Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
ကိုယ်ကျင့်သိက္ခာ အခန်း(၂)ပထမပိုင်း ဘဝအသက်ရှင်မှု၏ပြသနာ။ #(၁)အဖြေရှာရှင်းလင်းသင့်သောကြီးကျယ်သည့်ပြသနာ။
ဘဝအသက်ရှင်မှုသည် ခရီးတခုကို သွားနေရသည်နှင့်တူ၏။ ၎င်းလမ်းခရီးမှာ တခါတရံမြင့်တက်၍၊ တခါတရံ နိမ့်ဆင်း၏။ တခါတရံဂုဏ်ကြက်သရေဖြင့် တင့်တယ်၍၊ ရံဖန်ရံခါချို့ယွင်းချက်များ ညည်းတွားသံတို့ဖြင့် ဖုံးလွှမ်းဘိ၏။ တခါတရံစိတ်ကူးကြံစည်ခြင်း ကြိုးစားအားထုတ်ခြင်းများသည် အခက်အခဲ အဆီးအတားများဖြင့် တွေ့ထိကာပြိုလဲပျက်စီးကြရ၏။ အသက်ရှင်မှုသည် အပျော်အပါးသက်သက်မျှဖြစ်သောဇာတ်လမ်းလည်း မဟုတ်။ အလွမ်းအဆွေးဇာတ်လမ်းတခုလည်းမဟုတ်၊ ၎င်းသည်မြတ်စွာဘုရားသခင်ထံမှလာသည့် အလွန် အဘိုးထိုက်တန်သောဘဏ္ဍာတခုဖြစ်သည်။ များစွာသောလူများသည် ၎င်းကိုထိုက်တန်စွာတန်ဘိုးထား လေးစားခြင်းမရှိကြ။ ပေါ့လျှော့စွာကုန်ခန်း၊ ပြုန်းတီးစေကြသည်။ အထူးသဖြင့်လူများသည် ထိန်းချုပ်ခြင်း မရှိသော ကိလေသမှမကောင်းသော အပေါင်းအဘော်များ၏ လှည့်စားခြင်းကိုခံကြရသည်။ ငယ်ရွယ်စဉ် ဘုရားသခင်ထံမှရရှိသည့် ဆုကျေးဇူးကို ဖြုန်းတီးခဲ့ကြသဖြင့် နောက်ကာလတွင် သည်းထန်စွာငိုကြွေးကြရ၍၊ ၎င်းတို့၏တသက်တာလုံး အမှားအယွင်းများ၏ မကောင်းသောအကျိုးဆက်ဒဏ်ကို ခံစားကြရသည်။ များစွာသော သူများသည် လူငယ်များအား၊ အမှားကိုပြုပြင်ကာ အမှန်ကိုပြသပေးမည့်အစား၊ ၎င်းတို့၏မကောင်းသော ပုံသက်သေများ၊ မကောင်းသောစာအုပ်များ၊ မကောင်းသောရုပ်ရှင်များအားဖြင့် လမ်းမှားသို့ရောက်စေကြကုန်သည်။
ဘဝအသက်ရှင်မှု၏ မကောင်းသောတရားများကိုသွန်သင်ပေးကြသည်။ ဥပမာ ၎င်းတို့က ဘဝအသက်ရှင်မှုဆိုသည် ပျံ့လွင့်နေသောခဏတာအချိန်ကလေး၊ ပျော်ပါးစံစားခွင့်ရရှိသော အချိန်တိုကလေးဟူ၍လည်းကောင်း၊ ဘဝအသက်ရှင်မှုဆိုသည် ခဏမျှသာပွင့်လန်း၍ညှိုးနွမ်းသွားမည့် ပန်းတပွင့်နှင့်တူသည်ဟူ၍လည်းကောင်း၊ ဘဝအသက်ရှင်မှုသည် ဒုက္ခခံစားရသောမကောင်းသည့် အရာသာဖြစ်၍ လျင်မြန်နိုင်သမျှလျင်မြန်စွာချုပ်ငြိမ်းအောင်ပြုရမည်ဟူ၍လည်းကောင်း သင်ပြကြကုန်သည်။ အချို့သောလူငယ်များသည် အထက်ပါသင်ပြချက်များကို ယုံကြည်စွဲလမ်းလျက် အဘိုးတန်ဆုလာဘ်တော်ဖြစ်သည့် အသက်ရှင်နေရခြင်းကို အလွဲသုံးစားပြု၍ သိက္ခာမဲ့သောလမ်းစဉ်ကို လိုက်ကြကုန်သဖြင့် အသင်းအဖွဲ့များက ၎င်းတိုကိုစွန့်ပယ်ကြကုန်သည်။ သူတို့အား ထိုပျက်စီးခြင်းသို့ရောက်အောင် သင်ပြပေးသူများကလည်းစက်ဆုတ်ကြကုန်သည်။
သို့ဖြစ်၍လူငယ်များသည် သတိကောင်းစွာထားလျက် သူတပါး၏လှည့်စားခြင်းကို မခံရလေအောင်အမြင်ကျယ်ကျယ် ကြည့်ရှုတတ်ကြရမည်။ တနေ့တွင်ပျော်မွေ့ခြင်းချမ်းသာကို ခံစားလိုကြပါမူ မိမိတို့ကိုယ်တိုင်ဘဝအသက်ရှင်နေရခြင်း၏ပြဿနာကို ပညာဉာဏ်ဖြင့်ရဲရင့်စွာဖြေရှင်းနိုင်သောလမ်းကိုရှာကြရမည်။
ရှေးဟောင်းပုံပြင်တခုတွင် အောက်ပါအတိုင်းဘော်ပြထားသည်ကိုတွေ့ရလေသည်။
““ရှေးသရောအခါဘုရင်တပါး၌ သားတော်တပါးရှိ၏။ ဘုရင်၏စစ်တပ်များသည် သမုဒ္ဒရာ၏ဟိုမှာဘက်တွင် ရှိသောတိုင်းပြည်တပြည်ကို အောင်မြင်သိမ်းပိုက်မိသဖြင့် ဘုရင်သည်သားတော်အား ထိုတိုင်းပြည်တွင် မင်းပြုစေအံ့ဟု ကောင်းမွန်ခိုင်ခံ့စွာပြုလုပ်ထားသောသင်္ဘောတစင်းတွင် အခြွေအရံပရိသတ်၊ မှူးမတ်များနှင့်တကွ စေလွှတ်လိုက်တော်မူ၏။ ရက်အနည်းငယ် ကြာလတ်သော် ပင်လယ်၌ ကြောက်မက်ဘွယ်လေမုန်တိုင်းကျရောက်သဖြင့် သင်္ဘောနစ်မြုပ်ပျက်စီးလေရာ ပျဉ်တချပ်ကိုတွယ်မိသော မင်းသားကလေးမှတပါး၊ ပါသမျှလူအားလုံး ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ကြကုန်၏။ နာရီအနည်းငယ်မျှကြိုးစား၍ ကူးခတ်ခဲ့ရာ၊ သဲကန္တာရတခုသို့တက်ရောက်မိလေလျှင် အတန်ကြာမျှအပန်းဖြေနားနေပြီးနောက် အကူအညီကို လှည့်လည်ကြည့်ရှုရာ တောင်ကုန်းတခုပေါ်၌ မြို့တမြို့ကိုမြင်ရလေသော်၊ မြို့ဆီသို့လျှောက်သွားစဉ် မြို့တံခါးမှ လူများသည်ကြွေးကြော်လျက် သူထံသို့လာနေကြသည်ကို အံ့သြစွာတွေ့ရလေသည်။ သို့ရာတွင် ထိုအချိန်၌ အဝတ်အစားများမှာ ခန့်ညားထယ်ဝါခြင်းမရှိသဖြင့်၊ ထိုလူများနှင့်မတွေ့လို၍ ပုန်းအောင်းနေသော်လည်း ၎င်းတို့သည် သူအပါးသို့ရိုသေစွာချဉ်းကပ်လျက် သူကိုနန်းတော်သို့ရွှေရထားဖြင့် တင်ဆောင်ခဲ့ကြပြီးလျှင်၊ နန်းတော်သို့ရောက်သောအခါ ရွှေသရဖူကိုဦးခေါင်းပေါ်တင်လျက်၊ သင်သည် ကျွန်ုပ်တို့၏ ဘုရင်ဖြစ်ပါပြီဟု လျှောက်ထားလေသည်။ သူသည် ဤတိုင်းပြည်ကား ငါ၏ခမည်းတော် စေလွှတ်လိုက်သော တိုင်းပြည်မဟုတ်ကြောင်း ကောင်းစွာသိ၏။ သို့ရာတွင်ပြည်သူပြည်သားများသည် သူ့ကိုရိုသေလေးစားကာ၊ သူ၏အမိန့်အာဏာကိုလည်းနာခံကြခြင်း၊ သူရောက်လာသည့်နေ့မှစ၍ ပွဲလမ်းသဘင်များခင်းကျင်းဖျော်ဖြေကြခြင်းများကြောင့် တဖြည်းဖြည်းနှင့်သူ၏ဘခမည်းတော်စေလွှတ်လိုက်သောတိုင်းပြည်ကိုပင် မေ့လျော့သွားလေတော့သည်။ သူရောက်ရှိလာခြင်းကြောင့် နန်းတော်တစ်ခုလုံးပျော်ရွှင်မြူးတူးလျက်ရှိကြသော်လည်း အမတ်ကြီးတပါးသည် အခြားသူများကဲ့သို့ပြူးတူးရွှင်လန်းခြင်းမရှိ။ တခါတရံ မင်းသားကလေးအား ဝမ်းနည်းသောအသွင်ဖြင့် စူးစိုက်ကြည့်နေတတ်သည်ကို မင်းသားကလေးသည် သတိမူမိသဖြင့် တနေ့တွင်ထိုအမတ်ကြီးကိုခေါ်ယူကာ အကျိုးအကြောင်းကိုမေးလေသည်။
“အဘယ်ကြောင့်သင်သည် အခြားသူများကဲ့သို့ ကျွန်ုပ်အားဖေါ်ရွေစွာ လက်ခံလိုခြင်းမရှိသနည်း။”
“ကျွန်တော်မျိုးသည် အရှင်မင်းသားအား လှည့်စားရန်မဝံ့ကြောင်းပါဘုရား။”
“သို့ဖြစ်လျှင်အခြားသူများသည် ကျွန်ုပ်ကိုလှည့်စားနေကြသလော။”
“မှန်လှပါ၊ အရှင်မင်းသားသည် ကျွန်တော်မျိုး၏စကားကိုနားထောင်ပါမည်ဆိုလျှင်၊ အရှင်မင်းသားအားလျှို့ဝှက်မှုကြီးတခုကို ဘော်ပြလိုပါသည်ဘုရား။”
“ယုံကြည်စိတ်ချစွာ လျှောက်ထားပါ။”
“ကျွန်တော်မျိုးသည် ဤအကြောင်းကို ယခင်ကဘုရင်များအား မလျှောက်ထားခဲ့ဘူးပါ၊ အရှင်မင်းသားကို စတင်တွေ့ရှိစဉ်ကပင်၊ စိတ်နှလုံးကောင်းပုံရသဖြင့်ပြောပြလျှောက်ထားခြင်းဖြစ်ပါသည်။ ဤတိုင်းသူ ပြည်သားများသည် သူတို့၏ဘုရင်ကိုနှစ်စဉ်အသစ်လဲရန် ဥပဒေတရပ်သဘွယ် ပြုကျင့်နေကြပါသည်။ ၎င်းတို့သည် အလွန်ရက်စက်သော နည်းလမ်းဖြင့်ပြုလေ့ရှိပါ၏။ ပဌမ၌၎င်းတို့သည် ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်ရောက်ရှိလာသောသူ တဦးအားကောင်းစွာခရီးဦးကြိုပြုလျက် နန်းတော်သို့ပင့်ဆောင်ကာ ဘုရင်တင်မြှောက်ကြ၍ တနှစ်ပြည့်သောအခါ ထိုဘုရင်ကိုပင်လယ်ကမ်းခြေသို့ယူဆောင်လာကြပြီးလျှင် ဘုရင်၏ဝတ်လုံတော်များကို ချွတ်ယူ၍၊ ထိုသူ၏မူလအဝတ်အစားများကို ပြန်လည်ဝတ်ဆင်ပေးပြီးနောက် တောင်တစ်ခုတွင်တင်ကာ ပင်လယ်ရေစီးကြောင်းတစ်ခုသို့မျှောချလိုက်ကြပါသည်။ ထိုသူမှာကျောက်ထူထပ်သော ကျွန်းကလေးတစ်ကျွန်းသို့ သွားရောက်တင်ပြီးလျှင် အစာငတ်မွတ်ခြင်းဘေးဖြင့်ဘဝဆုံးပါးတော့သည်။”
“သင်လျှောက်တင်ချက်အတိုင်းဆိုလျှင် အလွန်ကြောက်ဘွယ်ရာ ကောင်းလှပါသည်။ ထိုကြောက်မက်ဘွယ် ဘေးအန္တရာယ်မှ လွတ်မြောက်ဘွယ်နည်းလမ်းများရှိပါသေးရဲ့လား။”
“အရှင်မင်းသားသည် ဉာဏ်ပညာနှင့်ပြည့်စုံ၍ အရေးအရာကိုမျှော်တွေးတတ်ပါလျှင် လွတ်မြောက်နိုင်စရာ အကြောင်းရှိပါသည်ဘုရား။”
“အဘယ်နည်းလမ်းပါလဲ။”
“အရှင်မင်းကြီးသည် မင်းအဖြစ်နှင့်အတန်ကြာအောင် အုပ်စိုးနေရန်အချိန်ရှိပါသေးသည်။ ယခုအချိန်တွင် ဤပြည်သူ ပြည်သားမှန်သမျှ အရှင်မင်းကြီးအမိန့်ပေးစေခိုင်းရာကို လိုက်နာပြုလုပ်ကြရပါမည်။ သို့ဖြစ်၍ ကျေးကျွန်များအား လူသူကင်းမဲ့သောထိုကျွန်းကလေး သို့စေလွှတ်ကာ ခမ်းနားသောနန်းတော် တခုကိုတည်ဆောက်စေ၍ အစာရိက္ခာများနှင့်၊ အရှင်မင်းကြီးအတွက်လိုအပ်သမျှကို သိုလှောင်ထားရန်စေခိုင်းတော်မူပါ။ ဤသို့အားဖြင့် ယခုဘဝထက်ကောင်းမွန်သော အခြေအနေဖြင့်စံမြန်းနေနိုင်တော်မူပါလိမ့်မည်ဘုရား။”
“အမတ်ကြီးအား အလွန်ကျေးဇူးတင်ရှိပါ၏။ ကျွန်ုပ်သည်အမတ်ကြီးပြောသမျှကို ချက်ချင်းပင်စတင်ဆောင်ရွက်ပါအံ့။”
ဤသို့အားဖြင့်မင်းကြီးသည် ထိုကျွန်း၌ခမ်းနားတင့်တယ်သောနန်းတော်ကို တင်ကြိုစီမံကာဆောက်လုပ်လုပ်ခဲ့သဖြင့်၊ ပြည်သူပြည်သားများက တိုင်းပြည်မှနှင်ထုတ်လိုက်သောအခါ၊ ထိုနေရာကိုရောက်ရှိကာ ကျေးကျွန်အသစ်များ၏ခရီးဦးကြိုပြုခြင်းနှင့်၊ အဘိုးထိုက်တန်သော သရဖူကိုဆောင်းလျက် မင်းအဖြစ်ဘိသိက်မြောက်ခြင်းကိုခံရပြီးလျှင် ယခင်ထက်ပို၍ချမ်းသာစွာ အသက်ထက်ဆုံးစံမြန်းနေတော်မူလေသည်။””
ဤပုံပြင်ကလေး၏ လိုရင်းဥပဒေသကို အလွယ်တကူသိရှိနိုင်ပေသည်။ မင်းသားကလေးမှာ လောကရှိလူများနှင့်တူ၍ ခမည်းတော်ဘုရင်ကြီးမှာမြတ်စွာဘုရားသခင်နှင့်တူလေသည်။ မင်းသားကလေးသည် သင်္ဘောပျက်ခြင်းတည်းဟူသောအပြစ်ဒုစရိုက်အတွက်ကြောင့် မိမိဘခင်စေလွှတ်တော်မူသောတိုင်းပြည်နိုင်ငံ တခုသို့ရောက်ရှိကာမင်းအဖြစ်ကိုရရှိလေသည်။ ၎င်းနိုင်ငံတွင်အုပ်ချုပ်မင်းလုပ်ရခြင်းကား တခဏမျှသာဖြစ်၍ တိုတောင်းလှသော ကျွန်ုပ်တို့၏ယခုဘဝနှင့်တူလေသည်။ ဤဘဝတွင် များစွာသောလူများသည် အပျော်အပါး လောကီစည်းစိမ်များ၌ နစ်မွန်းကာမိမိတို့၏မူလအစအဖြစ်သောအဘမည်းတော်အားမေ့လျော့ကြလျက် သူတို့ကိုလှည့်စားနေသူများကို နားထောင်ကာ အချိန်ကုန်လွန်ကြလေသည်။ သို့အားဖြင့် ထိုသူတို့သည်မိမိတို့ကိုယ်ကို ပျက်စီးဆုံးရှုံးခြင်းသို့ရောက်စေကြကုန်၏။
သို့ရာတွင်အချို့တို့မှ ဘဝအသက်ရှင်မှု၏ မှန်သောရည်ရွယ်ချက်ဖော်ပြသွန်သင်သူ မိဘအကြီးအကဲများ၏စကားကိုနားထောင်ကာ ၎င်းတို့၏ကောင်းသောအကြံဉာဏ်ပေးခြင်းများကို လိုက်နာကြသဖြင့် အလွန်ပင်ကံကောင်းကြသည်။ အကြောင်းမူကား သူတို့သည် မိမိတို့ဇာတိမူလနှင့်၊ သေခြင်းတရားသည် သူတို့ထံမှအရာခပ်သိမ်းကိုနုတ်ယူ မည့်အကြောင်းကို တွေးတောမိကြသဖြင့်၊ မသေမှီတွင် ကုသိုလ်ကောင်းမှုများကို ဆည်းပူးခြင်း၊ ဆုတောင်းမေတ္တာပြုခြင်းတည်းဟူသော အစေခံများကို ၎င်းတို့သွားရောက်ရမည့် နေရာဌာနသို့စေလွှတ်ကာ၊ မိမိတို့အတွက် ခိုလှုံရာဘုံဗိမာန်များကို ဆောက်လုပ်နိုင်ကြလေသည်။
အခြားသူတပါးမှာ အကြံဉာဏ်ပေးခြင်း၊ နည်းလမ်းကောင်းများကို ညွှန်ပြခြင်းများသာလုပ်နိုင်၍ မိမိတို့ကိုယ်တိုင်သာ တဦးစီ၊တဦးစီအတွက်သုခဘုံဗိမာန်ကိုဆောက်တည်ကြရပေမည်။ ပြုသမျှအမှုကိစ္စအားလုံးသည် ပြုသူ၌သာတာဝန်ရှိသည်။ ကုသိုလ်၊အကုသိုလ်ပြုခြင်းမည်သည် ထိုသူအတွက်နောက်ဘဝတွင် ဆုလာဘ်(သို့မဟုတ်)ဒဏ်ခံယူရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။ သို့ဖြစ်၍ ကိုယ်စီကိုယ်ငှ ဘဝအသက်ရှင်မှု၏ ပြသနာကြီးကိုကိုယ်တိုင်ဖြေရှင်းကြရမည်။ ငယ်ရွယ်စဉ်မှစ၍ မိမိကိုယ်ကိုလမ်းမှန်သို့ရောက်အောင် ပိုရမည်။ လမ်းမှန်သိုရောက်ပြီးနောက် ဘယ်ညာယိမ်းယိုင်သွေဖီခြင်းမပြုပဲ၊ ပန်းတိုင်းအရောက် ဖြောင့်ဖြောင့်စိုက်စိုက်လမ်းကိုလိုက်ရမည်။ ထိုသို့ဖြစ်ရန်မှာ ထုံးစံအားဖြင့် မိမိကိုယ်ကို အဘယ်သူဖြစ်သည်၊ အဘယ်ကလာသည်၊ အဘယ်ကိုသွားရမည်ဟု ရှင်းလင်းပြတ်သားစွာ သိရှိထားဘို့လိုလေသည်။
ဆောင်းပါးများ