Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
ဧမာနွေလဘုရား(ဟေရှာယ ၇း၁၄) နီလာရိုင်း Posted by Sr. Eugenie(SFX)

ကျွန်ုနဲ့အတူရှိနေတဲ့ဘုရား၊ ဒီဘုရားဟာလူသားတွေနဲ့ဝေးကွာနေတဲ့ ဘုရားမဟုတ်ပါ။ လူသားတွေ နဲ့အတူရှိနေတဲ့ဘုရားဖြစ်ပြီး၊ လူသားတွေရဲ့အပူကိုမသိတဲ့ ဘုရားမဟုတ်ပါ။ ဒီ(ဧမာနွေလ) ကျွန်ုပ်တို့နဲ့အတူ ရှိတဲ့ဘုရားက ကျွန်ုပ်တို့ရဲ့အပူကိုသိပြီး၊ ကျွန်ုပ်တို့ကို ကူညီနေတဲ့ဘုရား ဖြစ်တယ်ဆိုတာအမှန်ပါ။

အဝေးဆုံးမှာပြေးပုန်းနေတဲ့ ဘုရားမဟုတ်ဘဲ လူသားတွေရဲ့အနီးမှာ ကြီးမားတဲ့မေတ္တာနဲ့ တည်ရှိနေတဲ့ ဘုရားပါပဲ။ အတွေးပုံပြင်ထဲကဘုရား၊ လူတွေနဲ့ကင်းကွာနေတဲ့ဘုရား မဟုတ်ဘူး။ အသွေးနဲ့အသားနဲ့ လောကကိုကြွလာတဲ့ ဘုရားဖြစ်တယ်။ “အချစ်ကအနားမှာပါ၊ မင်းမသိလို့ဝေးနေတာပါ။” ဆိုတဲ့သီချင်းစာသား လေးက အဓိပ္ပါယ်ရှိလှပါတယ်။ လူတွေအသာစံဖို့ အနာခံပြီးလောကကို ဆင်းကြွလာခဲ့တယ်။ လူတွေကိုရဲ့ အပြစ်ကြွေးကို သူ့ရဲ့အချစ်သွေးနဲ့ ဆေးကြောသန့်စင်ပေးခဲ့တယ်။ လူတွေကိုအပြစ်မြောင်းကြားထဲကနေ အချစ်ချောင်းဖျားကို ခေါ်ခဲ့သူဖြစ်တယ်။
လူတွေကို အပြစ်မမြင်တဲ့ အချစ်သခင်လည်းဖြစ်ပါတယ်။ မှားတဲ့လူသားတွေကို မေတ္တာတရားနဲ့ ကူသွားခဲ့သူပါပဲ။ အနားကဘုရားနဲ့ အမှားရဲ့လူသားဟာ နီးရက်နဲ့ဝေးနေတတ်ပါတယ်။ ဘုရားနဲ့အမှန်တကယ်နီးဖို့ တရားရဲ့လူသားဖြစ်ရပါမယ်။ အမှားကိုပစ်ပြီး တရားကိုချစ်ရင် ဘုရားနဲ့လူသားတို့ကြားမှာ နှလုံးသားချင်း၊ စိတ်ထားချင်းမဝေးနိုင်ပဲ ကျွန်ုပ်တို့ဘုရားကို ပိုင်နိုင်ကြပါမယ်။
အနီးဆုံးကဘုရားကို နှလုံးသားရဲ့ အဝေးဆုံးမှာထားကြလို့ တရားမရဘဲ အမှားတွေနဲ့ “က” နေ ကြရတာပါပဲ။ နှလုံးသားထဲမှာမရှိထားတဲ့ဘုရားကို အဝေးက ဘုရားကျောင်းတွေထဲမှာ၊ မယ်တော်ပွဲတွေမှာ၊ ဂျူဘီလီပွဲတွေမှာ လိုက်ရှာရင်လည်း ဘုရားနဲ့လွဲနေအုံးမှာပါပဲ။
တပည့်တော်ကြီး ယုဒအီစကာရုဒ်ဟာ ဘုရားခရစ်တော်ရဲ့ အနီးဆုံးမှာနေခဲ့ရပေမဲ့ အမှားရဲ့အဆိပ်တွေကို သောက်ခဲ့လို့ တရားရဲ့အရိပ်တွေ ပျောက်ခဲ့ရတာပါ။ နှလုံးသားမှာ အမှားကိုလက်ခံထားရင်၊ ဘုရားကို ဆက်ခံသွားလို့ မရတာ အသေအချာပါပဲ။ အနီးဆုံးကဘုရားကို ဘဝရဲ့အဝေးဆုံးမှာထားလိုက်တဲ့သဘောပါပဲ။ အမုန်းနဲ့အမှားကို ပွေ့ပိုက်ခဲ့လို့ အနီးကဘုရားကိုမတွေ့လိုက်ရတဲ့ ဟေရုဒ်မင်းကို သတိယသင့်ကြပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ သမ္မာကျမ်းစာထဲကဘုရားကို ယုံကြည်ခြင်းနဲ့မရှာကြသလို၊ လူအချင်း ချင်းကြားမှာရှိတဲ့ ဘုရားကိုမေတ္တာတရားနဲ့ ဖွေရှာရန်မကြိုးစားကြဘဲ ကောင်းကင်နိုင်ငံတော်ကို တမ်းတမ်းတတ မျှော်မှန်းနေကြတာလည်း လွဲမှားလို့နေပါတယ်။
တစ်ခါတရံမှာ ကျွန်ုပ်တို့ရဲ့ ဘုရားကိုရှာဖွေခြင်းခရီးမှာ မိမိတို့နဲ့ဘုရားသာ အဓိကလို့ယူဆပြီး မိမိတို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူသားများကို ဥပေက္ခာပြု လျစ်လျူရှုထားတတ်ကြပါတယ်။ ဤကဲ့သို့သောနည်းဖြင့် ဘုရားကိုရှာဖွေခြင်းခရီးဟာ အချည်းနှီးဖြစ်ရတတ်ပါတယ်။ ကောင်းကင်နိုင်ငံတော်သည် သင်တို့အထဲမှာ (လူသားတွေကြားမှာပဲ) ရှိတယ်ဆိုတဲ့ ခရစ်တော်ဘုရားရဲ့ စကားကိုပြန်ကြားယောင်ဖို့လိုပါတယ်။
ကောင်းကင်နိုင်ငံတော်ဟာ လူသားတွေနဲ့ အလှမ်းကွာ နေရာမှာမရှိပဲ လူသားတွေကြားမှာရှိနေပါတယ်။ God Emmanuel ကျွန်ုပ်တို့နဲ့အတူ ရှိတဲ့ဘုရားက ကျွန်ုပ်တို့ရဲ့အနားမှာပါပဲ။ ဘုရားရဲ့ ရွှေပုံသဏ္ဍာန်နဲ့ တူတဲ့ လူသားတွေဟာလည်း ကျွန်ုပ်အနားမှာပါပဲ။
ဘုရားရှင်နဲ့ လူသားတွေကို ကျွန်ုပ်တို့နှလုံးသားထဲမှာ မေတ္တာတရားနဲ့ လက်ခံထားပြီဆိုပါက ကောင်း ကင်သုခရဲ့အရသာကိုစတင်ခံစားနိုင်ကြမှာဖြစ်ပါတယ်။ တရားထောက်ရှုပြီး၊ လူတွေအပေါ်အမှားလျှောက်ပြု နေတာတွေ၊ ပုတီးဆွဲပြီး မရီးဆဲနေတာတွေ၊ တရားလည်းအားထုတ်၊ လူတွေကိုမတရားလည်းလုပ်နေတာတွေဟာ ဘုရားရှာဖွေရေးခရီးမှာ အဟန့်အတားတွေပါပဲ။
သံယောဟန်က “လူတွေကိုတော့မုန်းပြီး ဘုရားကိုချစ်ပါတယ်။” လို့ ပြောကြတာ “လူညာတွေပါတဲ့”။ သံယောဟန်ရဲ့ စကားက စဉ်းစားစရာပဲမဟုတ်ပါလား။
နှလုံးသားမှာ ဘုရားမရှိကြရင်တော့ တစ်ဦးနဲ့တစ်ယောက် ၃နဲ့၄ လို နီးရက်နဲ့ဝေးကြမှာပဲ။ ၃နဲ့၄ ဟာ အနီးကပ်အထိုင်ကျနေပေမဲ့ မျက်နှာချင်းဆိုင်မရတဲ့ ဘဝတွေပါ။ အနီးဆုံးက သူစိမ်းတွေလိုပါပဲ။ လူတွေဟာလည်း ဘုရားနဲ့ဝေးရင် လူအချင်းချင်းဝေးနေကြမှာပဲလို့ Pope Francis ကပြောထားတယ်။
တစ်လမ်းထဲမှာနေတဲ့ လူတွေ၊ တစ်အိမ်ထဲမှာနေတဲ့ မိသားစုတွေ၊ တစ်ကုတင်ထဲမှာအိပ်တဲ့ လင် မယားတွေလည်း နှလုံးသားမှာ ဘုရားနဲ့ဝေးနေတဲ့အခါ အချင်းချင်းလည်း ၃နဲ့၄ လိုဝေးပြီး၊ အနီးဆုံးသူစိမ်း တွေပါပဲ။ တစ်ဦးဆီက တစ်ဦးအကြင်နာတွေမရလို့ ရင်နာကြရတဲ့ဘဝတွေပါ။ အမုန်းသမားတွေဟာလဲ အရှုံးသမားတွေပါပဲ။
အများကမိမိတို့ အသက်ကိုရှာကြံပြီးမွေးနေကြပေမဲ့ ဘုရားကလူသားတွေအတွက် အသက်ကို ရှာကြံပေးဖို့ လောကကိုဆင်းကြွခဲ့တာ အတုယူစရာပါပဲ။ ခရစ္စမတ်(စ်)ဆိုတာ မေတ္တာပေးဝေဖို့ အနစ်နာခံနေဖို့ ဆိုတာနားလည်းကြဖို့ပါ။
ဆောင်းပါးများ