတော်မူသည်။ စင်္ကြာဝဠာဆိုသည် သတ္တဝါတိုင်း စကားတလုံးစီအဖြစ် ပါဝင်စီကုံးထားသော အံ့ဘွယ်ရာကဗျာလင်္ကာ တပုဒ်နှင့်တူလေသည်။ စာတစ်အုပ်တွင် အက္ခရာတိုင်းသည် ကိုယ်စီ တန်ဘိုးရှိကြသည့်နည်းတူ သတ္တဝါတိုင်း အထူးသဖြင့်၊ လူတိုင်းလူတိုင်း အထက်တန်းလွှာကဖြစ်စေ၊ အောက်တန်းလွှာကဖြစ်စေ၊ ကိုယ်စီကိုယ်စီ ထမ်းဆောင်ရန် သီးခြားလုပ်ငန်းတာဝန်များ ရှိကြကုန်သည်။ သို့ဖြစ်၍ လူငယ်တိုင်း ဤမှန်ကန်ချက်ကို ကောင်းစွာနားလည် သဘောပေါက်ရမည်။ သူသည်အထူးသဖြင့်ဒုက္ခခံစားရသည့် အခါများနှင့် အတားအဆီးများကို ရင်ဆိုင်တိုက်ခိုက်ရသည့် အခါများတွင် ဤဘဝအသက်ရှင်နေရမှုသည် မြတ်စွာဘုရားသခင်ပေးအပ်သော တာဝန်တခုထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ ၎င်းသည်အပိုသက်သက်မဟုတ်။ မြတ်စွာဘုရားသခင်၏ ဖန်ဆင်းတော်မူခြင်း အစီအစဉ်တရပ်တွင် တနည်းနည်းအားဖြင့် အရေးပါအသုံးဝင်သော အရာဖြစ်ကြောင်း အောက်မေ့ဆင်ခြင်ရမည်။
#(ဂ)၂။လူတိုင်းလူတိုင်းဘဝအသက်ရှင်မှု၏ တာဝန်အသီးသီးသည် စကြာဝဠာ တည်းဟူသော ဂီတမြူစစ်တွင် အသံပြသင်္ကေတ တခုစီနှင့်တူလေသည်။ လူ၏ဘဝအသက်ရှင်နေရမှုသည် မြတ်စွာဘုရားသခင်နှင့်သာ အကြောင်းဆက်စပ်နေသည် မဟုတ်သေး၊ အခြားသူများနှင့်လည်း ဆက်သွယ်လျက်ရှိ၏။ လူတိုင်းသည် အချင်းချင်း တဦးကိုတဦးနီးကပ်စွာ အမှီပြုလျက်ရှိ၏။ နန်းတော်တခုကို ဆောက်လုပ်ရာတွင် ပန်းရံသမားနှင့်ပိသုကာတိုင်း ကိုယ်စီ ပါဝင်လုပ်ကိုင်ကြရသည့်နည်းတူ လူတိုင်းလူတိုင်း မိမိတို့မှီတင်းနေထိုင်ရာအိမ်ထောင်စု၊ မြို့နယ်နှင့်တိုင်းနိုင်ငံများ၏ ရာဇဝင်သမိုင်းများတွင် ကိုယ်စီကိုယ်စီ မိမိတို့နေရာအလိုက် ပါဝင်လျက်ရှိကြသည်။
#(ဂ)၃။မြတ်စွာဘုရားသခင် ပေးတော်မူသောတာဝန်ကို ကျေပြွန်စေရန်နှင့် အများအကျိုးဆောင်ရွက်ရန်မှာ ဒုက္ခမခံစားရပဲ၊ ပေါ့လျော့စွာပြုနိုင်သောတာဝန်မဟုတ်ပေ။ လူသည် မိမိအသက်ကိုလုံးဝစိုးပိုင်သောအရှင်မဟုတ်။ မြတ်စွာဘုရားသခင်ထံမှရရှိသော အသက်ရှင်နေမှုဘဝကို တိုးတက်ကြီးပွားအောင် လွတ်လပ်စွာဖန်တီးနိုင်၍၊ တနေ့သော အခါတွင်ထိုအကြောင်းကို စာရင်းရှင်းတမ်းဖြင့် ဘော်ပြရမည့်တာဝန်နှင့် ဘဝအသက်ရှင်မှုကို ယုံကြည်စွာနှင်းအပ်ထားခြင်း ခံရသူသာဖြစ်သည်။
ဂရိတ်လူမျိုး စိတ်ပညာရှင် အပီတက်တူးစ် ( Epictetus ) က ပြောသည်မှာ၊ အိုမင်းသူများနှင့်မသန်စွမ်းသူများအတွက် ကျွန်ုပ်တို့ဘာပြောရမည်နည်း။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကိုသာချီးမွမ်းရန်ဖြစ်သည်။ ကျွန်ုပ်သည် သာယာစွာမြည်တတ်သော ညငှက်ကလေးတစ်ကောင်ဖြစ်လျှင်လည်း ညငှက်ကလေး၏အလုပ်တာဝန်ကိုလုပ်ရမည်။ သို့ရာတွင် ကျွန်ုပ်သည် ဆင်ခြင်တုံတရားကို ခံစားသိမြင်သော သတ္တဝါတစ်ဦးဖြစ်သဖြင့် မြတ်စွာဘုရားသခင်ကိုသာ ချီးမွမ်းထောမနာပြုရမည်။ ဤအချက်သည် ကျွန်ုပ်၏တာဝန်ဖြစ်၍ ကျွန်ုပ်လုပ်နိုင်သည့်အခါအခွင့်ရှိသမျှကာလပတ်လုံး ကျွန်ုပ်လုပ်မည်သာဖြစ်၏။ အခြားသူများကိုလည်း မြတ်စွာဘုရားသခင်ကိုကျွန်ုပ်နှင့်အတူ ချီးမွမ်းထောမနာပြုနိုင်ရန် ကျွန်ုပ်ဖိတ်ခေါ်ပါ၏။ ဟူ၍ဖြစ်သတည်း။
တစ်နေ့သ၌များစွာကြွယ်ဝချမ်းသာသော သူဌေးတစ်ဦးသည် ပုလဲကုန်သည်တစ်ဦးအား အိမ်သို့ခေါ်၍ အဖိုးမဖြတ်နိုင်အောင်ကောင်းလှသော ပုလဲတစ်လုံးကိုပြလျှက် ဤပုလဲကို သင်အဖိုးမည်မျှ ပေးနိုင်မည်နည်းဟု မေးမြန်းလေသည်။ ကုန်သည်သည် ပြုံးရွှင်စွာဖြင့်ထုံးစံအတိုင်းပင် ပုလဲစစ်ကိုအဖိုးနှိမ်၍ပေးလေသည်။ သူဌေးသည်မိမိအလိုရှိသောငွေတန်ဖိုးကိုမရသဖြင့် ကျွန်ုပ်လုပ်မည့်အရာမှာဤအတိုင်းပါပဲဟုဆိုလျှက် အဖိုးတန်ပုလဲကို မုန့်မုန့်ညက်ညက်ထုချေကာ၊ ဝိုင်အရက်တွင်ထည့်၍ အားလုံးကိုတကျိုက်တည်းနှင့် သောက်ချလိုက်လေသည်။
ရူးမိုက်သောသူသာလျှင် ဤအလွန်အဖိုးတန်သောအရာကို ဖျက်စီးမျိုချမည်ဖြစ်၍ ထိုမာနကြီးသော သူဌေးကိုလည်း လူကောင်းတစ်ယောက်မဟုတ်ဟု ကျွန်ုပ်တို့အမှန်အတိုင်းထင်ကြပေမည်။ ဤသို့ရူးမိုက်သောသူများမှာ ကျွန်ုပ်တို့ထင်သည်ထက်ပင် ပိုမိုများပြားစွာရှိကြ လေသည်။ ၎င်းတို့သည် အထက်ပါအဖိုးတန်ပုလဲမျိုး ထောင်သောင်းမျှလောက်တန်ဖိုးရှိသော ဘဝအသက်ရှင်မှုကိုဖြုန်းတီးလျှက်ရှိကြပေသည်။ ထိုသူမျာသည် ကိလေသာတည်းဟူသော ရွှံ့ညွှန်၌ ဤရတနာကိုနှစ်မြှုပ်လျှက် ညစ်ညမ်းအောင် ပြုကြကုန်သည်။ တစ်ခါတစ်ရံ ဤသူများတို့သည် မိမိတို့ကိုယ်ကိုသတ်သေခြင်းဖြင့် ဤအဖိုးတန်ရတနာဖြစ်သော ဘဝအသက်ရှင်မှုကို အထင်အမြင်သေးကာ စွန့်လွှတ်ကြကုန်သည်။
#၃။(က)အချို့မှာ၎င်းတို့သည် ဤလောက၌ အဘယ်သို့နေရမည်ကိုပင်မသိကြ။ အဘယ်ရည်ရွယ်ချက်ဖြင့် ဤဘဝ၌ နေထိုင်ရကြောင်းကိုလည်း မေးမြန်းခြင်းမပြုကြ။ ဤအချက်ကို မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆဖြင့် မည်သည့်အခါမျှ ရှာဖွေစုံစမ်းခြင်းမရှိ။ မိမိတို့၏ ဘဝအသက်တာကို အကျိုးမဲ့အချည်းနှီး ကုန်လွန်စေကြလေသည်။ ၎င်းတို့သည် သေခါနီး၌ “ဤလောကတွင် အဘယ်သို့နေထိုင်ရကြောင်းကို မျှမသိရဘဲ၊ ဤလောကမှ စွန့်ခွာသွားသူ” ဟု မိမိ၏သင်္ချိုင်းဂူပေါ်တွင် ကမ္ပည်းထိုးရန် မှာကြားပြီးမှ သေဆုံးသွားသောသူနှင့် တူလေသည်။
#၃။(ခ)အချို့တို့ကား မိမိကိုယ်ကျိုးကိုသာ တတ်နိုင်သမျှ ရှာကြံခံစားရန်ရည်ရွယ်ချက်ဖြင့် နေထိုင်ခြင်းဖြစ်ကြလေသည်။ အချို့ကဤဘဝသည် အပြစ်အနာအဆာ ကိလေသာတည်းဟူသော ရွှံ့ညွှန်၌ လှည့်လည် ခံစားစေရန်ဖြစ်ပေါ်လာသည်ဟု မှတ်ယူကြကုန်သည်။ အချို့တို့မှာ ကပွဲ၊ တီးမှုတ်ပွဲ၊ ဇာတ်သဘင် ရုပ်ရှင်ပွဲများနှင့်တကွ ကာယ၏လှပပြေပြစ်မှုများ၊ အာရုံခံစားမှုများအတွက် ကြိုးပမ်းကြကုန်သည်။ အချို့ကား စားသောက်မှု၌ အာရုံစွဲလမ်းကာ အသက်ရှင်နေထိုင်ကြလေသည်။ ဤသို့လျှင် အမျိုးမျိုးရှိကြကုန်သည်။
#၃။(ဂ)အချို့တို့မှာ ဥစ္စာကြေးငွေ ရှာဖွေစုဆောင်းခြင်းအတွက် အသက်ရှင်နေထိုင်ကြသူများဖြစ်လေသည်။ သူတို့သည်နံနက်စောစောမှ ညအချိန်တိုင်အောင် ဥစ္စာရရာရကြောင်းအတွက် မနေမနားကြိုးစား အားထုတ်ကြလျက်၊ ရံဖန်ရံခါ မိမိတို့၏ ကျန်းမာအသက်ရှည်ရေးကို ထိခိုက်စေကြလေသည်။ ရံဖန်ရံခါလည်း အကောင်းအဆိုးကို ခွဲခြမ်းနိုင်သောမိမိအသိဉာဏ်ကိုဆန့်ကျင်လျက်၊ လုယက်တိုက်ခိုက်ခြင်း၊ လိမ်လည်လှည့်စားခြင်း စသည့်မတရားနည်းများဖြင့်လည်း ဥစ္စာရရန်ကြံစည်လေသည်။ အားထုတ်ကြကုန်သည်။ ထိုသူတို့က မိမိတို့သည် တိုင်းပြည်ကြီးပွားတိုးတက်ကြောင်းအတွက် လုပ်ရပါသည်ဟု တရံတခါပြောကောင်း ပြောတတ်ကြပေမည်။ သို့ရာတွင် ၎င်းတို့၏ တိုင်းပြည်ဆိုသောစကားမှာ ၎င်းတို့၏အိတ်သာလျှင် ဖြစ်လေသည်။ အကြောင်းမှာ သူတို့၏နှလုံးသည် ထိုအိတ်ထဲတွင်သာရှိ၍ ကျန်အားလုံးမှာ အဓိပ္ပါယ်ကင်းမဲ့သော စကားများသာ ဖြစ်လေသည်။
#၃။(ဃ)အချို့တို့မှာ ဂုဏ်ပကာသနနှင့် တန်ခိုးအာဏာရရှိရေးအတွက် ဘဝအသက်ရှင်မှုကို အသုံးချကြသည်။ ဤသူများအား ဂုဏ်သိမ်ထည်ဝါသောရာထူးကြီးများရရှိရန်၊ သို့မဟုတ် လူများနှင့် သတင်းစာများ၏ ချီးမွမ်း မြှောက်စားခြင်းကိုခံယူရန် ကြိုးစားအားထုတ် ကြကုန်သည်။
အထက်ပါသူ အားလုံးတို့သည် ဤဘဝအသက်ရှင်နေမှု၏စစ်မှန်သော ရည်ရွယ်ချက်ကို နားမလည်ကြ၊ မရောက်ရှိကြပေ။ ၎င်းတို့သည် အခြားသူများ၊ အထူးအားဖြင့် ငယ်ရွယ်သူများကိုလည်း ၎င်းတို့၏ နှုတ်၊အမူအရာ ပုံသက်သေများအားဖြင့် လှည့်စားဖြားယောင်းကြ လေသည်။ သို့ဖြစ်၍များစွာသောသူများသည် ထိုသူများ၏ပုံသက်သေကို အတုခိုးနည်းယူကာ လိုက်နာကြကုန်သည်။
တနေ့သ၌ မိခင်တဦးသည် မိမိ၏သားငယ်ကိုခေါ်၍ ချစ်သား သင်သည် ခရီးတခုထွက်ရလိမ့်မည်။ အမေသည် သားနှင့်အတူ လိုက်ပါလိုသော်လည်း လိုက်ပါရန်မဖြစ်နိုင်ပါ။ ချစ်သားသည်အဖေါ်ကောင်း တစ်ယောက်ရှာဖွေ၍ ကိုခရီးကိုသွားပါလေ၊ ဟုမှာကြားရာ၊ သားငယ်ကမည်သူကို အဖေါ်ပြုရမည်နည်းဟု မေးမြန်းလျှင်၊ မိခင်သည် သားငယ်၏ နားအနီးသို့ကပ်လျက် တစုံတခုကို တီးတိုးပြောလိုက်လေသည်။
သားငယ်သည်ပူပြင်းလှသောအချိန်တွင် ဖုန်ထူသော ခရီးကြမ်းကိုအပြင်းနှင်ခဲ့ရာ ခရီးလမ်းတွင် အရောင်အဝါတောက်ပြောင်သောသူတစ်ယောက်ကိုတွေ့လျှင် အဘယ်သူနည်းဟုမေးလေသည်။ ထိုအခါ အရောင်အဝါနှင့်လူက ငါသည် “ဂုဏ်သရေ”ဖြစ်၏ဟု ပြန်ဆိုလေသော်၊ သူငယ်က သင့်ခရီးကိုသာသင် ဆက်သွားပါလေ။ အမေပြောလိုက်သော ကျွန်ုပ်၏ခရီးဖော်မှာ သင်မဟုတ်ပါဟုဆိုလေသည်။ ဤသို့ဖြင့်ခရီးဆက်ခဲ့ရာ မကြာမြင့်မှီ သာယာသော အသံတစ်ခုကိုကြားရပြန်လေသည်။ အသံရှင်က သင်သည် ကျွန်ုပ်ကိုခရီးသွားဖော်ပြုလိုပါသလား ဟုမေးရာ လုလင်က သင်၏နာမည်အဘယ်သို့ ခေါ်ပါသနည်း။ ဟုမေးရာ အသံရှင်က ငါသည် “စည်းစိမ်” ဖြစ်သည်ဟုပြောရာ သူငယ်က သင့်ခရီးကိုသာ သင်အလိုရှိတိုင်းသွားပါလော့။ သင်သည် ကျွန်ုပ်၏အမေမှာကြားလိုက်သော ခရီးသွားဖော်မဟုတ်ပါဟုဆိုလေသည်။ ထို့နောက်ခရီးဆက်ပြန်ရာ ရွှေရောင်တောက်ပ၍ ခမ်းနားတင့်တယ်သောရထားထက်၌ ရွှေသံငွေသံဆူညံလျက် အနီးသို့ရောက်လာသော သူတစ်ဦးကို တွေ့ပြန်ရာ ရှေးနည်းအတိုင်းပင် မေးမြန်းပြန်လေသည်။ ထိုသူက ဥစ္စာရွှေငွေ ဖြစ်ကြောင်းပြောလေလျှင် ခရီးသွားဘော် ပြုရန်ငြင်းပယ်၍ ခရီးဆက်ခဲ့လေသည်။ နောက်ဆုံး၌အတော်မောပန်းနွယ်းနယ်လာရာ မနီးမဝေးသစ်ပင်ရိပ်တစ်ခု၌ထိုင်နေသော လူတစ်ယောက်ကိုမြင်လျှင် ရုတ်တရက်စိတ်အားတက်ကာ ပထမ၊ ဒုတိယ၊ တတိယလူများနည်းတူ မေးမြန်လေရာ ထိုသူက ကျွန်ုပ်သည် “ဝတ္တရား” ဖြစ်ကြောင်းပြောလေလျှင် လုလင်သည်ဝမ်းမြောက်ဝမ်းသာဖြင့် သင်သာလျှင် ကျွန်ုပ်၏မိခင်မှာကြားလိုက်သော ခရီးဖော်ဖြစ်ပေသည် ဟုဆိုလျက် နှစ်ယောက်အတူ ခရီးဆက်ခဲ့ကြလေသည်။
ထို့အတူ ဘဝခရီး၏ရည်ရွယ်ချက်ကို ရောက်ရှိရန်နှင့် ဘဝခရီးဆုံးရှုံးမှုမှလွတ်ကင်းစေရန်၊ ဘဝခရီးကို သွားနေကြသည့် လူငယ်တို့အတွက် ခရီးသွားအဖေါ်ကောင်း တယောက်လိုအပ်လှပေသည်။ ၎င်းတို့သည် မိမိကိုဘဝခရီးလမ်းတွင် အထက်ပါဒဏ္ဍရီ ဝတ္ထုတွင်ဘတ်ရှုရသော ခရီးသွားမိတ်ဆွေတုများ ဖြစ်ကြသည့် ဂုဏ်ပကာသန၊ စည်းစိမ်၊ ဥစ္စာရွှေ၊ငွေတို့ဖြင့် အဖေါ်မပြုမူ၍ ခရီးသွားအဖေါ်ကောင်း ဖြစ်သော ဝတ္တရားနှင့်တွဲဘက် သွားလာခြင်းအားဖြင့် လိုရာခရီးကို ချောမောစွာရောက်ရှိနိုင်ကြလိမ့်မည်။