
#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။
#အဌမနေ့ - (စက်တင်ဘာလ ၁၇ ရက်နေ့)
#ရည်ရွယ်ချက် - လက်ခံကြိုဆိုခြင်း။
#ဘုရား၏နှုတ်တော်ထွက်စကား….
“သခင်ယေဇူးကလည်း သူတို့အားမိန့်တော်မူသည်ကား ငါသည် အသက်၏မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ငတ်မွတ်ခြင်းရှိလိမ့်မည်မဟုတ်။ ငါ၌ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။” (ရှင်ယောဟန်- ၆:၃၅)
#မယ်တော်၏မိန့်မှာသံ - “ငါ့သား၊ (မက်ဆီမင်) ‘Coin ကျေးရွာဇနပုဒ်’တွင် ပျက်ဆီးသွားသောဂျုံတစ်ချို့ကို သင်တစ်ကြိမ်တစ်ခါမြင်ခဲ့ဖူးပါသည်။ သင့်ဖခင်က သင့်အားပေါင်မုန့်အနည်းငယ်ပေးပြီး ဤနှစ်တွင် ငါတို့မှာရှိနေသေးသည်ဖြစ်၍ အနည်းငယ်စားပါဟု ပြောခဲ့ဖူးသည်။”
#ထောက်ရှုစဉ်းစားချက်…
အနာဂါတ်တွင်ကျရောက်လာမည့် အန္တရာယ်ဆိုးကြီး၊ ကလေး သူငယ်တို့၏ ပွင့်လင်းသောစိတ်ဓါတ်၊ မိသားစုအပေါ်ထားရှိသော မိဘများ၏မေတ္တာနှင့် အစားအစာများကို ပေးဝေခြင်းအစရှိသော နေ့စဉ်ဘဝအသက်တာ၏ လှုပ်ရှားအသက်ဝင် မှုများသည် မယ်တော်၏နှလုံးသားနှင့် စိတ်အာရုံတို့တွင် ကိန်းဝပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ဘဝ ကောင်းမြတ်သာယာရေးအတွက် မယ်တော်ထံ ဆက်ကပ်ရန်ဖိတ်ခေါ် လျက်ရှိပါသည်။
မယ်တော်၏သားတော်သခင်ယေဇူးကလည်း အဖဘုရားသခင်သည် ကျွန်ုပ်တို့၏ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် မည်မျှလောက် ကြည့်ရှုစောင်မသည်ကိုလည်း သတိပေးတော်မူ၏။ “ဆိုးမိုက်သော သင်တို့ပင်လျှင် မိမိတို့၏သားသမီးများအား ကောင်းသောအရာများကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည်လည်း မိမိထံတောင်းလျှောက်ထား သူတို့အားကောင်းသောအရာများကို ထိုထက်မက ပို၍ပေးတော်မူမည်မဟုတ်လော။” (ရှင်မာတေဦး - ၇း၁၁)
ကောင်းမြတ်သောလက်ဆောင်ပဏ္ဏာနှင့် ပေးကမ်းစွန့်ကြဲသော အစားအစာများသည် ကျွန်ုပ်တို့အတွက် ကတိထားတော်မူသောနှစ်သိမ့်ဖွယ်ရာ သတင်းကောင်းဖြစ်တော်မူသည်။ ဤအရာများသည် အသက်၏သခင်ယေဇူးခရစ္စတူးသည် ဘုရားသခင်ကို လိုလားတောင်းတနေသော ကျွန်ုပ်တို့၏ဆာလောင်ငတ်မွတ်မှုကို ဖြည့်တင်းပေးနိုင်ရန်အတွက် မိမိအသက်ကို လိုလိုလားလား အပ်နှံပူဇော်တော်မူသော သခင်ခရစ္စတူးဖြစ်ကြောင်း ကျွန်ုပ်တို့ကိုသတိပေးတော်မူသည်။ ကျွန်ုပ်တို့အားလည်း သခင်ခရစ်တော်၏ခြေရာတော်ကိုနင်း၍ နောက်တော်သို့လိုက်နိုင်ရန် ဖိတ်ကြားတော်မူ၏။ #(ငြိမ်သက်စွာစဉ်းစားခြင်း)
#ဆုတောင်းမေတ္တာ
ကျွန်ုပ်တို့၏လိုအပ်ချက်များကို သိနားလည်တော်မူသောအမိမယ်တော်၊ ကူညီစောင်မမှုကို လိုအပ်သူများနှင့် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံစားနေရသောညီအစ်ကိုမောင်နှမ အပေါင်းတို့အား သနားကြင်နာတတ်ရန် ကျွန်ုပ်တို့အားနှိုးဆော်ပေးတော်မူပါ။ ကိုယ်ကာယ၌သော်လည်းကောင်း၊ နှလုံးသား၌သော်လည်းကောင်း၊ ဝိညာဉ်ရေး၌သော် လည်းကောင်း၊ ဆာလောင်မွတ်သိပ်နေသူများအား အားဖြည့်ပေးနိုင်ရန် ကူညီစောင်မတော်မူပါ။ ကျွန်ုပ်တို့၏အသက်သခင် ဖြစ်တော်မူသော ကိုယ်တော်မြတ်စက္ကရမင်တူးအား အမြဲတစေ လိုလားတောင်းတမှု ရှိအောင်စောင်မတော်မူပါ။
#(ဆုတောင်းလိုချက်များအားဆိတ်ငြိမ်စွာတင်လျှောက်ရန်)
#ကောင်းကင်ဘုံမေတ္တာနှင့် ဂုဏ်ကျေးဇူးတော်မေတ္တာ…
#အပြစ်ရှိသူတို့ကိုဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေးသော ကျွန်ုပ်တို့၏ လာဆလက်မယ်တော်သခင်မ….
#အထံတော်၌ခိုလှုံသော ကျွန်ုပ်တို့အဖို့ငှါ၊ အစဉ်အမြဲ ဆုတောင်းပေးတော်မူပါ။ အာမင်။