Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
ရဟန္တာဆိုသည်မှ/ အခန်း(၁) ရဟန္တာတို့သည် ကောင်းသောအကျင့်ဖြင့် လူတို့အားသွန်သင်ကြ၏။ နီလာရိုင်း Posted by Sr. Eugenie(SFX)
ချစ်လှစွာသော ဓမ္မမိတ်ဆွေ စာဖတ်သူများသို့...
ဆရာတော်ဂျက်စတင်းစောမင်းသို့က် (ခေါ်) နီလာရိုင်းရေးသော ရဟန္တာဆိုသည်မှာစာအုပ်မှ အပတ်စဉ် အခန်းဆက် တင်ပေးသွားမည်ဖြစ်ကြောင်း နှင့် စောင့်မျှော်ဖတ်ရှုနိုင်ပါကြောင်း....
နိဒါန်း
ရဟန္တာများသည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင် ဖြစ်ခဲ့ပါသည်။ ဤလောကတွင်နေထိုင်ခဲ့ကြစဉ်က မစုံလင်မှုများ၊ အားနည်းမှုများရှိခဲ့သူများဖြစ်ခဲ့ပါသည်။ သို့သော် ၎င်းတို့သည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဇွဲ၊ သတ္တိတို့ဖြင့် ဘဝကို ပြုပြင်ခဲ့သူများ၊ လုံ့လဝိရိယဖြင့် ပါရမီများကို ကျင့်ကြံခဲ့သူများ၊ အနစ်နာခံလျှက် ဘဝကို အများအတွက် ဆက်ကပ်ခဲ့သူများ၊ အမှန်တရားအတွက် အသက်စွန့်ခဲ့သူများ၊ဘုရားကို ဗဟိုပြုအသက်ရှင်ခဲ့သူများ၊ ဆုတောင်းခြင်းအသက်တာ၌ ရှင်သန်ခဲ့သူများ၊ ဘုရား၏ မျက်မှောက်တော်၌ နေထိုင်ခဲ့သူများ၊ ဒေါသ၊ မာန်မာန တရားများကို ကြိုးစားထိန်းချုပ်နိုင်ခဲ့သူများ၊ ဖန်ဆင်းခံ အရာများ၌ ဘုရားကို ရှာဖွေတွေ့ရှိခဲ့သူများ၊ မိမိတို့၏
ကောင်းသောနမူနာဖြင့် ဘုရားရှင်ကို သက်သေခံခဲ့သူ များပင် ဖြစ်ပါသည်။ ရဟန္တာတို့၏စိတ်ထားသည် မွန်မြတ် လှပါသည်။ ၎င်းတို့၏ နှလုံးသားသည် မေတ္တတရား ပြည့်ဝခဲ့ပါသည်။ ၎င်းတို့၏အသက်တာသည် ခြိုးခြံခြင်း၊ ပေးဆပ်ခြင်း၊ အစေခံခြင်းတို့နှင့် ဝေဆာခဲ့ပါသည်။
ရဟန္တာတို့ကြောင့် ကမ္ဘာလောကကြီးသည် အတိုင်းအတာ တခုအထိ ငြိမ်းချမ်းခဲ့ရပါသည်။ တိုးတက်ခဲ့ရပါသည်။ သာယာပျော်ရွှင်စရာကောင်းခဲ့ပါသည်။ အသင်းတော်ကြီး အတွက် ဂုဏ်တိုးခဲ့ပါသည်။ ကျွန်ုပ်တို့တစ်ဦးစီသည်လည်း ရဟန္တာတို့၏ဘဝကို အတုယူခြင်းဖြင့် မွန်မြတ်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါ သည်။ လှပငြိမ်းချမ်းသောကမ္ဘာကြီးတခုကိုတည်ဆောက် ရာ၌ အရေးပါသော လူသားတစ်ဦး ဖြစ်လာနိုင်ပါသည်။ အများအတွက် အနစ်နာခံပြီးကိုယ်ကျိုးစွန့်ရဲသည့် ဂုဏ်ယူစရာ လူသားတဦးအဖြစ် ရပ်တည်နိုင်ခွင့်လည်းရှိပါသည်။
ဤရည်ရွယ်ချက်များဖြင့် ရဟန္တာဆိုသည်မှာ ဆိုသည့် ဤစာအုပ်လေးကို ရေးသားခဲ့ပါသည်။
မေတ္တာမွန်ဖြင့်
စာရေးသူ နီလာရိုင်း
 
အခန်း(၁)
ရဟန္တာတို့သည် ကောင်းသောအကျင့်ဖြင့် လူတို့အားသွန်သင်ကြ၏။
ချမ်းအေးသောနေ့တစ်နေ့၌ ရဟန္တာသံဖရန်စစ် အစီစီက ရသေ့တပါးအား “ညီအစ်ကိုရေ .. ဒို့မြို့ထဲသွားပြီး တရားဟောရအောင်” ဟုဆိုကာ ထွက်သွားကြ၏။ ၎င်းတို့နှစ်ဦးသည် မျက်လုံးအောက်စိုက်လျက် တရားရှုရင်း မေတ္တာပွားကာ တည်ငြိမ်စွာ မြို့တွင်း၌လှည့်လည်ကြ၏။
ထို့နောက် သူတို့သည် စကားတခွန်းမျှမပြောပဲ ကျောင်းဆောင်သို့ ပြန်လာကြ၏။
ကျောင်းဆောင်သို့ပြန်ရောက်လျှင် ရသေ့ငယ်က သံဖရန်စစ်အား “အဘယ်ကြောင့်တရားမဟောပဲ ပြန်လာခဲ့ပါသလဲ” ဟုမေးရာ သံဖရန်စစ်အစီစီက ပြုံးလျက် “ကောင်းတဲ့နမူနာပြခြင်းထက်ပိုကောင်းတဲ့တရားဟောနည်းမရှိပါဘူး” ဟု ပြန်ပြောခဲ့ပါသည်။ ကောင်းသောနမူနာသည် လူသားတို့၏နှလုံးသားအား ဆွဲဆောင်နိုင်လျှက် ဘဝကို ပြောင်းလဲစေပါသည်။
စတန်လေ (Stanley) ဆိုသောပုဂ္ဂိုလ်ကြီးသည် ၁၈၇၁ ခုနှစ်တွင် လစ်ဗင်းစတုန်း (Living Stone) ဆိုသောခရစ်ယာန်ဆရာဝန် သာသနာပြုကြီးနှင့်တွေ့ဆုံသိကျွမ်းဝင်ခဲ့ပါသည်။ စတန်လေသည် ထိုသာသနာပြုကြီးနှင့် အတန်ကြာ အာဖရိကတွင် အတူနေခဲ့ပါသည်။ ထိုအခါ ကစတန်လေသည် ခရစ်ယာန်တစ်ဦးမဖြစ်သေးပါ။ သို့ရာတွင် လစ်ဗင်းစတုံးသည် ၎င်းအား ဘာသာရေးအကြောင်း ဘာတစ်ခွန်းမျှ မပြောခဲ့ပါ။ စတန်လေသည် လစ်ဗင်းစတုန်းနှင့်အတူနေသောလအနည်းငယ်တွင် ၎င်းအားလေ့လာခဲ့ပါသည်။ လစ်ဗင်းစတုံး၏အကျင့်များသည် သာမန်ထက် ထူးကဲနေ၍ စတန်လေသည် နားမလည်နိုင်ခဲ့ပါ။ ထို့အတူ လစ်ဗင်းစတုန်း၏သီးခံခြင်း စိတ်ဓါတ်သည်လည်း ကြီးမားလွန်းသဖြင့် သူ့အနေနှင့်နားမလည်နိုင်အောင် ရှိခဲ့သည်ဟု ဆိုသည်။ ၎င်းအပြင် ထိုအချိန်က လူနေမှုအဆင့်နိမ့်ကျလှ သော အာဖရိကန်လူမျိုးများအပေါ်လစ်ဗင်းစတုန်းထားရှိ သောသနားစာနာစိတ်ကိုလည်း သူအံ့ဩခဲ့ရပါသည်။ သခင်ခရစ်တော်အတွက် သမ္မာကျမ်းစာအတွက် သာသနာပြု ဆရာဝန်ကြီးလစ်ဗင်းစတုန်းထားရှိခဲ့သော ဇွဲ၊ သီးခံခြင်း၊ မမောမပမ်းနိုင်အောင် အစေခံခြင်းတို့ကို စတန်လေ တွေ့ရှိ ခဲ့ရသည်။
စတန်လေက သာသနာပြုကြီးလစ်ဗင်းစတုန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်းရေးသားခဲ့ပါသည်။
“ဆရာကြီးလစ်ဗင်စတုန်းအနေနှင့် အာဖရိကန် တိုင်းရင်းသားတွေအပေါ် ထားရှိခဲ့သော သီးခံခြင်း၊ ဇွဲနှင့် မေတ္တာတရားတို့ကို ကျွန်ုပ်မြင်ရသောအခါ ဆရာကြီး လစ်ဗင်စတုန်းသည် ကျွန်ုပ်အား ခရစ်ယာန်ဘာသာ အကြောင်း တခါမျှမပြောကြားခဲ့သော်လည်းကျွန်ုပ်သည် ခရစ်ယာန်ဖြစ်လာခဲ့ရပါသည်။”
မွန်မြတ်သောအကျင့်တရားသည်လူသားများကိုပြောင်းလဲစေနိုင်ပါ၏။ သာသနာပြုကြီး လစ်ဗင်စတုန်း၏စိတ်ထားကား အလွန်ပင်မွန်မြတ်လှပါ၏။
ရဟန္တာသံဂျွန်ဗီယာနေ (St. John Veanney) သည် ဘုရားတရားအလွန်ပေါ့သောရွာတရွာတွင် ကျောင်းထိုင် ဖြစ်ခဲ့သည်။ ၎င်းရွာသူရွာသားတို့သည် အလွန်ဆိုးကြ၏။ စည်းရုံးရခက်၏။ စရိုက်ကြမ်း၏။
သို့သော် သံဂျွန်ဗီယာနေ ၏ဘုရားတရားကိုင်းရှိုင်းမှု၊ သီးခံမှု၊ မေတ္တာတရား ကြီးမားမှုတို့ကို နှစ်ပေါင်းများစွာမြင်ရသောအခါ အကျင့်ပြောင်းလဲ သွားကြလျက် ကောင်းမွန်သော ခရစ်ယာန်များ ဖြစ်လာကြသည်ဟုဆိုသည်။ ကိုယ်ကျင့်သီလကောင်းသော ပုဂ္ဂိုလ်တို့ သည် အပြစ်သားတို့၏ဘဝလမ်းကြောင်းကို အကောင်း ဘက်သို့ပြောင်းလဲနိုင်စွမ်းရှိသည်ကို ရဟန္တာတို့က သက်သေခံနေကြပါသည်တကား။
နာမည်တိုင်းတွင် အဓိပ္ပါယ်ရှိကြသည်။ နာမည်နှင့် အဓိပ္ပါယ်မကိုက်ညီလျှင် လူရယ်စရာဖြစ်မည်။ ကဲ့ရဲ့စရာ လည်းဖြစ်နိုင်သည်။ ဥပမာအားဖြင့် ဦးမေတ္တာ အမည်ရှိသောလူသည်
တနေ့လုံးဆူပူသောင်းကျန်းတတ်သူ ဖြစ်လျှင် အမည်နှင့်စရိုက်မကိုက်ညီပါ။ ရယ်စရာဖြစ်ပါ၏။
ဦးသီလ အမည်ခံပြီးဒုစရိုက်များသာပြုလုပ်သူဖြစ်လျှင် နာမည်အဓိပ္ပါယ်နှင့်အကျင့်တခြားစီဖြစ်နေ၍ လူတို့ကဲ့ရဲ့စရာ ဖြစ်မည်။ ခရစ်ယာန်ဆိုသည်မှာလည်း ခရစ်တော်၏
နောက်လိုက်ဖြစ်သည်။ ခရစ်တော်၏ကျင့်စဉ်များကို ယုံကြည်လက်ခံသူဖြစ်ရမည်။ ခရစ်တော်ဘုရားကို အတုယူကြရမည်။ ခရစ်တော်ရှင်သည် ကြင်နာသနားစိတ်ရှိသကဲ့သို့ ကျွန်ုပ်တို့သည်လည်းကြင်နာသနားစိတ်ရှိရမည်။ ခရစ်တော်ရှင် သည်ဖြောင့်မတ်မှန်ကန်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဖြောင့်မတ် မှန်ကန်အောင်ကြိုးစားရမည်။ ခရစ်တော်ရှင်သည် နူးညံ့ သိမ်မွေ့သကဲ့သို့ ကျွန်ုပ်တို့သည်လည်း နူးညံ့သိမ်မွေ့ရမည်။ ခရစ်တော်ရှင်သည် မေတ္တာတရား ပြည့်ဝသကဲ့သို့ ကျွန်ုပ်တို့သည်မေတ္တာတရား ပြည့်ဝအောင်ကြိုးစားရမည်။ ခြုံ၍
ပြောရပါမူ ခရစ်တော်ရှင်သည် လူသားအားလုံးကို ချစ်သကဲ့သို့ကျွန်ုပ်တို့သည်လည်း လူသားအားလုံးကို ချစ်ကြရပါမည်။
“ငါသည်သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းကိုချစ်ကြပါ။” (ယောဟန် ၁၃း၃၄) ဟု ကိုယ်တော်ရှင် မိန့်တော်မူခဲ့သည်။ခရစ်ယာန်အမည်ခံလျက် ခရစ်တော်ရှင်၏စိတ်ဓါတ် မရှိလျှင် လူအများ ကဲ့ရဲ့စရာဖြစ်ပါလိမ့်မည်။ မဟတ္တမဂန္ဒီက -“ကျွန်ုပ်သည် သမ္မာကျမ်းစာကိုလည်း နှစ်သက်သည်။ ခရစ်တော်ကိုလည်းသဘောကျသည်။ သို့သော်ခရစ်ယာန် များ၏အကျင့်ကို မနှစ်သက်ပါ။”ဟု ပြောကြားခဲ့သည်။ထိုကဲ့သို့ ၎င်းအနေနှင့်ပြောကြားခဲ့ခြင်းမှာ ၎င်းတွေ့ကြုံ၊ သိကျွမ်း၊ ဆက်ဆံခဲ့ဘူးသောခရစ်ယာန်များမှာ အဆင့်အတန်းခွဲခြားသူများ၊ မာနကြီးသူများ၊ လူလူချင်း ချိုးနှိမ်ဆက်ဆံသူများ ဖြစ်ခဲ့ဟန်တူသည်။မိုက်ဂိုးလ်(Mike Gold) အမေရိကန်ဂျူး ကွန်မြူနစ်ဟောင်း၏ ဘဝအကြောင်းကိုဖတ်မိရာ စိတ်ဝင်စားစရာ ကောင်းလှသည်။ မိုက်ဂိုးလ်(Mike Gold) သည် ငယ်စဉ်က အိမ်ခြံအပြင်ဘက်သို့သွားရောက်မကစားရန် သူ၏မိခင်က တားမြစ်ခဲ့သည်။ တစ်နေ့တွင် သူသည် မိခင်မသိအောင် ခြံအပြင်ဘက်ထွက်ခဲ့မိသည်။ အိမ်နှင့်အတန်ဝေးသောနေရာအရောက်တွင် ခရစ်ယာန်ဂျာမန်လူငယ်သုံး တွေ့ခဲ့ရသည်။ ထိုဂျာမန်လူငယ်များက မင်းဂျူးလူမျိုး မဟုတ်လား.. ခရစ်တော်ကိုသတ်တဲ့လူမျိုး မဟုတ်လား ဆိုပြီး ဝိုင်းဝန် ထိုးကြိတ်ခဲ့ကြသဖြင့် မိုက်ဂိုးလ်(Mike Gold) သည် ဒါဏ်ရာများစွာဖြင့်ငို၍ အိမ်သို့ပြန်ပြေးလာခဲ့သည်။ ၎င်း၏မိခင်ကဆေးထည့်ပေးခဲ့ရသည်။၎င်းသည် ထိုအဖြစ်အပျက်ကိုအမြဲသတိယခဲ့သည်။ ခရစ်တော်ဆိုသောစကားလုံးကိုလည်း ကြောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်လူငယ်များက မင်းခရစ်တော်ကိုသတ်တဲ့ ဂျူးလူမျိုးမဟုတ်ဘူးလား ဟုမေးရင်း ထိုးကြိတ်ရန်ပြုခဲ့သည်မဟုတ်ပါလော။ ၎င်းသည်အသက်ကြီးလာသောအခါ ခရစ်ယာန်များ ကြည့်ရှုသောလူအိုဂေဟာတွင် သေသည်အထိ နေထိုင် သွားခဲ့သော်လည်း ခရစ်ယာန်တစ်ယောက်မဖြစ်ခဲ့ပေ။မိုက်ဂိုးလ်း(Mike Gold) အနေနှင့် ခရစ်တော်အမည်ကို ပထမဆုံးကြားခဲ့ရသောအချိန်က ထိုနာမည်ကိုပြော ကြားခဲ့သော ဂျာမန်လူငယ်များသည် ရက်စက် ကြမ်းတမ်းသော လူများဖြစ်ခဲ့ကြ၍ မိုက်ဂိုးလ်း(Mike Gold) ၏နှလုံးသားကို မဆွဲဆောင်ခဲ့ကြပေ။ သခင်ခရစ်တော်၏သိမ်မွေ့နူးညံ့သောတရားတော်ကို ရက်စက်သောသူတို့၏ပါးစပ်ဖြင့်ပြောကြားခြင်းသည် ထိရောက်မှုမရှိလှပါ။ဓမ္မဆရာတစ်ဦးသည် ကလေးငယ်အချို့အား ဘုရား စကားသင်ပေးရသောတာဝန်ကိုယူရသည်။ ၎င်းဆရာသည် ကလေးများကို အရိုက်ကြမ်း၏။ တစ်နေ့တွင် သခင်ခရစ်တော်သည် ဘုရားစင်စစ်လူစင်စစ်ဖြစ်ကြောင်း ကိုသင်ပြပြီး သခင်ခရစ်တော်သည် လူစင်စစ်လည်း ဖြစ်ကြောင်းကို ဥပမာနှင့်ပြလိုသဖြင့် “ကလေးတို့ သခင်ခရစ်တော်ဟာ ဆရာလိုလူပဲမဟုတ်လား” ဟု မေးလိုက်ရာ .. မကြာခဏ အရိုက်ခံရသောကလေးက “မဟုတ်ဘူး ဆရာ.. သူက လူ ကောင်းပါဆရာ” တဲ့။
ခရစ်ယာန်များသည် ထာဝရဘုရားကို ယုံကြည်သူများဖြစ်သည်။ သို့သော် St. John Chrysostom က “သင်ဟာရက်စက်ကြမ်းကြုတ်မှုနဲ့ ပြည့်ဝချိန်မှာ ကြင်နာမှုနဲ့ ပြည့်ဝနေတဲ့ဘုရားကိုအဘလို့မခေါ်လေနဲ့” တဲ့။
ကျွန်ုပ်တို့၏ကောင်းသောအသက်တာအားဖြင့်သာ ဘုရားရှင်၏မျက်နှာတော်အား ကျွန်ုပ်တို့ဖော်ပြနိုင်ပါသည်။
ရဟန္တာတို့၏ကောင်းသောပုံသက်သေများကို အတု ယူကြပါလျှင် ဤကမ္ဘာလောက၌ ဘုရား၏ဘုန်းဂုဏ်တော် ကျွန်ုပ်တို့စွမ်းဆောင်နိုင်ကြပေလိမ့်မည်။

နီလာရိုင်း
ဆောင်းပါးများ