ရဟန္တာဆိုသည်မှာ/ အခန်း(၄) ရဟန္တာတို့သည်မိမိကိုယ်ကိုအရင်ပြုပြင်၍ကမ္ဘာလောကကြီးကိုကောင်းအောင်ကြိုးစားသူများဖြစ်၏။ နီလာရိုင်း - ရေးသည်။ Posted by Sr. Eugenie(SFX)
ရဟန္တာတို့သည် ဤလောက၌ငြိမ်းချမ်းသော၊ မေတ္တာ တရားပြည့်ဝသော၊ စည်းလုံးပျော်ရွှင်သော ကောင်းကင်ဘုံ နှင့်တူသောအခြေအနေကို ဖန်တီးတည်ဆောက်ရန် မိမိကိုယ်ကို အရင်ပြုပြင်ခဲ့ကြသူများဖြစ်သည်။
“အမှောင်ကိုကျိန်ဆဲနေမည့်အစား မီးတိုင်ငယ်လေး ထွန်းလိုက်ပါ။” (တရုပ်စကားပုံ)
ရဟန္တာများသည် မိမိတို့ ပတ်ဝန်းကျင်၏အမှောင်ထုကို မကျိန်ဆဲပဲ ဘဝမီးတိုင်ငယ် လေးများထွန်းပြီး အလင်းမျှဝေသူများဖြစ်သည်။
“ခေတ်ကြီးကမကောင်းပါဘူးထားပါတော့၊ မကောင်းရင် ကောင်းအောင်လုပ်ဘို့ သင်ရှိနေတာပဲ..” (Thomas Carlye)
ရဟန္တာတို့သည် မကောင်းသောအခြေအနေကို ကောင်းအောင်လုပ်ရန် မိမိတို့မှာ တာဝန်ရှိကြောင်း သိမြင်ကြပြီး ကောင်းအောင်ကြိုးစားကြသူများဖြစ်သည်။
“ကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲနိုင်ရန် ကျွန်ုပ်ကိုအရင်စ၍ ပြုပြင်တော်မူပါဘုရား။” (တရုပ်ဆုတောင်းမေတ္တာ)
ရဟန္တာတို့သည် ကမ္ဘာလောကကြီး၌ ဒုစရိုက်များ လျော့နည်းလာပြီး အကောင်းဘက်သို့ပြောင်းလဲလာရန် မိမိတို့ကစပြီး ပြောင်းလဲလာစေရန် ဆုတောင်းကြိုးစားပြုပြင် သူများဖြစ်သည်။
လူအများကောင်းအောင် လူတစ်ယောက်စီက ကောင်းအောင်စတင်ပြုပြင်ကြရမည်။ လူအများမေတ္တာတရား ပြည့်ဝအောင် လူတယောက်စီက စတင်လျှက် မေတ္တာတရားပွားများကြရမည်။
လူအများ တရားမျှတစိတ်ရှိရန် လူတယောက်စီကစ၍ တရားမျှတမှုကို တည်ဆောက်ကြရမည်။
ဤကဲ့သို့လူတယောက်စီကစပြီး လူတိုင်းလူတိုင်းက မိမိတို့၏ဘဝကိုပြုပြင်ကြပါလျှင် ကမ္ဘာလောကကြီးသည် အမှန်ကောင်းမွန်လာပါမည်။ ငြိမ်းချမ်းလာပါမည်။ မေတ္တာ တရားနှင့် ပြည့်ဝလာပါမည်။ နေချင်စရာဘုံဗိမာနီလေးတစ်ခုအဖြစ် အသွင်ပြောင်းလာပါလိမ့်မည်။
ပုံပြင်တစ်ခုတွင် ဘုရားကျောင်းအမြဲတက်သော ချမ်းသာသည့်အမျိုးသမီးကြီးတယောက်သည် ဘုရားကျောင်း မှထွက်လာလျှင် အလွန်ဆင်းရဲမွဲတေ၍ ဆာငတ်နေသော ကလေးတယောက်တောင်းစားနေသည်ကိုမြင်လျှင် အလွန် စိတ်မကောင်းဖြစ်သွားသည်။ သို့သော် တပြားမှမကူညီပဲ “ဘုရားသခင်သည် ဘာကြောင့် ဒီလောက်ဆင်းဒုက္ခရောက်နေတဲ့လူသားတစ်ဦးကိုဖန်ဆင်းရတာပါလိမ့်။ ဒီလိုပဲ ဘာကြောင့် ပစ်ထားရတာပါလဲ”ဟု ဘုရားကို အပြစ်တင်နေပါသတဲ့..။ ထိုအချိန်တွင် ဘုရားက “ငါဒီဆင်းရဲသားလေးကို မပစ်ထားပါဘူး ... သူ့ရဲ့ ဆင်းရဲမှုဒုက္ခက လွှတ်ကင်းအောင် ချမ်းသာတဲ့မင်းကို ဖန်ဆင်းထားသားပဲ”တဲ့..။
“လူတွေဟာကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲရန် စဉ်းစားကြသော်လည်း မိမိတို့ကိုယ်ကို မိမိတို့မပြောင်းလဲချင်ကြပါ။” ဟု (Leo Tolstoy) က ကောက်ချက်ချခဲ့ပါသည်။
သာသနာနယ်တစ်ခုတွင် ကျွန်ုပ်သီတင်းသုံးခဲ့ချိန်က အဖြစ်အပျက်လေးတခုကို ပြန်သတိယမိသည်။
ဘော်ဒါကလေးနှစ်ယောက်သည် အမှိုက်များကိုစု၍ မီးရှို့ရာ၊ အမှိုက်ပုံမှာ ကြီးလွန်းပြီး လေကလည်းတိုက်နေချိန်ဖြစ်၍ မီးပွါးများလွှင့်နေသည်။ ဘော်ဒါကလေးများအတွက် ထားသောစပါးကျီနှင့်လည်း အမှိုက်ရှို့သောနေရာသည်နီးလှသဖြင့် မီးရှို့သောကလေးများက “မီး…မီး” ဟုအော်ဟစ်ကြ၏။ ထိုအခါ ကျွန်ုပ်နှင့်ကလေးအချို့သည် မီးရှို့သောနေရာသို့ ပြေးသွားကြ၏။
မီးလောင်နေသော အမှိုက်ပုံနားရောက် ကလေးများမီးသတ်ရန် ရေပုန်းများမပါသဖြင့် ကျွန်ုပ်သည် စိတ်ဆိုးပြီး “မင်းတို့မီးသတ်ဘို့ဘာမှမယူခဲ့ကြဘူး.. စဉ်းစား ဉာဏ်မရှိဘူး” ဟု ဆူလိုက်ရာ ကလေးများက ရေပုံးများယူကြပြီး မီးဝိုင်းသတ်မှ အမှိုက်ပုံမီးငြိမ်းသွား၏။ မီးငြိမ်းသွားသော်လည်း ကျွန်ုပ်သည် မကြေနပ်သေးပဲ ကလေးများကို ဆူနေပြန်၏။ ဆူလို့ဝမှ “မင်းတို့လုပ်ရပ်ဟာ ဘာနဲ့တူလဲ”ဟုမေးရာ ကလေးတယောက်က “ကိုယ်တော်နဲ့ တူပါတယ်.. ဘာကြောင့်လည်းဆိုတော့ မီးသတ်ဘို့ ကိုယ်တော်လည်းဘာမှ မယူခဲ့ဘူး။” လို့ ပြန်ပြောပါသည်။
ကလေးပြောသောစကားကိုပြန်စဉ်းစားကြည့်လိုက် သောအခါ မှန်နေသည်ကိုတွေ့ရ၏။ သို့ရာတွင် ရှက်ရှက် နှင့် “တိတ် .. သွားတော့” ဟု ဟောက်လိုက်ပါသေးသည်။
ရဟန္တာတို့ကား မိမိ၏ဘဝကို အရင်ပြုပြင်ပြီး မိမိပတ်ဝန်းကျင်ကို ကောင်းအောင်ကြိုးစားခဲ့သူများဖြစ်၍ လူအများ၏ အတုယူစရာဖြစ်ခဲ့ရပါသည်။
မူလတန်းကျောင်းတခုတွင် ဆရာမက ကျောင်းသားများ၏လေ့ကျင့်ခန်းစာအုပ်များကို ဖတ်ရှုပြင်ဆင်ပြီး ကျောင်းသားများ၏ စာအုပ်များကို ပြန်ပေးလိုက်၏။ မှတ်ချက်များလည်းရေးပေးလိုက်၏။ ကလေးတယောက် သည် ဆရာမရေးပေးလိုက်သော မှတ်ချက်ကိုဖတ်၍ နားမလည်သဖြင့် သူငယ်ချင်းများအား ဖတ်ခိုင်း၏။ သို့သော် ၎င်း၏သူငယ်ချင်းများကလည်း ဆရာမ၏မှတ်ချက်ကို နားမလည်ကြပါ။ ထိုအခါကလေးသည် စာအုပ်ကို ယူပြီး ဆရာမထံသွားကာ ဘာရေးထားသလဲဆရာမ ဟုမေး၏။
ဆရာမသည် ဒေါသထွက်ပြီး “ဟဲ့... ငတုံးလေးရဲ့ မင်းလေ့ကျင့်ခန်းလုပ်တဲ့လက်ရေးဟာ သိပ်ညံ့တယ်၊ ဖတ်လို့ ခက်လို့ ရှင်းရှင်းရေးပါလို့ မှတ်ချက်ရေးလိုက်တာ တဲ့..” ထိုအခါ ကလေးက “ဆရာမရေးလိုက်တဲ့ မှတ်ချက်က လည်း သားတို့အတွက် ရှုပ်နေလို့ပါဆရာမ” ဟုပြန်ပြော လိုက်၏။
မိမိပြုပြင်လိုသောသူများ၏အမှားမျိုးကို မိမိက မမှားအောင် ပြုပြင်ထားခြင်းသည် ဆရာမိဘတို့တွင် အထူးလိုအပ်သည်။
မစ္ဆားတရားတခုတွင် ဘုန်းတော်ကြီးသည် တရားဟောရာတွင် အလွန်ရှည်သွား၏။ ဘုန်းတော်ကြီးသည် တရားဟောနေစဉ် ဘုရားစင်အနီးတွင် အိပ်ပျော်နေ အဘိုးအိုတစ်ဦးကိုတွေ့ရာ အလွန်စိတ် အနှောက် ဖြစ်သွားပြီး တရားထောက်နေသော ကလေးအား
“မင်းအဘိုးကိုသွားနိုးလိုက်” ဟုဆို၏။ ထိုအခါကလေးက “ကိုယ်တော်ကအိပ်အောင် တရားအရှည်ကြီးဟောတာ၊ ကိုယ်တော်ပဲသွားနိုးလိုက်” ဟု ပြန်ပြောလိုက်သည်ဟူ၏။
တခါတရံလူတို့သည် မိမိကြောင့်ဖြစ်သောအရာကို အခြားသူများအား အပြစ်တင်တတ်ကြသည်ကို တွေ့မြင်ရ၏။
ရဟန္တာများကဲ့သို့ မိမိတို့၏ဘဝကို အရင်ပြုပြင်ပြီးမှ ပတ်ဝန်းကျင်ကို ပြုပြင်ကြမည်ဆိုပါက ကျွန်ုပ်တို့သည် မိမိတို့ ပတ်ဝန်းကျင်အတွက် အပြုဆောင်သူများ ဖြစ်လာ ကြပေလိမ့်မည်။