ကိုယ်ကျင့်သိက္ခာ.. အခန်း(၁)ပထမပိုင်း ဘာသာအယူဝါဒနှင်ကိုယ်ကျင့်တရား #၁။ဘာသာအယူဝါဒသသည် ကိုယ်ကျင့်တရားအဆောက်အအုံ၏ အုတ်မြစ်အဖြစ်လိုအပ်ခြင်း။
ကျောင်းသားလူငယ်များသည် ရာဇဝင်သမိုင်းများကို လေ့လာသင်ကြားရာတွင်၎င်း၊ ပတ်ဝန်းကျင်ရှိ အရာများကို ကြည့်ရှုကွေ့မြင်ရာတွင်၎င်း၊ မကြာခဏအံ့ဩခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ကြရသည်။ ရာဇဝင်သမိုင်းများတွင် လူများစွာကို သတ်ဖြတ်ခြင်း၊ သစ္စာဖေါက်ခြင်းစသော သွေးမြေကျသည့်ကြောက်မက်ဘွယ်အဖြစ်အပျက်များကို ဘတ်ရှုကြရသည်။ သတင်းစာများတွင်လည်း လုယက်တိုက်ခိုက်မှုများ၊ လူသတ်မှုကြီးများ၊ ပုန်ကန်ထကြွမှုကြီးများ၊ မတရားလာဘ်စားမှုကြီးများကို စာလုံးမဲကြီးများဖြင့် ထင်ထင်ရှားရှား ဘော်ပြထားသည်ကို တွေ့မြင်ရကြသည်။ ဤသို့သော ကြောက်မက်ဘွယ်ရာဇဝတ်မှုကြီးများကို နိမ့်ကျသော လူတန်းစားများကသာလျှင် ကျူးလွန်ကြသည်မဟုတ်၊ အထက်လွှာအခေါ်ခံလူတန်းစားများလည်း ကျူးလွန်ကြသည်သာ ဖြစ်လေသည်။ ပတ်ဝန်းကျင်မှာလည်း ပျက်စီးသော အိမ်ထောင်စုများ၊ လင်မယား ကွာရှင်းမှုများ၊ ပတ်ဝန်းကျင်ကို ရိုသေလေးစား ခန့်ညားရမှန်း၊ ဂုဏ်သိက္ခာစောင့်ထိန်းရမှန်းမသိ၊ ရိုင်းပြယုတ်မာစွာပြောဆိုပြုလုပ်နေကြသူများကို တွေရှိကြလေသည်။ တခါတရံ ဓါတ်ရှင်ရုံများ၊ အခြားသောကပွဲ၊ ဇာတ်ပွဲများကိုသွားရောက်သည့်အခါမှာလည်း လူ့သဘာဝ၏ အကြည့်အမြင်အဆိုးဆုံးသော ကိလေသာရှုခင်းရှုကွက်များကို ထင်ထင်ရှားရှားပွင့်ပွင့်လင်းလင်း တွေ့မြင်ကြရလျက်ပင် ထိုမကောင်းသေ အပြစ်အနာအဆာများကို အကြောင်းရှာ ခွင့်လွှတ်ကြသည်။ သို့မဟုတ် ၎င်းတို့ကို အားပေးအားမြှောက် ချီးမွမ်းခြင်းပြုကြလေသည်။
အထက်ပါ အဖြစ်အပျက်များကို မျက်မှောက်တွင်ကြုံတွေနေရသော လူငယ်သည် စိတ်ထဲ၌ဧကန်အမှန် ရှုပ်ထွေးလျက်၊ ဘဝအသက်ရှင်မှုများဆိုသည် ဤကဲ့သို့ပင်ဖြစ်လေသလော။ စည်းစိမ်ဂုဏ်သိမ်၊ ရွှေငွေအတွက် လမ်းမှာကြုံတွေ့ရသမျှ အတားအဆီးများကို အကြင်နာမဲ့ရက်စက်စွာ သုတ်သင်လျက်၊ တဦးနှင့်တဦး အပြိုင်ပြုနေကြသော အရူးပြေးပွဲတခုကဲ့သိုပင် ဖြစ်လေသလောဟု တွေးတောမိပေမည်။ ဘဝ၏မကောင်းသော ရှုကွက်များသည် လူငယ်များအားစိတ်ကူးယဉ်စေလျက် အသက်ရှင်မှုသည် ဤအတိုင်းပင်ဖြစ်သည်ဟု အထင်မှားကာ မကောင်းသောလမ်းကို လိုက်စေရန်သွေးဆောင်လေတော့သည်။
ကမ္ဘာကြီးမှာ ဤမျှလောက် မကောင်းမှုဒုစရိုက်တွေရှိသော်လည်း မွန်မြတ်သောပါရမီများသည် လူတဦးချင်း၌လည်းကောင်း၊ အိမ်ထောင်စုများများ၌လည်းကောင်း၊ တိမ်မြုပ်ဖုံးကွယ်နေကြောင်း၊ သူတပါးအတွက် ကိုယ်ကျိုးကိုစွန့်လွှတ်အနစ်နာခံခြင်းများ၊ တာဝန်ကိုကျေပွန်စွာဆောင်ရွက်ခြင်းများစသည့် ပါရမီများလည်း များစွာပင်ထင်ရှားရှိကြောင်း လူငယ်များအား ကျွန်ုပ်တို့ပြောပြနိုင်ကြပါ၏။ သို့ရာတွင်ကျွန်ုပ်တို့သည် လောက၏မကောင်းမှုဒုစရိုက်ပြပွဲကြီးကို သူတို့၏မျက်စေ့မှဆွဲဖယ်ပစ်ရန်လည်းကောင်း၊ ယဇ်ကောင်သစ်များရရန် ကြိုးစားလျက် လွှမ်းမိုးစပြုနေသော ဒုစရိုက်ရွှံ့ညွှန်နှင့်ဒုစရိုက်ဝဲဂယက်များကိုတားဆီး ပိတ်ပင်ရန်လည်းကောင်း ကျွန်ုပ်တို့တတ်နိုင်လိမ့်မည်မဟုတ်။
ဤနေ့ရက်များတွင် အဘယ်ကြောင့် ကိုယ်ကျင့်တရား စောင့်ထိန်းမှုက ဤမျှနည်းပါးသနည်း။ အဘယ်ကြောင့် ကြောက်မက်ဘွယ် မကောင်းမှုများကိုနေ့စဉ်ကျူးလွန်နေကြသနည်း။ လေလွင့်သစ်ရွက်ပမာ မကောင်းမှုဒုစရိုက်များတွင် လွင့်ပါးနေကြသော ကိုယ်ကျင့်သိက္ခာကင်းမဲ့သူများ အဘယ်ကြောင့်ဤမျှလောက် များပြားဘိသနည်း။ ဤ မေးခွန်းများ၏အဖြေမှာ စာတမျက်နှာနှင့်ပင် မလုံလောက်အောင် အချက်အလက်များစွာ ရောပြွမ်းလျက်ရှိ၏။ သို့ရာတွင် မလွဲမှားနိုင်သည့် အခိုင်မာဆုံးသော အကြောင်းရင်းများကားအောက်ပါတို့ဖြစ်ကြသည်။
၎င်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံအုတ်မြစ် မရှိခြင်းပင်ဖြစ်သည်။ ထိုအုတ်မြစ်သည်ကား စင်္ကြာဝဠာကို ဖန်ဆင်းစိုးပိုင်တော်မူသောအရှင်ကို လူများကချစ်မြတ်နိုးခြင်း၊ နာခံခြင်း၊ ရှိခိုးကိုးကွယ်ခြင်းစသည်အမှုတို၏ အချုပ်အခြာဖြစ်သော ဘာသာတရားပင်ဖြစ်၏။ ဘာသာတရားနှင့်ကင်း၍ ကိုယ်ကျင့်တရားတည်းဟူသော နံရံတံတိုင်းကို ကျွန်ုပ်တို့တည်ဆောက်ခြင်းငှာ မတတ်နိုင်။ ဘာသာတရားနှင့်ကင်း၍ တည်ဆောက်သော ကိုယ်ကျင့်တရားကား လေလာသည်နှင့်တပြိုင်နက် လွင့်ပါသွားမည့်စက္ကူနှင့်တည်ဆောက်သော ရဲတိုက်သကွယ်သာရှိမည်။
#၂။အဆောက်အဦးတစ်ခုသည်အခြေံခံအုတ်မြစ်မရှိပဲတည်နိုင်သလော။
အောက်ပါပုံဝတ္ထု ကလေးကို ဘတ်ရှုဆင်ခြင်ကြည့်ပါ။
ဗာလဆိုသည့် ရွာတရွာ၌ ရွာသူရွာသားများသည် နှစ်ခြမ်းကွဲကာ တသင်းနှင့်တသင်း ညီညွတ်ခြင်းမရှိကြ။ တစုသည် အခြားတစုထက် သာလွန်သည်ဟု အသီးသီးထင်မှတ်ယုံကြည်လျက်ရှိကြ၏။ တနေ့သ၌ ၎င်းတို့သည် ရွာလယ်တွင် သူထက်သာလွန်အောင် အဆောက်အဦး တခုစီကိုစတင်ဆောက်လုပ်ကြလေသည်။ အဆောက်အဦးမှာ ကန့်သတ်ထားသည့် နေ့ရက်အတွင်း အပြီးဆောက်လုပ်ကြရန်ဖြစ်၏။ ၎င်းတို့သည် ရသမျှ ကုလားထိုင်များ၊ စာပွဲများကို တခုပေါ်တခုဆင့်လျက် သူထက်မြင့်ရန် ပြုလုပ်ကြရာ၊ တဘက်မှာ အခြားတဘက်ကို မှီအောင်မပြုလုပ်နိုင်ဘဲ ရှိသဖြင့်၊ ခွန်အားဗလ အလွန်တောင့်တင်းလျက် ပညာဉာဏ် ခေါင်းပါးလှသော လူတယောက်က အောက်ဆုံးမှကုလားထိုင်ကိုဆွဲနှုတ်၍ အထက်သို့တင်လျှင် အလွယ်တကူ ဖြစ်နိုင်ပါသည်ဟုပြောဆိုကာ အခြားသူများ၏အဖြေကို မစောင့်မဆိုင်းပဲ၊ ပြောပြော ဆိုဆို အောက်ဆုံးမှခံထားသော ကုလားထိုင်ကိုအားစိုက်လျက်ဆွဲနှုတ်လိုက်ရာ တခုလုံးပြိုလဲကာ ထိပ်ပေါ်တွင် တက်နေသော လူမှာအောက်သို့လိမ့်ကျလေသည်။ သို့သော် ကံကောင်းထောက်မ၍၊ ကောက်ရိုးပေါ်သိုကျသဖြင့်၊ ထိခိုက်ကျိုးခြင်းမှ သက်သာရာရလေသည်။
ဤသူသာလျှင် သူတို့၏မျှော်စင် တခုလုံးကို ထောက်ခံထားသောကုလားထိုင်ကိုဆွဲနုတ်ပစ်သည့် အလွန်ဉာဏ်နည်းသော အမှုကိုပြုသည်မဟုတ်၊ ပညာရှိအခေါ်ခံလူတစုလည်း ကိုယ်ကျင့်တရားတည်းဟူသောဗိမာန်တွင် အုတ်မြစ်ဖြစ်သည့် ဘာသာတရားကိုဖယ်ထုတ်သောမိုက်မှားမှုကို ပြုတတ်ကြကုန်သည်။ ၎င်းတို့သည် တခါတရံ အပေါ်ယံအသွင် တင့်တယ်လှပသော အဆောက်အအုံမျိုးကို ကိုယ်ကျင့်တရားတည်းဟူသော အုတ်မြစ်မပါဘဲ ဆောက်လုပ်ရာတွင် အောင်မြင်ကောင်း အောင်မြင်ကြပေလိမ့်မည်။ သို့ရာတွင် ထာဝစဉ် တည်နေမည်ကားမဟုတ်။ ဥပမာ နေအိမ်တဆောင်ကို ခိုင်မာသော ကျောက်မြေပေါ်မှ တည်ဆောက်ထားသည်ဖြစ်အံ့၊ ထိုအိမ်သည် ရာသီဥတု၊ လေမိုးစသည့် ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရာ၏၊ သို့တည်းမဟုတ် မူ၍ သင်ကုန်းသံမြေပေါ်တွင်တည်ဆောက်ခဲ့ပါမူ၊ တာရှည်မတည်ဘဲ၊ တာတမံများကို ချိုးဖေါက်ကာ လျှံတက်လာသော မြစ်ရေအယဉ်သည် သံများကိုတိုက်စားသဖြင့်၊ ၎င်းအိမ်သည်လည်း လဲပြိုမျောပါသွားမည်ဖြစ်၏ ။
#၃။ဘာသာအယူဝါဒနှင့်ကင်းသောကိုယ်ကျင့်တရား။
ကိုယ်ကျင့်တရားကို ဘာသာအယူဝါဒနှင့်ခွဲခွ၍မဖြစ်။ အကြောင်းမှာ ကိုယ်ကျင့်တရား၌ လူ၏ဩတ္တပ္ပစိတ်တွင် ရေးမှတ်ထည့်သွင်းထားသော ဘုရားသခင်၏ ဥပဒေများကို နာခံခြင်းအမှုပါဝင်လေသည်။ ဘုရားသခင်ကို ကြီးမြတ်သော ဥပဒေစည်းကမ်းပေးသူ အရှင်အဖြစ် ယုံကြည်ခြင်းကင်းလျှင်၊ ကိုယ်ကျင့်တရားသည် ၎င်း၏ကောင်းမွန်မှန်ကန်သော အဓိပ္ပါယ်ရင်းကွယ်ပျောက်လျက်၊ အမိန့်သံပါသော တာဝန်ဝတ္တရားတခုအဖြစ် အသုံးပြုသော အရာတခုအဖြစ်သာ ရှိပေလိမ့်အံ့။ သိုမဟုတ်သူတထူးကိုနှစ်သက်စေရန်နှင့် ကိုယ့်အလိုကို ဆွဲဆောင်ရန်အတွက်မျှသာ ကျင့်သုံးရသည့်အမှုမျိုး၊ ပေါင်းသင်း ဆက်ဆံရေးကို အပေါ်ယံပြေပြစ်အောင် လိုက်နာရသည့် လုပ်ငန်းရပ်မျိုးအဖြစ်သာရှိပေမည်။
ကိုယ်ကျင့်သိက္ခာကား လူ့အတွက် သတိရှိသမျှနှင့်စောင့်ထိန်းရန် ထိုက်သောအဘိုးအတန်ဆုံး ဘဏ္ဍာတခုဖြစ်၏။ ကောင်းစွာ လိုက်နာကျင့်သုံးသော ဘာသာတရားသည် ဤဘဏ္ဍာကို အလုံခြုံဆုံး အကာအကွယ်ပြုနိုင်၏။
“ပင်လယ်ခရီးကို ဖြတ်သန်းသွားလာသော သင်္ဘောသည် အလင်းရောင်ကင်းမဲ့၍ အမှောင်ထုဖုံးလွှမ်းသော လှိုင်းတံပိုး ထသည့်ညတွင်၊ သဘော၌ တပ်ဆင်ထားသည့် အိမ်မြှောင်ကရိယာ၏အကူအညီဖြင့် အရပ်မျက်နှာကို သိရှိနိုင်၏၊ ၎င်းအိမ်မြှောင်သည် တိကျမှန်ကန်စွာ ပြနိုင်စိမ့်သောငှါ အတွင်းအိမ်မြှောင်ကို ထိပါးနှောင့်ရှက်မည့် မည်သည့်အရာ တစုံတခုနှင့်နီးကပ်စွာမထားရ၊ တခုတည်းသီးခြားထားရှိရ၏။ လူ့ဘဝအသက်ရှင်မှုလည်း အလားတူပင်ဖြစ်၏။ သင်္ဘောသားများ၏ အိမ်မြှောင်နှင့်တူသော ကျွန်ုပ်တို့၏ဆင်ခြင်တုံတရားဆိုင်ရာ အသိဉာဏ်ကလေးကို ခိုင်မြဲသေချာသော သဘောတရားပေါ်မှာ တည်ဆောက်ထားသင့်၏။”
၎င်းအသိဉာဏ်ကို မှုံမှိုင်းစေလျက် ကောင်းရာမှဖဲခွာစေမည့် မကောင်းသောအာရုံလွှမ်းမိုးခြင်းမှ ကင်းလွတ်အောင်ထိန်းသိမ်းရပေမည်။ ဘုရားသခင်၏ ဥပဒေပညတ်များသည် ဝိညာဉ်ကိုလမ်းမှန်မှတိမ်းပါး မှောက်မှားစေမည့် အရာဟူသမျှမှ ကင်းလွတ်ရေးအတွက် စိတ်ချရလေသည်။ ဘုရားသခင်သည် ကိုယ်ကျင့်တရားဥပဒေကို ချမှတ်ပေးခြင်းမရှိဘဲ လျစ်လျူပြုကာလွတ်လပ်စွာ နေထိုင်ခွင့်ပြုထားခဲ့သော်၊ ကိုယ်ကျင့်တရား၏စည်းမျဉ်းများကို ရှာဖွေတွေ့ရှိနိုင်မဟုတ်။ အကြောင်းမှာတခုသောအပြုအမူသည် လူတဦးအတွက် ဒုစရိုက်ဖြစ်သော်လည်း၊ အခြားသူတဦးအတွက် ပြုနိုင်သော အခွင့်ရှိကောင်းရှိပေမည်။
ဥပဒေပညတ်ကို ချမှတ်ပေးသော ကြီးမြတ်သည့်အရှင်သခင်နှင့် ဤဘဝ၌ပြုအပ်သော ကောင်းမှု မကောင်းမှုများအတွက် စီရင်ဆုံးဖြတ်ပေးရာဌါနရှိကြောင်းကို ယုံကြည်သောသူတဦးအတွက် ကိုယ်ကျင့်တရား၏မှန်ကန်သော စည်းမျဉ်းကိုရရှိနိုင်ပေ၏။ သို့ဖြစ်၍ လူသည် ဤဘဝ၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကို ရှေးဦးစွာသိရှိရန်လိုပေသည်။ ၎င်းသည် ဤနိမ့်ကျရာဌာန၌ အဘယ်အရာကို ပြုခဲ့ကြောင်း နောင်အခါတွင်သိနားလည်ပေလိမ့်မည် ။
ကိုယ်ကျင့်သိက္ခာရှိသောဘဝကို စောင့်ရှောက်နေထိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဒုက္ခခံထမ်းခြင်းများ၊ မကောင်းမှုကို တုန့်ပြန်တိုက်ခိုက်ခြင်းများပြုရပေမည်။ ကျွန်ုပ်တို့သည် အလွယ်တကူနှင့်ပျက်စီးခြင်းသို့ ရောက်နိုင်သော်လည်း ကောင်းမွန်သောဘဝကို စောင့်ရှောက်ထိမ်းသိမ်းရန်မှာ အလွန်ခက်ခဲလှပေသည်။ လူ၏အတွင်းစိတ်တွင် ဆန့်ကျင်တိုက်ခိုက်မှုများ အမြဲဖြစ်ပေါ်လျက်ရှိ၏။ ဩတ္တပ္ပအသိတရားများသည် ကောင်းမှုကိုရှာဖွေလျက်ရှိ၏။ သို့ရာတွင်မကောင်းမှုသို့ ယိမ်းယိုင်နေသောကိလေသာအာရုံသည် လူအားကောင်းမှုမှကင်းဝေးအောင် ဆွဲဆောင်လေသည်။ အကယ်၍လူသည် ပိုမိုမြင့်မြတ်သော ရည်မှန်းချက် မရှိသဖြင့် အရာခပ်သိမ်းသူ့အလိုအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါလျှင် အခက်အခဲများနှင့်ရင်ဆိုင်ရသောအခါ ခက်ခဲစွာတိုက်ခိုက်ယူရမည့်အောင်မြင်မှုများနှင့်ဒုက္ခခံစားမှုများအတွက် လိုအပ်သောသတ္တိကို သူ့အားအဘယ်သူပေးမည်နည်း။ အမှန်ကိုဆိုရသော် မြတ်စွာဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းမှကင်း၍၊ ကိုယ်ကျင့်သိက္ခာကောင်းကို စောင့်ထိန်းနေထိုင်ရန် အလွန်ခက်လှပေသည် ။
အကယ်၍ ဘာသာတရားတည်းဟူသော အထိန်းကိုဖြုတ်ပယ်လိုက်သော် ဤလောက၌ မကောင်းမှုဒုစရိုက်များ အဆမတန် တိုးတက်လာမည်ဖြစ်၏။ မကောင်းမှုသို့သာ ယိမ်းယိုင်တတ်သော လူသည် လောကီအာဏာပိုင်များက သတ်မှတ်ချပေးထားသော သူတပါးပိုင်ပစ္စည်းဥစ္စာကို လုယူဖျက်ဆီးခြင်း၊ ရာဇဝတ်ပြစ်မှုများကျူးလွန်ခြင်းကို ပိတ်ပင်တားဆီးထားသည့် တရားဥပဒေများကို လေးစားကြမည်မဟုတ်ချေ။ အပြစ်ဒဏ်မှ လွတ်ကင်းအောင်၊ သိုမဟုတ် ပြစ်မှုကျူးလွန်သည်ကို မပေါ်ပေါက်အောင် ကျူးလွန်ခွင့်ရတိုင်းကျူးလွန်မည်သာဖြစ်၏။ ထိုသို့ ဖြစ်လျှင် ဤလောကသည် သားရဲတိရစ္ဆာန်များ၏လှောင်အိမ်နှင့်ဘာမျှ ထူးခြားတော့မည်မဟုတ်ချေ။
“တနေ့သ၌ “အယ်ပ်”တောင်တက် လမ်းပြတယောက်သည် သူဌေးတဦးနှင့်အတူတောင်တတောင်ပေါ်သို့တက်ရောက်နေစဉ်၊ မတ်စောက်သော ကျောက်ကမ်းပါး တနေရာသို့ ရောက်သောအခါ၊ ဤနေရာတွင် မကြာသေးမှီက ထင်ရှားကျော်စောသော လမ်းပြတယောက် အအေးဒဏ်မိ၍ သေဆုံးသွားကြောင်း၊ မသေမှီမြတ်စွာဘုရားသခင်၏ နာမတော်ကိုတမ်းတရေရွတ်ကြောင်းများကို သူ့အားပြောပြလေသည်။ ထိုအခါ သူဌေးက အော်.. မင်းလည်း ဘုရားတို့၊ ဝိညာဉ်တို့၊ ဆိုတဲ့ပုံဝတ္ထုတွေကိုယုံ ကြည်တုံးဘဲ ရှိသေးသလားဟုဆိုရာ၊ လမ်းပြသည် ဘာမျှပြန်လည်ဖြေကြားခြင်းမပြုဘဲ၊ ခရီးစဉ်အတိုင်းသာ ဆက်လက်တက်ရောက်ခဲ့ကြလေသည်။ နက်လှစွာသော ချောက်ကမ်းပါးတခုသို့ရောက်လျှင် လမ်းပြက ယခုသင့်မှာရှိသောငွေအားလုံး ကျွန်ုပ်ကိုပေးလော့။ သို့မဟုတ်ကျွန်ုပ်သင့်ကိုချောက်ထဲသို့တွန်းချရလိမ့်မည်။ ကျွန်ုပ်သင့်ကို မကြောက်ဟု ခြိမ်းချောက်ပြောဆိုလေသည်။ ထိုနေရာမှာ သူတို့နှစ်ဦးမှတပါး အခြားမည်သူမျှမရှိ၊ လမ်းပြ၏မျက်နှာမှာလည်း ကျီစားလှောင်ပြောင်ခြင်းမျိုးမဟုတ်။ အဟုတ်တကယ်လုပ်မည့် လက္ခဏာကိုဖော်ပြလျေက်ရှိသဖြင့် သူဌေးသည်အလွန်ကြောက်ရွှံ့တုန်လှုပ်လျက် မျက်နှာတစ်ခုလုံးသွေးမရှိသကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်သွား၏။ ထို့နောက်လမ်းပြက သင်သည်အလွန်ကြောကက်ရွံ့ပုံရသည်။ အကယ်၍ဘုရားသခင်ဟူသည် လုပ်ဇာတ်၊ဒဏ္ဍာရီမျှသာဖြစ်လျှင် အသင်ကြောက်ဖို့မလိုပါ။ အကြောင်းမှာသင့်ကိုငရဲသို့ချမည့်အရှင်မရှိသောကြောင့်ပင်ဖြစ်ပါသည်။ ဟုပြောလေသော် သူဌေးကြီးက သင်သည်ဤရာဇဝတ် မကောင်းသောအမှုကိုတကယ်ပင်ပြုတော့မည်လောဟု မေးရာ၊ လမ်းပြက ဘာရာဇဝတ်မှုလဲ၊ ဘုရားရှိလျှင်သာကျွန်ုပ်ကြောက်ဖို့လိုသည်။ ဘုရားမရှိလျှင် ကျွန်ုပ်ကျူးလွန်သောထိုရာဇဝတ်မှုကို ယခုလိုအခွင့်သင့်ခိုက် ကျွန်ုပ်မကျူးလွန်ခဲ့သော် ကျွန်ုပ်လူညံ့ဖြစ်ရချေတော့မည်။ ဟုဆိုလျှင် သူဌေးသည်အလွန်ကြောက်ရွံ့လှ၍ လမ်းပြအားပေးရန် ငွေအိတ်ကိုထုတ်ယူလေသည်။ ထိုအခါလမ်းပြသည် မကြောက်ပါနှင့်။ ကျွန်ုပ်သည်ဘုရားရှိကြောင်းကိုယုံကြည်၍ ကိုယ်တော်ကိုကြောက်ရွံ့ပါသည်။ သို့အတွက်သင့်အပေါ်မှာမကောင်းမှုတစ်စုံတစ်ခုမျှပြုလုပ်မည်မဟုတ်ပါ။ အကယ်၍သာ သင်ပြောသည့်အတိုင်း ဘုရားသခင်ဟူသည် ဒဏ္ဍာရီပုံပြင်ထံ၌သာရှိခဲ့ပါမူ၊ သင့်အတွက်နက်ဖြန် အစာအာဟာရပင်လိုတော့မည်မဟုတ်ကြောင်းကိုသတိပြုပါဟု ရှင်းလင်းပြောဆိုလေသည်။”
ဆက်ရန်….