Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
ရဟန္တာဆိုသည်မှာ/ အခန်း(၅) ရဟန္တာဆိုသည်မှာတဒင်္ဂဘဝနှင့်ထာဝရဘဝကိုမြတ်နိုးတွယ်တာသူများဖြစ်သည်။ နီလာရိုင်း - ရေးသည်။ Posted By Sr. Eugenie(SFX)
အလင်းရောင်မရသောအချိန်၌ ဖရောင်းတိုင်၏ အလင်းကိုတန်ဘိုးထားကြ၏။ နေမင်းကြီးထွက်လာသော အချိန်တွင် ဖရောင်းတိုင်မီးသေသွားမည်ကို မနှမျှောကြပါ။
နေမင်း၏အလင်းသည် ဖရောင်းတိုင်မီး၏အလင်း ထက်ပိုတန်ဘိုးရှိသောကြောင့်ပင်ဖြစ်သည်။ ရဟန္တာတို့သည် ဖရောင်းတိုင်နှင့်တူသော လောကအသက်တာကို နေမင်းကြီး၏အလင်းနှင့်တူသော ထာဝရအသက်တာအတွက် စွန့်လွှတ်ရမှာမစိုးရိမ်ကြပါ။ ထာဝရအသက်တာသည် လောကအသက်တာ ထက် နှိုင်းယှဉ်မရအောင် သာလွန်မြင့်မြတ်တန်ဘိုးရှိ ကြောင်းကို သိရှိကြ၍ဖြစ်သည်။
သူတော်ကောင်းတို့အတွက် သေသွားလျှင် ကောင်းကင်ချမ်းသာကိုခံစားရမည်ကို ယုံကြည်ကြသူဖြစ်သည်။
ထို့ကြောင့် သေခြင်းကိုတည်ငြိမ်အေးချမ်းစွာနှင့် ရင်ဆိုင်ရဲခဲ့ကြသည်။ သေခြင်းအား ကောင်းကင်သွားရာလမ်း အဖြစ် ကြိုဆိုခဲ့ကြသည်။ အသင်းတော်နှင့် အမှန်တရားအပေါ် သစ္စာစောင့်သိသော ရဟန္တာသံသောမက်စ်မိုး (Thomas More) သည် အသင်းတော်၏မှန်ကန်သော သွန်သင်ချက်အား မစွန့်လွှတ်ပဲ ဟင်နရီဘုရင်(VII) ၏မှားနေသောအဖြစ်ကို မထောက်ခံသဖြင့် သေမိန့်ကျခဲ့သည်။
သူ့အားမသတ်ခင် ပုဆိန်ဖွေးဖွေးကြီးကိုင်ထားသော အာဏာသားအားပြုံးလျှက် သင်သည် ကျွန်ုပ်အား
ကောင်းကင်တံခါးဖွင့်ပေးမည့်သူပဲဟု ဆိုလျှက်တည်ငြိမ်စွာ သေမိန့်ကိုခံယူခဲ့သည်။
ရဟန္တာသံဖရန်စစ်အစီစီသည်လည်း သေခါနီးအချိန်တွင် ဝမ်းသာစွာဖြင့် ဆာလံသီးချင်းများကို သီဆိုခဲ့သည်။ ၎င်း၏တပည့်များကိုလည်း ၎င်းနှင့်အတူ ပျော်ရွှင်စွာ ဆာလံသီးချင်းများကို သီဆိုစေခဲ့သည်။
တပည့်သားများက အံ့ဩစွာဖြင့် သံဖရန်စစ်အစီစီအား လူတွေဟာ သေခါနီးအချိန်မှာ ဝမ်းနဲစွာနဲ့ ငိုကြွေး တတ်ကြတယ်... အဘဖရန်စစ်ကသေခါနီးမှာ ဘာကြောင့် ဝမ်းသာစွာသီချင်းဆိုပါသလဲ ဟု မေးကြ၏။ ၎င်းက ဘုရားသခင်ကို မကြာမှီအချိန်လေးမှာ ငါဖူးမျှော်ခွင့် ရတော့မှာသိလို့ ဝမ်းသာစွာ သီချင်းဆိုမိတာပါဟု ပြန်ပြော ခဲ့ပါသည်။
ရဟန္တာတို့ဘဝတလျှောက်တွင် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒသည် အလွန်ကြီးမားကြသည်။ ထိုဆန္ဒပြည့်၀ ရေးအတွက် မေတ္တာ၊ သစ္စာဖြင့် ပါရမီများကို ကျင့်ကြံသည်။ ထို့ကြောင့် သေရမည်ကို မစိုးရိမ်ကြပါ။
အင်္ဂလန်နိုင်ငံတွင် ဘုရင်ဟင်နရီ (VII) အုပ်စိုးစဉ်က ၎င်း၏တရားမဝင်သော လက်ထပ်ခြင်းကို မထောက်ခံသော ဆရာတော်များ၊ ဘုန်ကြီးများကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
တနေ့သ၌ ၎င်း၏မှားယွင်းနေသောဘက်မှ မထောက်ခံသောရဟန်းနှစ်ပါးအား ဖမ်းဆီးစေပြီး အောက်ပါအတိုင်း ခြိမ်းခြောက်ခဲ့သည်။ သင်တို့သည် ငါ့အား မထောက်ခံလျှင် သိမ်းမြစ် (Thames) မြစ်ထဲပစ်ချမည်။ ဘုရင်၏စကားကိုကြားရသော ရဟန်းနှစ်ပါးက ကျွန်ုပ်တို့အတွက် ရေလမ်းကဖြစ်စေ၊ ကုန်းလမ်းကဖြစ်စေ၊ ဘယ်လို သွားရ.. သွားရ၊ ကိစ္စမရှိပါ။ ကောင်းကင်ရောက်ဖို့သာ အဓိကပါ ဟု ပြန်ဖြေလိုက်ကြသည်ဟု ဆို၏။
ရုပ်ဝါဒီတို့သည် လောကထက်သာလွန်သောပန်း တိုင်မရှိ၊ (Seculization) လောကီဆန်ခြင်းသည် သံသရာ ပန်းတိုင်ကို မျက်ခြေပြတ်စေသည်။
မျက်မှောက်ကမ္ဘာကြီးအတွင်းမှာ လောကီရေးရာများနှင့်သာ အလုပ်ရှုပ်နေတတ်ကြသည်။
❇❇❇ ငွေသည်လည်းကောင်း၊ ကျော်ကြားမှုသည်လည်း ကောင်း၊ ပျော်ပါးမှုသည်လည်းကောင်း၊ အဓိကဖြစ်သည်ဟု ခံယူကြသည်။
ဤကဲ့သို့ လူသားသည် လောကီဆန်လာလျှင် ထာဝရထက် တဒင်္ဂကိုသာ မက်မောလာသည်။ တွယ်တာလာသည်။ ဆုပ်ကိုင်ထားတတ်ကြသည်။ တဒင်္ဂသာယာမှု။ တဒင်္ဂအောင်မြင်မှု၊ တဒင်္ဂတိုးတက်မှုနောက်ကို တကောက်ကောက်လိုက်ရင်း ဒုစရိုက်အပြစ်များကို ပြုလုပ်လာတတ်ကြသည်။
(ဒုစရိုက်) အပြစ်လုပ်ခြင်းသည် အမြင်ကျဉ်းခြင်းဖြစ်သည်။ ဒုစရိုက်ပြုသူသည် အမြင်ကျဉ်းသူဖြစ်သည်။ တဒင်္ဂသာယာမှုလေးအတွက် ထာဝရ ကောင်းကင်ချမ်းသာကို မမြင်နိုင်အောင်ရှိတတ်သည်။
လောကထက်သာလွန်သော ပန်းတိုင်မရှိသူတို့သည် တဒင်္ဂသာယာမှုအပြစ်ဒုစရိုက်များ၌ သာယာတတ်သည်။ ရွှေ၊ ငွေ၊ ဥစ္စာပစ္စည်း၊ ရာထူးဂုဏ်ထူးများကို ဘုရားပမာ ကိုးကွယ်တတ်ကြသည်။
ရဟန်းမင်းကြီးဂျွန်ပေါလ်က “ဤအရာများကို ဘုရားသဖွယ်ကိုးကွယ်လာကြခြင်းဖြင့် လူသားတို့သည်
မိမိတို့ကလိုလားသော စစ်မှန်သော ပျော်ရွှင်မှု၊ အောင်မြင် မှုများကို မရသည်သာမက လူ့ယဉ်ကျေးမှုတခုလုံးကို ယိမ်းယိုင်လာစေသည်ဟု သတိပေးခဲ့၏။
ကဒီးနီ (Gardiani) ဆိုသူက “လောကကြီးမှာ မြင်နေရတဲ့အရာများဟာ မမြင်နိုင်တဲ့ အရာများကို ညွှန်ပြနေတဲ့ တံခါးပေါက်လေးများပါပဲ” လို့ ဆိုတယ်။ ဘုရားရှင်သည် အရာအားလုံးကို ဖန်ဆင်းထားပါတယ်။ (Col: 1-16)
ဖန်ဆင်းခံအရာအားလုံးဟာ မမြင်နိုင်တဲ့ဖန်ဆင်းရှင် ကိုညွှန်ပြနေတဲ့ ပြူတင်းပေါက်လေးများပါပဲ။ သို့သော် ယုံကြည်ခြင်းမျက်စေ့နှင့်ကြည့်မှသာ မြင်နိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ယုံကြည်းမျက်စိများသည် နှလုံးသားမှာ အခြေခံသည်။ မျက်စေ့အမြင်ထက် သာလွန်နက်ရှိုင်းတဲ့နှလုံးသားကနေလာသည်။ ယုံကြည်ခြင်းမျက်စေ့နှင့် ကမ္ဘာလောကကြီးကိုကြည့်ပါမှ မမြင်နိုင်သောဘုရားနှင့် ထာဝရသစ္စာတရားများကို တွေ့နိုင်ကြမည်။
သို့မှသာ ကမ္ဘာလောကမှာရှိတဲ့အရာများကိုကျော်လွန်ပြီး ဘုရားရှင်ကိုတွေ့နိုင်မည်။
ရဟန္တာတို့သည် ယုံကြည်ခြင်းမျက်စေ့နှင့် အရာအားလုံးကို ရှုမြင်သူများဖြစ်ကြ၍ ဤလောကထက်
သာလွန်သော အမှန်တရားများကို မြင်တွေ့ခဲ့သူများပင် ဖြစ်ပါသည်။
နီလာရိုင်း
ဆောင်းပါးများ