Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။ #နဝမနေ့ - (စက်တင်ဘာလ ၁၈ ရက်နေ့)

#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။

#နဝမနေ့ - (စက်တင်ဘာလ ၁၈ ရက်နေ့)

#ရည်ရွယ်ချက် - ကျွန်ုပ်တို့၏ အထူးတာဝန်။

#ဘုရား၏နှုတ်တော်ထွက်စကား….

သခင်ယေဇူးက သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏တပည့်များဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်း သောဝိညာဉ်တော်၏ နာမတော်၌ ဆေးကြောကြလော့။ သင်တို့အား ငါမိန့်မှာထားသမျှကို လိုက်နာကျင့်ကြံစေခြင်းငှါ သူတို့ကိုသွန်သင်ကြလော့။ ငါသည်ကား ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်ရှိမည်ဟု သူတို့အားမိန့်တော်မူသတည်း။” (ရှင်မာတေဦး - ၂၈း၁၈-၂၀)

#မယ်တော်၏မိန့်မှာသံ - “ငါ့ကလေးများတို့၊ ဤအရာများကို လူအများသိစေရန် ပြောကြားပါလော့။”

#ထောက်ရှုစဉ်းစားချက်

သားတော်ဘုရား၏နောက်တော်သို့လိုက်ရန် ကျွန်ုပ်တို့အား

သတိပေးနှိုးဆော်ခြင်းနှင့် အားပေးတော်မူသောမယ်တော်သည် ကျွန်ုပ်တို့၏တာဝန်ဝတ္တရားများကိုလည်း သတိပေးတော်မူသည်။ ကျွန်ုပ်တို့သည်လည်း၊ ခရစ်တော်၏သတင်းကောင်းကို ဝေငှကြရန်ဖြစ်ပါသည်။

ဝိညာဉ်တော်၏တန်ခိုးတော်နှင့် ဖုံးလွှမ်း၍ ချစ်ခြင်းတရားနှင့်အမှန်တရား၌ ဆက်လက်ပူဇော်ထားကာ ခရစ်တော်၏နောက်လိုက်တော်များ အတူတကွလက်တွဲလုပ်ဆောင်၍ ဘုရား၏ နိုင်ငံတော်ကို ဤလောက၌ ထွန်းကားစေရမည်ဖြစ်ပါသည်။ မယ်တော်၏ကောင်းမြတ်တော်မူသော သတင်းကောင်းဟူသည်မှာ သခင်ခရစ်တော်၏ဧဝံဂေလိတရားတော်ပင်ဖြစ်ပါသည်။ ဘုရား၏ နှုတ်တော်ထွက်စကားကို ကြားနာရသောကျွန်ုပ်တို့သည် မယ်တော်ကဲ့သို့ တမန်တော်ကြီးများနှင့်အတူ အသင်းတော်တစ်ခုလုံးအား ခရစ်တော်အပ်နှံထားသော အထူးတာဝန်ကို သယ်ပိုးထမ်းရွက်ရမည်ဖြစ်ပါသည်။ ငယ်ရွယ်သောကလေးသူငယ်နှစ်ဦးအား လာဆလက်တောင်ပေါ်တွင် မယ်တော်၏မိန့်မှာချက်သည် ကျွန်ုပ်တို့အတွက် ရိုးစင်းပွင့်လင်းသော အထူးတာဝန်တစ်ရပ် ဖြစ်ပါသည်။

မိခင်တည်းဟူသော အကြင်နာတရားဖြင့် နိဂုံးချုပ်အနေနှင့် မယ်တော်တစ်ကြိမ် ထပ်မံမိန့်မှာခဲ့သည်မှာ

“ချစ်သားသမီးများ ဤသတင်းကောင်းကို ငါ၏လူမျိုးများအားလုံး သိနားလည်စေရန် ဝေငှပြောကြားကြလော့။”

#(ငြိမ်သက်စွာစဉ်းစားခြင်း)

#ဆုတောင်းမေတ္တာ

အသင်းတော်၏ မိခင်ဖြစ်တော်မူသောမယ်တော်၊ သခင်မ၏ လူမျိုးများဖြစ်သောကျွန်ုပ်တို့အား ကြည့်ရှုစောင်မတော်မူပါ။ ဘုရား ၏နှုတ်တော်ထွက်စကားကို ကြားသိရသောကျွန်ုပ်တို့သည် နှုတ်အားဖြင့်သော်လည်းကောင်း၊ လုပ်ဆောင်မှုအားဖြင့်သော်လည်းကောင်း၊ ထိုသတင်းကောင်းကိုကြွေးကြော်နိုင်ရန်ကူညီမစတော်မူပါ။ သန့်ရှင်း သောဝိညာဉ်တော်၏ ဘုန်းတန်ခိုးတော်နှင့်ဖုံးလွှမ်း၍ ကယ်တင်ရှင် ယေဇူးအား ဖွားမြင်တော်မူသကဲ့သို့ကျွန်ုပ်တို့သည်လည်း ထိုဝိညာဉ် တော်၏ တန်ခိုးတော်အားဖြင့် သခင်ခရစ်တော် ကားတိုင်ပေါ်တွင် ဆက်ကပ်၍ ပေးသနားခဲ့သော စည်းလုံးညီညွတ်ခြင်းနှင့် ငြိမ်းချမ်း သာယာခြင်းတည်းဟူသော ကောင်းကင်ရွှေနိုင်ငံတော်တည်ဆောက် ရာ၌ ပါဝင်နိုင်စေရန်ကူညီမ စတော်မူပါ။

#(ဆုတောင်းလိုချက်များအားဆိတ်ငြိမ်စွာတင်လျှောက်ရန်)

#ကောင်းကင်ဘုံမေတ္တာနှင့် ဂုဏ်ကျေးဇူးတော်မေတ္တာ

#အပြစ်ရှိသူတို့ကိုဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေးသော ကျွန်ုပ်တို့၏ လာဆလက်မယ်တော်သခင်မ….

 

#အထံတော်၌ခိုလှုံသော ကျွန်ုပ်တို့အဖို့ငှါ၊ အစဉ်အမြဲ ဆုတောင်းပေးတော်မူပါ။ အာမင်။

ဆောင်းပါးများ