ရဟန္တာဆိုသည်မှာ/ အခန်း(၂) ရဟန္တာများသည်ဖြောင့်မတ်သူများဖြစ်၏။ နီလာရိုင်း Posted by Sr. Eugenie(SFX)
ရဟန္တာတို့သည် အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန် အတိုင်း ပြောဆိုကျင့်ကြံကြသည်။ လိမ်လည်ခြင်း၊ ကောက် ကျစ်ခြင်း၊ လှည့်စားခြင်းကင်းကြသူများဖြစ်သည်။ ဟန်ဆောင်ခြင်းကိုမုန်းကြသည်။ လှည့်စားခြင်းကို ရှောင်ကျဉ်ကြသည်။ ကောက်ကျစ်ခြင်းကိုရွံရှာကြသည်။သစ္စာတရားကိုမြတ်နိုးကြသည်။ အမှားကိုအမှန်အမှန်ကိုအမှားဖြစ်အောင် မလုပ်ဆောင်ကြ၊ မပြောဆိုကြပါ။ အမှောင်ကိုလည်း အလင်းဟုမဆိုကြပါ။ ရိုးသားမှုဂုဏ်ကို မြတ်နိုး၍ ရိုးသားခြင်း၌ပျော်မွေ့ကြသည်။ အမှားကိုပြောလျှက် လူတို့၏ ချစ်ခင်မှုကိုရယူခြင်း ထက် အမှန်ကိုပြောရင်းလူတို့၏ မုန်းတီးမှုကို ခံယူလိုသူများ ဖြစ်ကြသည်။
ရဟန္တာတို့သည် ပါးသောစကား၊ ကားသောစကား မှားသောစကားကို ရှောင်ကျဉ်ကြသည်။
ဂျပိုးကိုလိပ် ဆိတ်ကိုဆင်၊ သမင်ကိုကျား၊ တီကိုနဂါး အသွင်မလှည့်စားတတ်ကြ ရိုးသားကြသည်။ မြှောက်ပင့် ခြင်းကို မပြုကြ။ မြှောက်ပင့်ခြင်းသည် လိမ်ညာခြင်းတစ်မျိုး ဖြစ်ကြောင်းသိကြသည်။ မြှောက်ပင့်သူရော မြောက်ပင့်ခံရသူပါ စိတ်ဓါတ်ပျက်စီးတတ်ကြောင်း သိကြသည်။
ရဟန္တာသံဂျွန်းကန်တီးအူးစ်(St. John Cantius) သည် ၁၃၉၀ ခုနှစ်တွင် ပိုလန်တွင်မွေးဖွားခဲ့သည်။ ၎င်းသည် ရိုးသားမှု၌စံတင်လောက်သူဖြစ်သည်။
မိမိ၏အထုပ်အပိုးများကို ကိုယ်တိုင်သယ်ပြီး ခြေလျင် ခရီးနှင့်ရောမမြို့သို့ အကြိမ် (၄၀)မျှ ဘုရားဖူးသွားခဲ့ကြောင်း သိရသည်။
တခုသောထိုဘုရားဖူးခရီးစဉ်တွင် ဓါးပြများနှင့်ကြုံခဲ့ရသည်။ ဓါးပြများသည် သူ၏ပိုက်ဆံအိတ်ကိုယူပြီး
နောက်ငွေများကျန်သေးပါသလားဟုမေးရာ ၎င်းက ထိုငွေများသည် မိမိ၌ရှိသော ငွေအကုန်ပင်ဖြစ်သည်ဟု ပြန်ဖြေခဲ့၏။ ဓါးပြများက သူ့အားလိုရာကိုခရီးဆက်စေ၏။
ခရီးအတန်ကြာသွားမိသောအခါ သူ၏အတွင်း အင်္ကျီ၌ရွှေဒင်္ဂါးအချို့ရှိသေးသည်ကို သတိပြန်ရ၏။ ရဟန္တာသံဂျွန်းကန်အူစ်သည် အလွန်စိတ်မကောင်းဖြစ်ကာ ဓါးပြများဆီသို့ နောက်ကြောင်းပြန်ပြေးသွားခဲ့၏။ ဓါးပြများ ဆီရောက်သောအခါ ၎င်းကမိမိ၌ရွှေဒင်္ဂါးအချို့ကျန်သေး သည်ကို မေ့နေသဖြင့် ငွေများမရှိတော့ကြောင်းပြောခဲ့မိရာ လိမ်သလိုဖြစ်နေ၍ခွင့်လွှတ်ကြပါဟု ဓါးပြများကိုတောင်းပန်၏။ ထို့နောက် ရွှေဒင်္ဂါးပြားများကို ဓါးပြတို့အား ယူရန်ပေး၏။ ခါးပြတို့လည်း ဤမျှ ရိုးသားသောလူထူးလူဆန်းကြီးကို ကြည့်၍နေကြ၏။ အံ့ဩကြ၏။ အတန်ကြာမှ ရဟန္တ အား ရွှေဒင်္ဂါးပြားများနှင့်ငွေအိတ်ကို ပြန်ပေးလိုက်ကြသည်။ ဟုဆိုသည်။
ရဟန္တာတို့သည် ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာထက် ရိုးသားမှု ကို ပိုတန်ဘိုးထားကြသည်။ တခါတရံရိုးသားသလိုနှင့် မရိုးသားသောလူများစွာ ရှိတတ်ပါသည်။ အပြောအဆိုတခုထဲကိုကြည့်၍ လူတစ်ယောက်၏ရိုးသားခြင်းကို ဆုံးဖြတ်၍မရပါ။ ထိုသူ၏ လုပ်ဆောင်ချက်ကသာ ထိုသူ၏ရိုးသားခြင်း၊ မရိုးသားခြင်းကိုဖေါ်ပြပါသည်။
တခါက အမျိုးသမီးနှစ်ယောက် ဘစ်(စ်)ကားစီးရာ တွင် လက်မှတ်ဝယ်ရန်မေ့နေကြပါသည်။ နောက်မှသတိယကြ၍ ပထမတစ်ယောက်က သတိပေးရာ ဒုတိယတစ်ယောက်က မှတ်တိုင်နှင့်နီးနေပြီဖြစ်၍ မဝယ်လည်းရ ကြောင်းပြောရာ... ပထမတစ်ယောက်က ရိုးသားမှုသည် အကျိုးရှိကြောင်းပြော၍ လက်မှတ်သွားဝယ်ပါသည်။ လက်မှတ်ဝယ်ပြီး မိမိနေရာသို့ ပြန်ရောက်လာသောအခါ လက်မှတ်ဝယ်ခဲ့သောအမျိုးသမီးက “ကဲငါမပြောဘူးလား ရိုးသားတာအကျိုးရှိပါတယ်ဆိုတာ. အခုငါ လက်မှတ် ဝယ်တာ တဆယ့်ငါးကျပ်ပေးတာ.. ငါ့ကိုလက်မှတ်ရောင်း သူကမှားပြီး ငါးဆယ်ပြန်အမ်းတယ်” ဟုဆိုလျှက် ပိုငွေကို ပြန်မပေးပဲနေ၏။
မကြာမီမှတ်တိုင်ရောက်၍ နှစ်ဦးလုံးဆင်းသွားကြ၏။ ပထမအမျိုးသမီးသည် အပြောအားဖြင့်ရိုးသားဟန်ရှိသော်လည်း အလုပ်အားဖြင့်မရိုးသားကြောင်းသိနိုင်သည်။ ရိုးသားမှုကိုလုပ်ရပ်အားဖြင့်သာ ဆုံးဖြတ်နိုင်ပါသည်။
တခါကကျောင်းသားလေးတစ်ယောက်သည် ဆရာ၏ထမင်းဘူးကို ခိုးစားလိုက်ရာ ဆရာမှာ ထမင်းငတ်သွား၏။ ဆရာ၏စိတ်ထဲတွင်လည်း ကလေးအားဆုံးမရန် ဆုံးဖြတ်လိုက်၏။ ထမင်းဘူးခိုးစားသောကလေးအားကျောင်းသားများရှေ့တွင်ခေါ်၍ သား. . မှန်မှန်ပြောလျှင် မရိုက်ဘူး.. လိမ်ရင်တော့ရိုက်မှာနော်.. ဆရာမေးတာ မှန်မှန်ဖြေမလားဟု မေး၏။
ကလေးက မှန်မှန်ဖြေပါမည်ဟုဆိုရာ.. ဆရာက ထမင်းခိုးစားတာကောင်းလားဟု မေးလိုက်၏။ ကလေးက မကောင်းဘူးဟု အဖြေပေးရာ ဆရာက ခိုးစားတာ မကောင်းရင် ထမင်းအားလုံးပြောင်မလား.. ကောင်းလို့ပြောင်တာပေါ့. .မင်းလိမ်တယ်ဆိုပြီး တချက်နာနာရိုက် လိုက်၏။
“ဒီတခါတော့မှန်မှန်ဖြေ... မင်းထမင်းခိုးစားတာ ကောင်းလား” ဟု ထပ်မေးလိုက်ပြန်၏။ “မကောင်းဘူး” ဟုဖြေတုန်းကအရိုက်ခံထားရသောကလေးက “ခိုးစားတာ ကောင်းပါတယ်ဆရာဟု” ဟု အမြန်ဖြေလိုက်၏။
ထိုအခါဆရာက ပိုစိတ်ဆိုးလာပြီး “ဒီလာစမ်း ခိုးတဲ့ အလုပ်ဟာ ဒုစရိုက်အလုပ်၊ မကောင်းတဲ့အလုပ်.. ဒါကို မင်းကကောင်းတယ်ဟုတ်လား” ဟုဆို၍ ကလေးအား နောက်နှစ်ချက် နာနာရိုက်လိုက်၏။ ခိုးစားတာကောင်းသည် ဟုဖြေဖြေ.. ခိုးစားတာမကောင်း ဘူးလို့ပဲဖြေဖြေ...ဆရာ သည် ၎င်းထမင်းဗူးခိုးစားသောကလေးအား ရိုက်ရန်ရည်ရွယ်၍ စီစဉ်ထားသောမေးခွန်းထောင်ချောက်ကို ကလေးသည်ကျော်လွှားနိုင်စွမ်းမရှိပါ။
ကလေးကထမင်းဘူးခိုးစားသူ၊ ဆရာကလည်း မရိုး သားသူပင်မဟုတ်ပါလော။
မရိုးသားခြင်းသည် လှည့်စားခြင်းတစ်မျိုးပင်ဖြစ်သည်။ လှည့်စားမှုသည် နည်းအမျိုးမျိုးရှိ၏။ တခါတရံ လှည့်စားမှုကို လှည့်စားမှုဟု လွယ်လွယ်နှင့်မသိနိုင်ပါ။
“ရုံးချိန်တခုတွင် မန်နေဂျာ အလုပ်ရှုပ်နေစဉ်တယ်လီဖုန်းလာ၏။ မန်နေဂျာက စာရေးမချောချောလေးအား “တပည့်..ဆရာ မအားလို့ ဖုန်းကိုင်လိုက်ပါ”ဟုဆို၏။ စာရေးမလေးလည်း ဖုန်းနားထောင်ပြီး ဆရာ့ဖုန်း လာတယ် ဟု လှမ်းပြောလိုက်၏။
မန်နေဂျာက ဖုန်းလာမကိုင်ပဲ မင်းပဲကြည့်ပြောပြီး သတင်းယူထားလိုက်ပါ ဟုဆို၏။
စာရေးမလေးက မဖြစ်ဘူးဆရာ.. ဆရာ့မိန်းမနှင့် ဆရာ့သမီးလေးက ဖုန်းထဲကနေ ဆရာ့ကို အနမ်းပေး ချင်လို့တဲ့။
မန်နေဂျာကထိုင်ရာမှမထပဲ ဖြစ်ပါတယ်ကွာ.. သူတို့ပေးတဲ့ အနမ်း တွေကို မင်းပဲ ခဏလက်ခံထား လိုက်ပါ။ ဆရာအားမှ မင်းဆီကတဆင့်ပြန်ယူမယ်တဲ့။
လူတို့၏အတွင်းသဏ္ဍာန်ကို အပြင်အပလက္ခဏာ များက မှန်ကန်စွာ အမြဲမဖေါ်ပြနိုင်ပါ။ အသွင်သဏ္ဍာန်တို့ သည်လှည့်စားတတ်၏။
ဥပမာအားဖြင့်ပြရလျှင် ''လှပစွာထုံးဖြူသုတ်ထား သော သင်္ချိုင်းဂူနှင့်တူ၏။ အပြင်၌ကြည့်၍ကောင်းသော်လည်း အတွင်း၌ပုပ်ပွနေသောအလောင်းများ၊ အရိုးများနှင့် ပြည့်နှက်လျက်ရှိ၏။" (သံမာတေဦးကျမ်း ၂၃ ၂၇)
အချို့လူတို့သည် အပြင်ဘန်းအားဖြင့်ကြည့်လျှင် ရိုးသားသူ၊ တရားမျှတသူ၊ ဘာသာရေးကိုင်းရှိုင်းသူ၊ စိတ်
ကောင်းရှိသူဟု ယူဆရသော်လည်း အတွင်းစိတ်ထားသည်
ကောက်ကျစ်ခြင်း၊ ဆိုးညစ်ခြင်း၊ မုန်းတီးခြင်း၊ ဖေါက်ပြန်ခြင်း၊ တို့နှင့် ပြည့်နှက်နေတတ်၏။
ထို့ကြောင့် သခင်ခရစ်တော်ဘုရားက ဖါရီရဲတို့၏ ပြင်ပဟန်ဆောင်ကောင်းခြင်းနှင့် အတွင်းစိတ်ထား
ကောက်ကျစ်ခြင်းကိုထောက်ပြခဲ့သည်။ (သံမာတေဦး ၂၃၂၇-၂၈)
တခါက နာမည်ကြီးမှုခင်းစုံစမ်းရေးဆိုင်ရာ ပါရဂူဖြစ်သည့် လမ်းဘရိုစို (Lambroso)သည် စမ်းသပ်မှုတစ်ခု
ကိုပြုလုပ်ခဲ့သည်။ သူသည်လူပေါင်းစုံ၏ဓါတ်ပုံများကို
စုဆောင်းခဲ့သည်။ ၎င်းစုဆောင်းထားသော ဓါတ်ပုံများတွင်
ဒဿနပညာရှင်များ၊ ဆရာတော်ကြီးများ၊ နိုင်ငံရေးသမားများ၊ သူခိုးများ၊ လူသတ်သမားများ၊ လူလိမ်များ စသည်တို့ပါဝင်သည်။
ထိုလူကောင်းများနှင့် လူဆိုးတို့၏ဓါတ်ပုံများကိုရောမွှေလိုက်ပြီး အတွေ့အကြုံရှိသော တရားသူကြီးများ၊
ဆရာဝန်များ၊ စိတ်ပညာရှင်များ၊ ရဲများကို ၎င်းဓါတ်ပုံများထဲမှ ရာဇဝတ်သားဓါတ်ပုံများကို ရွေးထုတ်ခိုင်းစေခဲ့သည်။ ၎င်းတို့သည် မှန်ကန်အောင် မရွေးချယ်နိုင်ခဲ့ပါ။
၎င်းတို့ရွေးထုတ်လိုက်သော ဓါတ်ပုံများတွင် လူကောင်းများစွာ၏ပုံလည်းပါဝင်နေသောကြောင့် ဖြစ်သည်။
အချို့လူဆိုးများ၏မျက်နှာအသွင်အပြင်သည် လူဆိုးဟုမထင်ရပါ။ နတ်ဆိုးသည် သိကြားမင်းအသွင်ဟန်ဆောင်နိုင်သည်မဟုတ်ပါလော။
သို့ရာတွင် အသီးအားဖြင့် အပင်ကိုသိနိုင်သကဲ့သို့သူတို့၏ လုပ်ရပ်အသီးအပွင့်အားဖြင့် လူတို့အား လူဆိုးလူကောင်း ခွဲခြားနိုင်ပါသည်။
''သူတို့၏အကငြ့ျကိုထောကျ၍ သူတို့၏သဘောကိုသိကွလိမျ့မညျ။" (သံမာတေဦး ၇း၂၀)
ကျွန်ုပ်တို့သည် ရဟန္တာတို့၏ စစ်မှန်သောရိုးသား
ဖြောင့်မတ်ခြင်းကို အတုယူကာ အသက်ရှင်နေထိုင်ကြပါလျှင် လိမ်လည်ကောက်ကျစ်မှုများ၊ လှည့်ဖြားမှုများစွာ ဤကမ္ဘာမှ လျော့ပါးသွားပါလိမ့်မည်။