
#လာဆလက်သခင်မလစ်တနီ
၁။ ဘုရား၏မယ်တော်ဖြစ်တော်မူသောကျွန်ုပ်တို့၏ လာဆလက်သခင်မ။ (ကျွန်ုပ်တို့အဖို့ငှါဆုတောင်းတော်မူပါ။)
၂။ လူ၏ဘုရင်မနှင့်မိခင်ဖြစ်တော်မူသောကျွန်ုပ်တို့၏ လာဆလက်သခင်မ။
၃။ သနားဂရုဏာတော်၏ စေတမန်ဖြစ်တော်မူသောကျွန်ုပ်တို့၏ လာဆလက်သခင်မ
၄။ တောင်းလျှောက်ရာဆုကို ရနိုင်တော်မူသောကျွန်ုပ်တို့၏ လာဆလက်သခင်မ။
၅။ ကျွန်ုပ်တို့အပေါ်၌အမျက်ထွက်တော်မူသောသားတော် ဘုရား၏လက်ကို ထိန်းထားတော်မူသောသခင်မ။
၆။ ကျွန်ုပ်တို့၏ အပြစ်များနှင့် ဒုက္ခဆင်းရဲများကြောင့် မျက်ရည်များစွာ စီးယိုတော်မူသောသခင်မ။
၇။ ကျေးဇူးမဲ့သော်လည်းကျွန်ုပ်တို့ကိုအထူး စောင့်ရှောက်တော်မူပေသောသခင်မ။
၈။ သခင်မထံတော်၌ခိုလှုံရန် ကျွန်ုပ်တို့အား ကြင်နာစွာဖိတ်ခေါ်တော်မူသောသခင်မ။
၉။ ဥပုသ်နေ့ကိုပျက်ကွက်ခြင်းနှင့် ဘုရားသခင်ကိုထိခိုက်ပြောဆိုခြင်းကြောင့်၊ ကျွန်ုပ်တို့ကိုအပြစ်တင်တော်မူသောသခင်မ။
၁၀။ သန့်ရှင်းသောအရာများကို ထိခိုက်ပြစ်မှားခြင်းကြောင့် အလွန်ဝမ်းနည်းစွာ မြည်တမ်းတော်မူသောသခင်မ။
၁၁။ နံနက်နှင့်ညမေတ္တာများကိုအထူးဂရုပြု၍ ရွက်ဆိုရန်တိုက်တွန်းတော်မူသောသခင်မ။
၁၂။ ကျွန်ုပ်တို့၏တဏှာရာဂ တပ်မက်မောခြင်းစိတ်နှင့် ရှက်ဖွယ်ရာလောကီမကောင်း ပျော်ရွှင်မှုများကြောင့် ကျွန်ုပ်တို့ကိုအထူးရှုတ်ချအပြစ်တင်တော်မူသောသခင်မ။
၁၃။ ယေဇူးသခင်၏ဒုက္ခစရိယာကိုအထူးသက်ဝင်ဖွယ်စွာ သတိပေးတော်မူသောသခင်မ။
၁၄။ အပြစ်ရှိသူတို့အတွက်ကယ်တင်ခြင်းအကြောင်းရင်း ဖြစ်စေသည့်ရူပါရုံကို ပြတော်မူသောသခင်မ။
၁၅။ ဖြောင့်မတ်သောသူတို့၌ ကြည်ညိုသဒ္ဓါဆပွားတိုးတက်စေရန် အလွန်အမင်းတိုက်တွန်းတော်မူသောသခင်မ။
၁၆။ အနာဂါတ်၌ကျရောက်အံ့သောဘေးဒုက္ခများကို ကြိုတင်ဟောပြောခြင်းအားဖြင့်၊ လူတို့အားထိုက် လျောက်စွာသတိပေးနှိုးဆော်တော်မူသောသခင်မ။
၁၇။ စိတ်ပြောင်းလဲခြင်းရှိသောသူတို့အား ကောင်းကျိုးများစွာ ပေးမည်ဟု ကတိထားတော်မူသောသခင်မ။
၁၈။ သခင်မ၏ခြေတော်ရင်း၌အံ့ဖွယ်ကောင်းသော စမ်းရေပေါက်ကို စီးထွက်စေတော်မူသောသခင်မ။
၁၉။ ယေဇူးနည်းတူဝေဒနာအပေါင်းတို့ကို ပျောက်ကင်းစေတော်မူသောသခင်မ။
၂၀။ ကမ္ဘာတဝှမ်းလုံး၏ရိုသေလေးစားခြင်းနှင့် ကိုးစားခြင်းကိုခံထိုက်တော်မူသောသခင်မ။ ၂၁။ အပြစ်ဒဏ်ဆပ်ဖြေခြင်းအမှုများကိုဆောင်ရွက်စေခြင်းဖြင့် ကောင်းကျိုးဖြစ်ထွန်းစေတော်မူသောသခင်မ။
၂၂။ ချစ်ခြင်းမေတ္တာ၏အမြဲတည်ရာစံနမူနာ ဖြစ်တော်မူသောလာဆလက်သခင်မ။
၂၃။ အပြစ်မကောင်းဟူသမျှတို့၏ယဇ်ပူဇော်ရာ ဖြစ်တော်မူသောသခင်မ။
၂၄။ အိန္ဒြေရှိခြင်းနှင့်ရိုးသားခြင်း၏ပုံစံတော်ဖြစ် တော်မူသောသခင်မ။
၂၅။ အနွံအတာအထူးသဖြင့်ခံတော်မူသောသခင်မ။
၂၆။ စိတ်အားထက်သန်ခြင်းနှင့်တမန်တော်အလုပ် စတင်တည်ထောင်ရာ ဌာနဖြစ်တော်မူသောသခင်မ။
၂၇။ ဆင်းရဲနွမ်းပါးသူတို့နှင့်ကလေးသူငယ်တို့၏ အမိသဖွယ်ချစ်ခင်ထိုက်သော သခင်မ။ ၂၈။ မျက်မမြင်သူတို့နှင့်အသိပညာမဲ့သော သူတို့၏အလင်းတော်ဖြစ်တော်မူသော သခင်မ။
၂၉။ ရောဂါဝေဒနာနှင့်ဆင်းရဲ ဒုက္ခခံစားနေရသူတို့အား သာယာနှစ်သိမ့်စေတတ်သောသခင်မ။
၃၀။ စိတ်နှလုံးနွမ်းရိညှိုးငယ်သောသူတို့၏ မျှော်လင့်ရာဖြစ်တော်မူသော သခင်မ။
၃၁။ အမှုထမ်းလျက်ရှိသော အသင်းတော်ကို မစတော်မူသော သခင်မ။
၃၂။ ဒုက္ခဆင်းရဲခံလျက်နေသော အသင်းတော်ကို ရှေ့နေရှေ့ရပ်ပြု၍ ထောက်မတော်မူသောသခင်မ။
၃၃။ အောင်မြင်ပြီးသောအသင်းတော်၏ဂုဏ်ကျက်သရေ ဖြစ်တော်မူသောသခင်မ။
၃၄။ လူတို့၏အပြစ်များကိုပြင်းထန်စွာမြည်တမ်းခြင်းအားဖြင့် သားတော်၏တရားတော်ကို လွယ်ကူစွာ ကျွန်ုပ်တို့ လိုက်နာအောင်ပြုတော်မူပါ.... အိုမာရီယား။
၃၅။ တသွင်သွင်ယိုစီးသောမျက်ရည်တော်များအားဖြင့် ကျွန်ုပ်တို့ အပြစ်များအတွက် ငိုကြွေးရန်ကျေးဇူးတော်ကို တောင်းလျှောက်ပေးတော်မူပါ . . . အိုမာရီးယား။
၃၆။ အမိကဲ့သို့ ဒုက္ခရောက်ခြင်းအားဖြင့် ဘုရား၏ အလိုတော်ကို လိုက်လိုသောစိတ်နှင့် ဆင်းရဲဒုက္ခဟူ သမျှကို ခံထမ်းနိုင်ရန်ကျေးဇူးတော်ကိုတောင်း လျှောက်ပေးတော်မူပါ ... အိုမာရီးယား။
၃၇။ သခင်မ၏ရူပါရုံနှင့် တန်ခိုးလက္ခဏာများအားဖြင့် လူတို့ ၏ယုံကြည်ခြင်းကို ပြန်လည်ပွင့်လင်းဖြစ်ထွန်းစေတော်မူပါ . . . အိုမာရီးယား
၃၈။ ရောမမြို့ကို သခင်မ၏လျှို့ဝှက်သောကြည့်ရှုခြင်းအားဖြင့်၊ သာသနာပိုင်ရဟန်းမင်းကြီးအား တိုး၍ရိုသေကြရန် ကျွန်ုပ်တို့ကို မစတော်မူပါ . . . အိုမာရီးယား။
၃၉။ သခင်မ၏ နှိုင်းတုမရနိုင်သောနူးညံ့သိမ်မွေ့ခြင်းအားဖြင့်၊ သခင်မကို တိုး၍ချစ်ခင်ကြရန် ကျွန်ုပ်တို့ကို မစတော်မူပါ . . . အိုမာရီးယား။
၄၀။ သခင်မ၏ အလွန်နှစ်သက်ဖွယ်ဖြစ်သော လှပတင့်တယ်တော်မူခြင်းအားဖြင့်၊ ကောင်းကင်သုခကို ကျွန်ုပ် တိုတောင့်တရန် မစတော်မူပါ . . . အိုမာရီးယား။ ...
၄၁။ သခင်မ၏ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းအားဖြင့် သခင်မ နောက်တော်သို့ကျွန်ုပ်တို့ကိုဆွဲဆောင် ခေါ်ငင်တော်မူပါ ... အိုမာရီးယား။
#ဆုတောင်းမေတ္တာ
အသင်းတော်၏ မိခင်ဖြစ်တော်မူသောမယ်တော်၊ သခင်မ၏ လူမျိုးများဖြစ်သော ကျွန်ုပ်တို့အား ကြည့်ရှုစောင်မတော်မူပါ။ ဘုရား၏ နှုတ်တော်ထွက်စကားကို ကြားသိရသောကျွန်ုပ်တို့သည် နှုတ်အားဖြင့်သော်လည်းကောင်း၊ လုပ်ဆောင်မှုအားဖြင့်သော်လည်းကောင်း ထိုသတင်းကောင်းကို ကြွေးကြော်နိုင်ရန်ကူညီ မစတော်မူပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ ဘုန်းတန်ခိုးတော်နှင့်ဖုံးလွှမ်း၍ ကယ်တင်ရှင်ယေဇူးအား ဖွားမြင်တော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ထိုဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် သခင်ခရစ်တော် ကားတိုင်ပေါ်တွင် ဆက်ကပ်ပေးသနားခဲ့သော စည်းလုံးညီညွတ်ခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတည်းဟူသော ကောင်းကင်ရွှေနိုင်ငံတော် တည်ဆောက်ရာ၌ပါဝင်နိုင်စေရန် ကူညီမစတော်မူပါ။ အာမင်။
#လာဆလက်မယ်တော်ထံပြုအပ်သည့် နိုဗီနားမေတ္တာ
အိုချစ်ဖွယ်လှသောမယ်တော် သခင်မထံတော်မှ တောင်းလျှောက်ရန် ခြေတော်ရင်းသို့ ကျွန်ုပ်တို့ ချဉ်းကပ်ရောက်လာပါသည်။ (သင်အလို ရှိရာများအတွက် ခေတ္တခဏတိတ်ဆိတ်စွာ ဆုတောင်းရန်) သခင်မသည် လာဆလက်တောင်ပေါ်သို့ ကြွလာတော်မူပြီးလျှင် ကျွန်ုပ်တို့အား ရှေးဦးစွာ ခရစ္စတီအန်ဝတ္တရားများကို သတိပေးနှိုးဆော်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်ရာဆုကို ရရန်အလို့ငှာ အကောင်းဆုံးနည်းလမ်းကား၊ ကောင်းစွာအာပတ်ဖြေ၍ ပြုလေ့ရှိသော ဒုစရိုက်များကို စွမ်းအားရှိသမျှနှင့် ပစ်ပယ်ခြင်းဖြင့် ယေဇူးသခင်၏ မိတ်ဆွေတော်အဖြစ်သို့ ရောက်အောင်ကြိုးစားခြင်း ဖြစ်ပေသည်။ အပြစ်ရှိသူတို့ကို ဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေး တော်မူသော အိုကညာမြတ်မာရီယား ကျေးဇူးအပေါင်းတို့တွင် အဖိုးအထိုက်ဆုံးဖြစ်သော ဤကျေးဇူးတော်ကို ကျွန်ုပ်တို့အဖို့တောင်း ခံသနားတော်မူပါ။ . ဤကျေးဇူးတော်ကို ကျွန်ုပ်တို့ခံစားရပါလျှင် အခြားကျေးဇူးများကိုလည်း ခံစားရလိမ့်မည်။ လာဆလက်ဘွဲ့နာမနှင့် သခင်မထံ အသနားခံသူတို့သည် များစွာသော တန်ခိုးအံ့ဖွယ်ရာများကို ရကြသကဲ့သို့ ကျွန်ုပ်တို့တောင်းသောဆုကိုလည်း ရလိမ့်မည်ဟု မျှော်လင့်ပါသည်။ သခင်မကိုဖူးမျှော်လျက် သခင်မ၏ခြေတော်ရင်း၌ နှိမ့်ချညွှတ်တွားသောစိတ်နှင့် ကျွန်ုပ်တို့၏ဆုတောင်းပဌာနာကို ဆက်ကပ်ရသည်မှာ နွမ်းရိနေသောသူတို့အဖို့ လွန်စွာနှစ်ထောင်း အားရစရာကောင်းပါသည်။ ချစ်သားသမီးတို့ ဤအကြောင်းအချက်များကို “ငါ၏လူများအားလုံးအား ဝေငှဟောပြောကြလော့။”ဟူ၍ သခင်မ မိန့်တော်မူခဲ့ပေသည်။ သခင်မကိုအတုယူ၍ ဘုရား၏ ဘုန်းတော်ဂုဏ်တော် တိုးပွားရာတိုးပွားကြောင်းအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်ရန် ဆုတောင်းပေးတော်မူပါ။ အာမင်။
#လာဆလက်မယ်တော်ထံဆက်ကပ်ပူဇော်ခြင်းမေတ္တာ
အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ကျွန်ုပ်တို့၏လာဆလက် မယ်တော်၊ ကျွန်ုပ်တို့အပေါ်၌ထားရှိသော ချစ်ခြင်းမေတ္တာကြောင့် လာဆလက်တောင်ပေါ်တွင် ထင်ရှားပြစဉ် ခါးသီးသောမျက်ရည်များ ယိုစီးခဲ့ပါသည်။ စိတ်နှလုံးအကြွင်းမဲ့ မိမိကိုယ်ကို အပ်နှံပူဇော်ရာ၌ ကျွန်ုပ်တို့အား ကြင်နာခြင်းတရားဖြင့် ကောင်းကင်ရွှေပြည်တော်မှ ကြည့်ရှုတော်မူပါ။ ဤအချိန်မှစ၍ ကျွန်ုပ်တို့၏ဂုဏ်သိက္ခာသည် မယ်တော်၏ ရင်သွေးငယ်တစ်ဦးဖြစ်ကြောင်း သိနားလည်ရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ပူဆွေးနေသော နေ့စဉ်ဘဝအသက်တာသည် သခင်မ၏နှလုံးသားကို နှစ်သိမ့်စေရန်နှင့် ယိုစီးနေသောမျက်ရည်များအား ရပ်တန့်ခြောက်သွေ့နိုင်ပါစေ။ ချစ်လှစွာသောမယ်တော်၊ ဤနေ့ဤအချိန်မှစ၍ နောက်ဆုံးသောအချိန်အထိ ကျွန်ုပ်၏ခန္ဓာကိုယ်နှင့်ဝိညာဉ်၊ မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်မှုများ၊ ဒုက္ခဆင်းရဲများနှင့်ပူဆွေးခြင်းများ၊ ကျွန်ုပ်၏ အသက်နှင့် တမလွန်ဘဝများအားလုံးကို မယ်တော်နှင့် မယ်တော်၏ မိန့်မှာချက်များအား အထွတ်အမြတ်ထားကာ လိုက်နာခြင်းဖြင့် မယ်တော်၏ဂရုဏာ ကြင်နာသနားခြင်းရင်ခွင်သို့ ကျွန်ုပ်ကိုယ်ကို ဆက်ကပ်အပ်နှံပါသည်။
ချစ်ခင်မြတ်နိုးဖွယ်သောမယ်တော်၊ စိတ်အားထက်သန်ခြင်းနှင့် မယိုယွင်းနိုင်သော စွမ်းအားသတ္တိဖြင့် မယ်တော်နှင့်သားတော်ဘုရားမှ ညွှန်ကြားလမ်းညွှန်မှု၌ လျှောက်လှမ်းနိုင်ရန် ကျွန်ုပ်၏ဉာဏ်ပညာကို ထွန်းလင်းစေ၍လည်းကောင်း၊ ကျွန်ုပ်၏လျှောက်လှမ်းသောခရီးကို ညွှန်ကြားပေးခြင်းအားဖြင့်လည်းကောင်း၊ အသင်မိခင်၏စောင်မကာကွယ်ပေးခြင်းဖြင့်လည်းကောင်း၊ ကျွန်ုပ်အားလမ်းမှားရောက်ခြင်းနှင့် အပြစ်၏အန္တရာယ်ဆိုးများမှ ကာကွယ်တော်မူပါ။ အာမင်။
#အဆုံးသတ်မေတ္တာ
ကျွန်ုပ်တို့၏အရှင်သခင်ယေဇူး၊ ကာလဝါရီတောင်ပေါ်တွင် အသက်တော်မစွန့်မှီ နောက်ဆုံးသောအချိန်ကာလ၌ ကညာစင်မာရီယားအား ကျွန်ုပ်တို့အားလုံး၏ မိခင်အဖြစ်နှင့် အရိုအသေပြုရန် ကိုယ်တော်အလို ရှိတော်မူခဲ့ပေသည်။ မယ်တော်၏ခိုင်မြဲသောယုံကြည်ခြင်း၊ မစဲသောဆုတောင်းပေးမှုများနှင့် မိခင်တစ်ဦး၏ စောင့်ရှောက် ခြင်းတို့ဖြင့် ကိုယ်တော်ရှင်၏ ရှင်ပြန်ထမြောက်တော်မူသော ဂုဏ်တော်သို့ လျှောက်လှမ်းနိုင်ရန် လမ်းညွှန်ပြသတော်မူပါ။ ကာလအဆက်ဆက် အသက်ထင်ရှား စိုးစံတော်မူသော အိုအရှင်မြတ်စွာဘုရား။ အာမင်။