ကိုယ်ကျင့်သိက္ခာ.. အခန်း(၁)ဒုတိယပိုင်း ဘာသာအယူဝါဒနှင်ကိုယ်ကျင့်တရား #၄။လူသည် ဘာသာတရားနှင့်ကင်း၍ ဆောင်ရွက်နိုင်သလော။
#၄။လူသည် ဘာသာတရားနှင့်ကင်း၍ ဆောင်ရွက်နိုင်သလော။
#(က)သင်၏တသက်တာခရီးတွင် ဘာသာတရား ဟူသမျှကို ပျက်ရယ်ပြုကာ၊ ဘာသာတရားနှင့်ကင်းလျက် အရာခပ်သိမ်းကို ဆောင်ရွက်နိုင်ပါသည်ဟု ယုံကြည်နေကြသောသူအချို့ကိုကွေ့ရလိမ့်မည်။ ၎င်းတို့က “ဂုဏ်အသရေရှိသူတစ်ယောက်ဖြစ်လာလျှင် လုံလောကက်ပြီ။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ရန်မလို”
ဟု ဆိုကြပေမည်။
အချို့တို့မှာ အပေါ်ယံအားဖြင့် ကြည်ညိုဘွယ် ကိုယ်မူကိုယ်ကျင့် ရှိကောင်း ရှိကြပေမည်။ သို့ရာတွင်၎င်းတို့၏ ကျင့်စဉ်တရားမှာ ပတ်ဝန်းကျင်ကိုသြဇာလွှမ်းမိုးနိုင်ရန်နှင့် ရိုသေလေးစားမှုကိုခံယူ အတွက်သာရှေးရှု၍လည်းကောင်း၊ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ချောမောကိုရရှိစေရန်လည်းကောင်း၊ သို့မဟုတ် အခြားသူတပါး၏နှစ်သက်ချစ်ခင်မှုအတွက် လည်းကောင်း၊ ပြုအပ်သော နည်းလမ်းဥပဒေမျှသာဖြစ်ပေမည်။ ဤဥပဒေကို လိုက်နာကျင့်သုံးရန် ကြိုးစားခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့ဂုဏ်သိက္ခာကို ထိခိုက်စေမည့် များစွာသောအပြစ်အနာအဆာများ ရှောင်ကြဉ်နိုင်ကောင်း ရှောင်ကြဉ်နိုင်ကြပေမည်။ သို့ရာတွင် ၎င်း၏ အတွင်းစိတ်၌ အဘယ်သို့ ရှိလိမ့်အံ့နည်း။ သူတို့၏ အတွင်းစိတ်တွင် ဆိုးသွမ်းသောကြံစည်တောင့်တချက်များမှာ အပြင်အမူအရာနှင့် ဆက်စပ်မရအောင် ကွာလှမ်းကြသည်ကိုမူ ဘုရားသာလျှင်တိကျစွာ သိနိုင်ပေလိမ့်မည်။ ၎င်းတို့သည်အပေါ်ယံဝါဝင်းလှပ၍အတွင်း၌ ပိုးအတိပြည့်သောသဖန်းသီးသဖွယ် ကြောင်သူတော်နှယ်ရှိပေလိမ့်မည်။
၎င်းတို့၏ အကျင့်သိက္ခာမှာ နိုင်ငံရေးရာ အာဏာပိုင်များ၏ အပြစ်ဒဏ်မှရှောင်ရှား ကင်းလွတ်နိုင်ရန်အတွက်သာ လုံလောက်ပေမည်။ ၎င်းတို့ကို ဖန်ဆင်းထားခြင်း၏ ရည်ရွယ်ချက် ပြည့်စုံစေရန်အတွက် လုံလောက်မည်မဟုတ်ပေ။ ၎င်းတို့သည် ကျောက်ဆစ်သမား၏ အကြမ်းအားဖြင့် ရာထားသော ကျောက်တုံးသဘွယ်ရှိ၏။ သို့ရာတွင် ကျောက်ဆစ်သမားသည် ကျောက်တုံး၌ ရုပ်ထုလုပ်ရန် အပြစ်အနာများစွာ တွေ့မြင်ရသောအခါ စွန့်ပယ်လိုက်မည် အမှန်ဖြစ်သည်။
#(ခ)အချို့သူများမှာ ငယ်ရွယ်စဉ်ကဘာသာအယူဝါဒကိုယုံကြည်ခဲ့ကြ သော်လည်း ကြီးပြင်းလာသောအခါ၌မူ ဘာသာဟူသမျှကိုစွန့်ပယ်လျက် ပေါ့ဆစွာနေတတ်ကြလေသည်။ ထင်ရှားကျော်စောသော နက္ခတ်ဆရာကြီးကာပဲလ်ရူးစ်(Keplerus)က “အကယ်၍ကြယ်တစ်လုံးသည်သူ၏သွားရာလမ်းမှ ဖောက်ပြန်သွေဖီ၍သွားခဲ့ပါလျှင် စင်္ကြဝဌာတစ်ခုလုံးသည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။”ဟု ပြောဖူးလေသည်။ ဤအတိုင်းပင် ဘာသာတရားကိုထုတ်ပယ်ထားသော လူတဦးစီ၏ကမ္ဘာငယ်၌ တွေ့ကြုံဖြစ်ပျက်လျက်ရှိလေသည်။ စကြ်ာဝဠာ တခုလုံးသည် သတ်မှတ်ချပေးထားသော လမ်းကြောင်းကို လိုက်နာလည်ပတ်နေခြင်းအားဖြင့် မြတ်စွာဘုရားသခင်ကို နာခံကြကုန်၏။ ထိုမြတ်စွာဘုရားသခင်သည် ဖန်ဆင်းထားသမျှသော အရာသတ္တဝါအားလုံးတို့အနက် အမြတ်ဆုံးဖြစ်သောလူကိုလည်း မြင့်မြတ်သောကိုယ်ကျင့်တရားဆိုင်ရာ စည်းကမ်းဥပဒေများကို သတ်မှတ်ချပေးတော်မူလေသည်။ သို့ဖြစ်၍ ဘုရားသခင်၌ ယုံကြည်ခြင်းပျောက်ဆုံးပြီးသည်နှင့်တပြိုင်နက်၊ စာရိတ္တမဏ္ဍိုင်လည်း ယိုင်စပြုလာလေသည်။ ဤယုံကြည်ခြင်းမရှိခဲ့သော် ဤဘ၀၌ ပေါ်ပေါက်လာသောအခက်အခဲ ပြဿနာကြီးများကို အဘယ်သို့ဖြေရှင်းနိုင်မည်နည်း။ ကျွန်ုပ်တို့ဘဝအသက်ရှင်မှု၏ ရည်ရွယ်ချက်သို့ရောက်သော လမ်းမှန်ကို အဘယ်သူ ညွှန်ကြားနိုင်မည်နည်း။ ကျွန်ုပ်တို့အပြုအမူများ၏မှန်ကန်ထိုက်တန်သော မျှော်မှန်းချက်ကို အဘယ်သူ ပေးနိုင်အံ့နည်း။ ဘုရားကို ယုံကြည်ခြင်းမှေးမှိန်သွားခဲ့လျှင်၊ ပညာသင်ကြားတတ်မြောက်ပြီးသော ကျောင်းသားတယောက်သည် အလုပ်အကိုင်ကောင်းကို ရနိုင်သည်ပင်ဖြစ်စေကာမူ၊ သူ၏ဘဝတန်ဘိုးမှာ အလွန်ပင်နည်းလှ၏။ ထိုကျောင်းသားသည် သူ၏ပညာဗဟုသုတအတွက် နှစ်သက်အားရနိုင်မည်ဖြစ်သော်လည်း၊ သူသည် လျှပ်စစ်ဓါတ်အား မဆက်ရသေးသော ဓါတ်မီးဖလ်သီးတခုနှင့်တူလိမ့်မည်။ သူသည် သူ၏သဘာဝဆုလာဘ်အတွက် ကျေနပ်နှစ်သက်ဘွယ်ရှိနိုင်သော်လည်း၊ သူ၏ဘ၀ကား အရုပ်မဲ့သောမှန်ဘောင်၊ နေမဲ့သောသောကမ္ဘာ၊ ကြယ်တာရာမဲ့သောည၊ ပျော်မွေ့ခြင်းကင်းသောနှလုံးနှင့်တူလေသည်။
#(ဂ)“ဘာသာသည်လူထု၏ဘိန်းဖြစ်သည်”ဟု ကားလ်မက်က စွပ်စွဲပြောဆိုခဲ့သည်။ ဘာသာသည် အာဏာပိုင်တို့၏ အထွဠ်အထိပ်ဖြစ်သောကြီးမြတ်သည့်အရှင်သခင်၏ စိုးပိုင်ခွင့်အာဏာကို ပြသည်ဖြစ်သောကြောင့် ကွန်မြူနစ်များသည် ဘာသာဟူသမျှကိုဖျက်ရန် ရည်ရွယ်အားထုတ်ကြသည်။ ၎င်းတို့သည် ဘာသာဟူသမျှကို ဖိနှိပ်ကြပြီးနောက် လူသည်အဘယ်ကလာသည်၊ အဘယ်ကြောင့်လောကမှာ အသက်ရှင်နေသည်၊ အဘယ်အရပ်သို့ သွားရမည်ဟူသော ဘဝအသက်ရှင်မှု၏ အနက်နဲဆုံးသော မေးခွန်းကို ၎င်းတို့သဘောအတိုင်း အဖြေအပေးရန်ကြိုးစားကြသည်။
၎င်းတို့သည် နောက်ဘဝ၏ ယုံကြည်မှုဟူသမျှကို ရှုတ်ချငြင်းပယ်ကြသည်။ ၎င်းတို့က လူသည်ဤဘဝ၌ရှိနေစဉ် အခက်အခဲ ဟူသမျှကိုရုန်းကန်တွန်းလှန်၍ အလုပ်လုပ်ရမည်။ နောင်ဘဝအတွက် မည်သည့် ပျော်မွေ့ချမ်းသာခြင်းကို မမျှော်မှန်းရဟု ဆိုသည်။ ၎င်းတို့ အနေဖြင့်အကယ်၍ တကမ္ဘာလုံး ကွန်မြူနစ်ဖြစ်သွားသည်နှင့်တပြိုင်နက်၊ ပုတ်သင်၏အရောင်သည် လျင်မြန်စွာပြောင်းသကဲ့သို့ လူ့သဘာဝ လူ့သဘောတရားအားလုံးလည်း တညအတွင်းမှာပြောင်းလဲကာကိုယ်ကျိုးရှာခြင်း၊ ပျင်းရိခြင်း၊ မနာလိုခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းများသည် လုံးဝမရှိတော့ဘဲ ပျောက်ကွယ်သွားလိမ့်မည်ဟု မိုက်မဲစွာ ယုံကြည်လျက်ရှိကြသည်။
#၅။ဘာသာရေးနှင့်၎င်း၏အကျိုးဆက်များ
#(က)ဘာသာတရားသည်လူထု၏ဘိန်းမဟုတ်။ ဘာသာအယူဝါဒ၊ အထူးသဖြင့်ကွန်မြူနစ်များ၏ဘုရားတရားမဲ့ အယူဝါဒသာလျှင်လူထု၏ဘိန်းဖြစ်သည်။ အကြောင်းမှာ ၎င်းအယူဝါဒသည် အားလုံးလွတ်လပ်ခြင်း၊ ကျေနပ်ရောင့်ရဲခြင်း၊ စုံလင်သောပျော်မွေ့နှစ်သိမ့်ခြင်း၊ သင်္ချိုင်းမှတပါး နောက်ဘဝမရှိခြင်း၊ ပြုခဲ့သမျှအတွက် ကောင်းကျိုးဆိုးကျိုးကို စီရင်မည့်နေရာဌာနမရှိ၊ ဤလောကသာလျှင် နိဗ္ဗာန်ဟုလူထုအား မှားယွင်းသော စိတ်ကူးယဉ် အိပ်မက်တွင် နစ်မွန်းစွဲလမ်းစေကြသောကြောင့်ဖြစ်လေသည်။ ဘာသာတရားသည် လူထု၏ ဘိန်းဖြစ်မည့်အစား လူ၏မျှော်လင့်အားထားရာသာလျှင်ဖြစ်၏။ ဟုတ်မှန်သော ဘာသာတရားအားဖြင့်သာလျှင်၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းသာယာရေးနှင့် ပေါင်းသင်းဆက်ဆံရေး၏ တရားမျှတမှုများကို ကမ္ဘာပေါ်တွင် ဆောက်တည်ထိန်းသိမ်းနိုင်မည်ဖြစ်၏။ အကြောင်းမှာ ဘာသာတရားတခုသာလျှင် တရားမျှတခြင်း၊ မေတ္တာတရားကို လက်ကိုင်ထားခြင်း၊ ညီအစ်ကိုအချင်းချင်းကို ထောက်ထားညှာတာခြင်း၊ ဘုရားသခင်နှင့်တကွ အခြားသူတပါးအပေါ် ပြုအပ်သောတာဝန်ကို ကျေပြွန်စွာ ရွက်ဆောင်ခြင်းများကိုပြုရန် လူများအားတိုက်တွန်း နှိုးဆော်နိုင်ပေသည်။
#(ခ)ဘာသာတရားတခုသာလျှင် ကျွန်ုပ်တို့အား ဤဘဝ၌နေထိုင်ရခြင်း၏ရည်ရွယ်ချက်ကိုရောက်ရန် ကူညီနိုင်ပေသည်။ အထူးသဖြင့် ခက်ခဲသောအချိန်ကာလဆိုးကြီးတွင် အင်အားသတ္တိကိုဖြစ်ပေါ်စေနိုင်သည်။
“နပိုလီယံသည် သူ၏စစ်တပ်ကြီးကို ကွပ်ကဲလျက်မော်စကိုမှ ဆုတ်ခွါလာခဲ့ရာကြောက်မက်ဘွယ်သော အအေးဒဏ်နှင့်နှင်းမုန်တိုင်းများကြောင့် များစွာသော သူ၏စစ်သားများမှာ လမ်းခရီးတွင် သေကြေပျက်စီးခြင်းသို့ ရောက်ကြကုန်သည်။ လမ်းခရီးတွင် တနေရာ၌ စခန်းချပေးနေစဉ် တညလုံးဆီးနှင်းများပြင်းထန်စွာကျသဖြင့် တဲများမှာ ဆီးနှင်းများအောက်တွင် နစ်မြုပ်ကာ၊ စစ်သားအားလုံးမှာ ပင်ပန်းခြင်း၊ အေးမြခြင်းကြောင့် တိတ်ဆိတ် ငြိမ်သက်စွာ အိပ်မောကျလျက်ရှိကြ၏။ သို့ရာတွင် တဲတလုံးမှ မီးရောင်တခုကိုမြင်ရသဖြင့် စုံစမ်းစေရာ ဗိုလ်မှူးငယ်တဦး ဆုတောင်းမေတ္တာပြုနေသည်ကို သိရလေသည်။
နပိုလီယံသည် ထိုဗိုလ်မှူးငယ်အား ဗိုလ်မှူးချုပ်ရာထူးကို တိုးမြှင့်ခန့်အပ်လိုက်လေသည်။ ၎င်းဗိုလ်မှူးချုပ်အသစ်က ကျွန်ုပ်သည်သေခြင်းနှင့်ငတ်မွတ်ခြင်းများကို မကြောက်ပါ၊ ကျွန်ုပ်အားခွန်အားသတ္တိကိုပေးသော မြတ်စွာဘုရားသခင်ကိုသာလျှင် ကြောက်ရွံပါသည်ဟုပြောဆိုလေသည်။”
#(ဂ)၎င်းပြင် ဘာသာတရားသည် လူများအားအမှန်တရားကို ရှာဖွေရန်ကူညီသည်။ ဘာသာတရားမရှိလျှင် ကောင်းမှု၊ မကောင်းမှုဆိုသည်မှာ အဓိပ္ပါယ်မရှိနိုင်။ ဘာသာတရားသည်လူတိုအား အမြင့်မြတ်ဆုံးသောပုဂ္ဂိုလ်မှာ ဘုရားသခင်ဖြစ်တော်မူကြောင်းနှင့် ဤလောကသတ္တဝါအပေါင်းတို့သည် ၎င်း၏နောက်ဆုံးရည်ရွယ်မျှော်မှန်းရာဖြစ်သော ဘုရားသခင်ထံမှလာကြောင်းကိုဘော်ပြလေသည်။ ဘုရားသခင် သည် စင်္ကြာဝဠာ၏ ဗဟိုအချက်အခြာဖြစ်သည်ဟူသော အမြင့်မြတ်ဆုံးအချက်သည် ကိုယ်ကျင့်တရား၏ အစမူလလည်းဖြစ်လေသည်။ သို့ဖြစ်၍ ကိုယ်ကျင့်တရား၏ အဓိကဥပဒေများမှာ အောက်ပါအတိုင်းဖြစ်သည် ။ သင်၏အပြုအမှုသည်မှန်ကန်သောဆင်ခြင်တုံတရားနှင့်လျော်ညီအောင်ကျင့်ကြံပါ။ ထိုအချက်မှာ အမြင့်မြတ်ဆုံးသော အရှင်သခင်ကို ရိုသေလေးမြက်ခြင်းရှိပါ။ ဆင်ခြင်တုံတရားကဖော်ပြသကဲ့သို့ သတ္တဝါအချင်းချင်း ဆက်ဆံရေးကိုလေးစားပါဟူ၍ဖြစ်သည်။ ဤဥပဒေကို လိုက်နာပြုလုပ်သော အမှုသည် ကောင်းမှုဖြစ်၍၊ ဤဥပဒေနှင့်ဆန့်ကျင်သောအပြုအမူများသည် မကောင်းမှုဖြစ်ကြသည်။
#(ဃ)ဘာသာတရား၏ အကျိုးဆက်များသည် ကမ္ဘာသို့ နေမှပေးသော အကျိုးကျေးဇူးများနှင့်တူလေသည်။ နေသည်ကမ္ဘာကို သူဘေးပတ်လည်မှလွင့်စင်မသွားစေဘဲ သူကိုလှည့်ပတ်နေအောင်ဆွဲဆောင်ထား၍၊ ကမ္ဘာ၏ သက်ရှိများအား အသက်ရှင်နေနိုင်အောင် အပူနှင့်အလင်းကိုလည်း ပေးလေသည်။ အကယ်၍နေသည် ကမ္ဘာကို ဆွဲငင်မထားခဲ့လျှင် ကမ္ဘာသည်သွားရာလမ်းကြောင်းမှ လွင့်စင်ကာ နေမှဝေးကွာသော လဟာပြင်သို့ရောက်ရှိသွားပြီးလျှင် နေ့၊ရက်၊လ၊နှစ် စသည့်အချိန်အပိုင်းအခြားများလည်းမရှိ၊ အပူနှင့်အလင်းလည်းကင်းမဲ့ကာ အေးခဲသောသက်မဲ့ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားပေမည်။ အကြောင်းမှာ အပူဓါတ်မရှိလျှင် အစာအဟာရမရှိနိုင်။
အကြောင်းမှာ သစ်ပင်တိရစ္ဆာန်များ သေကြေပျက်စီးကုန်ကြပေမည်။ သောက်စရာရေလည်းမရှိနိုင်။ အကြောင်းမှာ အားလုံးအေးခဲကုန်မည်။ လူများလည်း အေးခဲကာသက်မဲ့အဖြစ်သို့ ရောက်ရှိကြလိမ့်မည်။
#၆။ဘာသာရေးနှင့်အကျင့်သိက္ခာ
ဤကမ္ဘ၌ အလေးအမြတ်ပြုအပ်သောပုဂ္ဂိုလ်မှာ ရည်ရွယ်ချက်လမ်းစဉ်ကို မယိမ်းမယိုင်လျှောက်သွားသောသူ၊ လူအားလုံးအပေါ်၌ ရိုးသားဖြောင့်မတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းရှိ၍၊ မှန်ကန်သောသဘောတရားမှ မသွေမဖီသောသူဖြစ်သည်။ အတိုချုပ်အားဖြင့် ကိုယ်ကျင့်သိက္ခာနှင့် ပြည့်ဝသောသူမှာ ဘာသာတရားသည်မရှိလျှင်မဖြစ်အောင်လိုအပ်သောအရာတစ်ခုဖြစ်ကြောင်းကို သတိမူရပေမည်။
ဘာသာတရားကို လေးစားသော လူငယ်တစ်ဦးသည် မိမိအကျင့်သိက္ခာမှာ အဘိုးအနဂ္ဃထိုက်တန်ကြောင်းကို သိမြင်သည်ဖြစ်၍၊ ၎င်း၏မကောင်းမှု ရွှံ့ညွှန်တွင်နှစ်မြှုပ်လိမ့်မည်မဟုတ်။ နိမ့်ကျသွားအောင်လည်း ပြုမည်မဟုတ်ပေ။ ဘာသာတရားကို လေးစားသောသူသည် အလိုလိုက်အကြိုက်ကိုဆောင်ရွက်သူလည်း ဘယ်အခါမျှ မဖြစ်နိုင်။ အကျင့်ပျက်ပြားသူများ၏ အလယ်၌ရှိစေကာမူ ၎င်းတို့ကို အတုယူမည်မဟုတ်။ သူ၏လမ်းမှန်မှ မသွေမဖီဘဲ ဘုရားသခင်ကိုသာလိုက်နာ နားထောင်ပေမည်။
ဘာသာတရားကို လေးစားသူသည် ရုပ်ဝတ္ထု၏ အကျိုးအမြတ်ကို တန်ဘိုးထားမည်မဟုတ်။ မတရားနည်းဖြင့် စီးပွား ချမ်းသာအောင် ပြုမည့်အစား၊ ဆင်းရဲသောဘဝ၌သာ ပျော်မွေ့ရန်လည်းကောင်း၊ သူ၏အကျင့်ဂုဏ်သိက္ခာကို အဆုံးရှုံးခံမည့်အစား၊ အရာခပ်သိမ်းကို စွန့်လွှတ်ရန်ကိုလည်းကောင်း၊ နှစ်သက်ပေလိမ့်မည်။
ဘာသာကိုလေးစားသူသည် မိမိကိုယ်ကိုလည်း အလွန်ချစ်ခင်တွယ်တာခြင်းမရှိ။ အခြားသူတပါး ပျော်မွေ့နှစ်သက်ရန်အတွက် ဆောင်ရွက်ရန်လိုလားသည်။ သူသည် စာပေလေ့လာခြင်း၊ အလုပ်အကိုင်လုပ်ခြင်း၊ စီးပွါးချမ်းသာအောင်ပြုခြင်းတို့၌ တရားနည်းများကိုသာ အသုံးပြုလိမ့်မည်။ မည်သည့်အခါမျှ သူတပါးနစ်နာမှု အပေါ်တွင် အခွင့်ကောင်းယူကာ မိမိအောင်မြင်မှုကို ရယူမည်မဟုတ်ပေ။
ဘာသာကိုလေးစားသူသည် အစဉ်အမြဲ စိတ်သဘောထားသိမ်မွေ၍ သူ၏မိတ်ဆွေများနှင့် အချင်းတစုံတရာဖြစ်ပွါးသော်ငြားလည်း၊ ထိုသူတို့ အပေါ်၌ ရန်ငြိုးထားခြင်း၊ အမျက်သိုခြင်း ရှိမည်မဟုတ်။ သူသည် မကောင်းရာဘက်ကိုသာ ကြည့်မြင်တတ်သူ တယောက်လည်းမဟုတ်။
လူငယ်များသည် ဘဝအသက်ရှင်မှု၌ အခက်အခဲများ၊ ဒုက္ခများနှင့် လက်ဦးတွေ့ကြုံလာလျှင် စိတ်ပျက်အားငယ်ခြင်းသို့ ရောက်တတ်ကြလေသည်။ သို့ရာတွင် မှန်သောဘာသာတရားသည် သူတို့အား ထိုသို့သောအချိန်ကာလများတွင် စိတ်ပျက်အားငယ်ခြင်းကိုမဖြစ်စေဘဲ၊ ကြံ့ကြံခံထမ်းနိုင်အောင် အားပေးလေသည်။ စာရေးဆရာတဦးကဘာသာကို လေးစားသူသည် မိမိနားနေသော သစ်ကိုင်း ကျိုးသွားသော်လည်းပျံသန်းရန်အတောင်များရှိကြောင်းကို သိမြင်သဖြင့် သီချင်းဆိုမြည်နိုင်သော ငှက်နှင့်တူသည်ဟု ဆိုဘူးလေသည်။
ဘာသာကိုလေးစားသူသည် စိတ်ကူးယဉ်မှုများကို လိုက်နာပြုမူမည်မဟုတ်။ သူတတ်နိုင်သမျှ လုပ်ကိုင်ရရှိနိုင်သမျှနှင့် ရောင့်ရဲကျေနပ်သူဖြစ်၏။ အကယ်၍သူသည် အကြောင်းတစုံတခုကြောင့် သူ၏အလိုဆန္ဒ ပြည့်ဝအောင်မြင်မှု မရခဲ့လျှင်လည်း ထိုအချက်ကြောင့် စိတ်အားလျော့ခြင်း ဖြစ်လိမ့်မည်မဟုတ်။ စိတ်၏ ငြိမ်သက်ခြင်းလည်း ပျက်စီးသွားမည်မဟုတ်။ အချုပ်အားဖြင့်ကား ဘာသာကိုလေးစားသောသူသည် အကျင့်သိက္ခာပြည့်ဝသောသူနှင့် ဤနေ့ရက်ကမ္ဘာတွင် အလွန်လိုအပ်နေသောသူဖြစ်သည်။
ကျွန်ုပ်သည် နေ၏ကြီးမားသောအကျိုးပြုမှုကို ဘော်ပြခဲ့လေပြီ။ နေ၏အံ့ဘွယ်သော အစွမ်းသတ္တိနှင့်ဘာသာတရား၏ အစွမ်းသတ္တိကိုလည်းနှိုင်းယှဉ်ပြခဲ့ပြီ။ အပင်ငယ်များသည် နေ၏ကျေးဇူးကို မခံစားရသော် အဘယ်သို့ဖြစ်ချိမ့်မည်နည်း။ ဂျိုအာဂင်ဆင်(Joergensen) ဆိုသူပုဂ္ဂိုလ်တဦးက အောက်ပါ ဒဏ္ဍာရီကလေးကို ပြောပြဘူးလေသည်။
မြင့်မား၍ မာနထောင်သော ထင်းရူးပင်တပင်သည်ဂျုံခင်းတခု အလယ်၌ပေါက်လျက်ရှိ၏။ တနေ့သ၌ ပုန်ကန်မှုကို နှိုးဆွပေးလိုသူတစ်ဦးသည် သစ်ပင်မြက်ပင်များအလယ်သို့ရောက်ရှိလာ၍၊ သစ်ပင်မြက်ပင်များအား ၎င်းတို့အသီးသီး၏ အရေးကြီးအသုံးဝင်ပုံ၊ လူတိရစ္ဆာန်များသည် သစ်ပင်မြက်ပင်များကို အဘယ်သို့ အမှီသဟဲပြုကာ အသက်ရှင်နေကြရပုံ၊ လူတိရစ္ဆာန်များအား သစ်ပင်မြက်ပင်များက အစားအသောက် အဝတ်အထည် ပေးရပုံနှင့် သစ်ပင်မြက်ပင်များကား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မှီခိုအားထားခြင်းမရှိဘဲ အသက်ရှင် တည်နေနိုင်ပုံများကို အလုံးစုံပြောကြားလှုံ့ဆော်လေသည်။
အချို့ကကျွန်ုပ်တို့၏ အသက်ရှင်ကြီးပွားမှုသည် နေကြောင့်ဖြစ်သည်ဟု ပြောကြသည်။ ဤအချက်ကို ကျွန်ုပ်တို့ကန့်ကွက်လိုသည် မယုံတန်ရာ အယူသည်းစွဲလမ်းမှုတခုသာဖြစ်သည်။ မူလကသစ်ပင်များသည် အသိဉာဏ်ခေါင်းပါး၍ ထိုအချက်ကို လက်ခံယုံကြည်ခဲ့ကြသော်လည်း၊ လောကဓာတ်ပညာ ထွန်းကားသော ကျွန်ုပ်တို့လက်ထက်တွင် ထိုအချက်မမှန်ကြောင်းကို ကောင်းစွာသိရလေပြီဟု ပြောလေသည်။ အနီးရှိ အတွေအကြုံများသော သစ်ပင်အိုကြီးများကား သူ၏ပြောပြချက်ကို လက်မခံကြ၊ သို့ရာတွင် အပင်ငယ်ကလေးနှင့် မြက်ပင်များ၊ အထူးသဖြင့် အတွေအကြုံနည်းပါးသော အပင်များမှာ ထိုသူ၏ ပြောဟောချက်ကို ထောက်ခံကာ သြဘာပေးကြလေသည်။
ထင်းရူးပင်ကလည်း ထိုအချက်ကို ထောက်ခံသဘောတူသောအားဖြင့် ကျွန်ုပ်တို့သည် နေမရှိဘဲတည်နေနိုင်ကြောင်း အားလုံးကိုပြကြကုန်အံ့။ နေကိုသပိတ်မှောက်ရန် ကျွန်ုပ်အဆိုတင်ပါသည်။ သို့ဖြစ်၍ နေထွန်းတောက်သော နေ့အချိန်တွင် ကျွန်ုပ်တို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ကြဘဲ၊ ရပ်နားနေကြ၍ ကျွန်ုပ်တို့၏လှုပ်ရှားကြီးပွါးခြင်းကို ညအချိန်၌သာပြုကြမည်။ ညအချိန်၌သာ သီးပွင့်ခြင်းကိုပြုကြမည်ဟုဆိုလေသည်။
အပင်ငယ်များ အထူးသဖြင့် အသေးငယ်ဆုံးနှင့် ဉာဏ်ပညာ အနည်းဆုံးအပင်များသည် ထင်းရူးပင်၏အကြံပေးစကား အလုံးစုံကို လိုက်နာကြလျက် နေ့အချိန်တွင် ပွင့်ချပ်များကိုပိတ်၍၊ ညအချိန်၌ကြယ်ရောင်မျာ တွင် ပွင့်ချပ်များကိုဖွင့်ထားကြသည်။ သို့ရာတွင် မကြာမှီဒုက္ခနှင့်စတင်ရင်ဆိုင်ရကြလေသည်။ အရွက်များသည် အစိမ်းရောင်မှတဖြည်းဖြည်း အဝါရောင်သန်းစပြုလာကြ၍ ရွက်ညှာများသည် မြေသို့ညွှတ်ကာ နောက်ဆုံး၌ဝမ်းနည်းဘွယ်သေဆုံးခြင်းသို့ ရောက်ကြလေကုန်သည်။ မာနထောင်လွှားသော ထင်းရူးပင်သည်လည်း လအနည်းငယ်ကြာသောအခါ သေကြေပျက်စီး၍၊ အကိုင်းခြောက်ကြီးများကား နေမရှိဘဲကြီးပွားနိုင်သည်ဟူသော သူ၏မိုက်မဲချက်ကို ဘော်ပြနေသရောင် ရှိကြလေသည်။
ဤဒဏ္ဍာရီကလေးမှာ ပဋ္ဌမရုပ်လောက၏ အောင်မြင်မှုကိုရရှိကြသဖြင့် မာနထောင်လွှားကာ၊ ဘာသာတရားနှင့် လူတို့အား အလင်းရောင်ကိုပေးသည့် နေအစစ်ဖြစ်သည့် ဘုရားသခင်မှကင်း၍ စွမ်းဆောင်နိုင်သည်ဟု ထင်မှတ်ယုံကြည်သည့် များပြားလှသော လူငယ်များပြုမူတတ်သည့်အခြင်းအရာကို ဘော်ပြခြင်းဖြစ်လေသည်။ ၎င်းတို့သည် ကိလေသာ၏အမှောင်၌ နေထိုင်လိုကြသည်ဖြစ်၍၊ မိမိတို့ဘဝ၏ ကျေနပ်နှစ်သိမ့်မှု၊ အောင်မြင်စွမ်းဆောင်မှုကို အမှန်တကယ်ပေးသော တပါးတဆူတည်းသာရှိတော်မူသော ဘုရားသခင်ကို ဆာလောင်မွတ်သိပ်ခြင်းဘေးတွေ့ကြ၍ ၎င်းတို့၏ဝိညာဉ်များ ပျက်စီးဆုံးရှုံးကြရသည်။
(၁)အစကောင်းမှအနှောင်းသေချာသည်
(၂)မြတ်စွာဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည်ဉာဏ်ပညာ၏အစဖြစ်သည်။(Proverbs)
(၃)သေးငယ်သောသိပ္ပံပညာသည် ဘုရားမှကွဲစေ၍၊ နက်နဲသောသိပ္ပံပညာသည် ဘုရားထံသို့ပို့ဆောင်သည်။(Bacon)
(၄)ဘာသာကိုဖျက်ဆီးသူသည် လူမှုရေးရာအသင်း အဖွဲ့အားလုံး၏ အခြေခံအုတ်မြစ်ကို နုတ်ယူခြင်းဖြစ်သည်။(Plato)
(၅)အခြေကောင်းမှအနေကောင်းသည်။ အောက်ခြေခိုင်မှအထက်တက်နိုင်သည်။
(၆)ဘုရားမရှိလျှင် တက္ကဗေဒပညာရှင်သည် မကောင်းမှုကိုပြုသူသာလျှင်ဖြစ်သည်။(Rousseau)
(၇)ဘာသာမဲ့သူသည် ဇက်ကြိုးမပါသောမြင်းနှင့်တူသည်။(Proverbs)
(ဂ)ဘာသာတရားနှင့်ကင်း၍ လူတို့အား ကိုယ်ကျင့်သိက္ခာနှင့်ပြည့်ဝအောင်သင်နိုင်သောနည်းကို မည်သူတဦးတယောက်မျှမတွေ့သေးပေ။
(၉)လူသည် နှလုံးရှိကြောင်း သတိမမူဘဲနေသကဲ့သို့ တရားရှိကြောင်းကိုလည်း ဂရုမပြုဘဲနေနိုင်သည်။ ဘာသာကင်းမဲ့လျှင် နှလုံးကင်းမဲ့သကဲ့သို့ အသက်မရှင်နိုင်။(Tolstoi)
(၁၀)ဘာသာတရားသည် လူကိုဒုက္ခဆင်းရဲခြင်း ကိလေသာများနှင့်လောက၏မကောင်းမှုများအထက်သို့ မြှင့်တင်ပေးသော အတောင်နှင့်တူသည်။
(၁)အဘယ်ကြောင့် ဤလောကသည် မကောင်းမှုများဖြင့် ပြည့်ဝလျက်ရှိသနည်း။
(၂)အဆောက်အဦးတခုကို အုတ်မြစ်မရှိဘဲ တည်ဆောက်ရန် ဖြစ်နိုင်သလော။ ဘာသာမဲ့သူ တစ်ဦးကို သင်အဘယ်သို့ ထင်သနည်း။ သူသည်ဗာလရွာသားများထက် ပို၍ပညာရှိသလား။
(၃)ဘာသာတရားသည် ကိုယ်ကျင့်တရားနှင့်ဆက်စပ်နေသလော။ ဘာသာတရားသည် လောကမှ ပျောက်ကွယ်သွားခဲ့လျှင် ကမ္ဘာကြီးသည် အဘယ်သို့ရှိချိမ့်မည်နည်း။ အလ်ပ်တောင်တက် လမ်းပြသည် ဘာသာမဲ့သူဌေးအားအဘယ်သို့ပြောသနည်း။
(၄)အချို့တို့က ရိုးသားဖြောင့်မတ်သူ ဖြစ်လျှင်လုံလောက်ပြီ၊ ဘာသာတရားကို လေးစားရန်မလိုဟု ပြောကြသည်။ အချို့တို့မူအသက်အရွယ်ကြီးလာသောအခါ ဘာသာတရားကို ပစ်ပယ်ထားတတ်ကြသည်။ ဤသူများသည် မှန်သလော။ ကွန်မြူနစ်များက ဘာသာတရားနှင့်စပ်လျဉ်း၍ အဘယ်သို့ဆိုသနည်း။
(၅)ကွန်မြူနစ်များ၏ ယူဆခြင်းသည်မှန်သလော။ ဘာသာတရား၏ အကျိုးကျေးဇူးအချို့နှင့် ဘာသာတရားသည် နေနှင့်အကျိုးတူညီပုံကိုရှင်းပြပါ။
(၆)ကိုယ်ကျင့်သိက္ခာနှင့် ပြည့်ဝသူတယောက်ဖြစ်ရန်အတွက် ဘာသာတရားသည် အထောက်အပံ့ပြုသလော။ ဥပမာအချို့ကိုဘော်ပြပါ။
(၇)ပုန်ကန်သောသစ်ပင်များ၏ပုံဥပမာသည် သင့်အားအဘယ်အရာကိုပြသနည်း။
အခန်း(၁)ပြီး၏။