
#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။
#ဆဌမနေ့ - (စက်တင်ဘာလ ၁၅ ရက်နေ့)
#ရည်ရွယ်ချက် - ကတိထားတော်မူသောကျေးဇူးတော်များ။
#ဘုရား၏နှုတ်တော်ထွက်စကား….
“တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။” (ဟေရှာယ - ၃၅း၁-၂)
#မယ်တော်၏မိန့်မှာသံ - “အကယ်၍လူများတို့သည် မိမိကိုယ်ကို အကောင်းဘက်သို့ ပြန်လည်၍ ပြုပြင်ပြောင်းလဲခဲ့သော် ကျောက်တုံးကျောက်ခဲများသည်လည်း မိမိတို့အလိုအလျောက် အခင်းထဲ၌ စားစရာသီးနှံများအဖြစ် ပေါက်ရောက်လျှက်ရှိလိမ့်မည်။”
#ထောက်ရှုစဉ်းစားချက်…
ခြေထောက်ချိနဲ့သူများအား သန်စွမ်းစေသူ၊ မျက်စိမမြင်သူများအား မျက်စိပွင့်၍ အလင်းကျေးဇူးပေးတော်မူသော သခင်ခရစ်တော်သည် ကျွန်ုပ်တို့ဘဝအား၊ အသစ်တဖန် ပြန်လည်ပြုပြင်ရန် ကြွရောက်လာပါသည်။ ကျွန်ုပ်တို့နှင့်အစဉ်အမြဲတည်ရှိနေသော ခရစ်တော်ဘုရားကို သတိမမူမိခြင်းသည် ကျွန်ုပ်တို့၏နှလုံးသားကိုမာကျောစေ၍ အမြင်အာရုံကို ကျဉ်းမြောင်းစေသောနှောင့်ယှက်ခြင်းပင်ဖြစ်ပေသည်။ သမ္မာတရားကိုလိုက်နာရန်၊ အမှန်တရားကိုရှာဖွေတွေ့ရှိရန်၊ ပျော်ရွှင်ခြင်း နှင့်ပေးကမ်းနိုင်ရန်တို့အတွက် အသက်ဖြစ်သော ခရစ်တော်ထံသို့ ချဉ်းကပ်ကြပါစို့။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့၏ ခန်းခြောက်နေသောနှလုံးသားများနှင့် ကမ္ဘာလောကကြီးအား ဖူးပွင့်ဝေဆာစေနိုင်ပါသည်။
ခြောက်သွေ့၍ အသက်ကင်းမဲ့နေသော လာဆလက်တောင်စောင်းတွင် မယ်တော်၏ထင်ရှားပြခြင်းသည် ပြန်လည်ဆန်းသစ်ခြင်းနှင့် လန်းဆန်းလှပစေသော ကတိတော်နှင့်ပြည့်ဝသည့် အသက်စမ်းရေကို စီးဆင်းစေပါသည်။ ကျွန်ုပ်တို့အားအပြစ်ကျေးကျွန်ဘဝမှ လွတ်မြောက်စေရန်နှိုးဆော်တော်မူသော မယ်တော်၏မိန့်မှာချက်ကို ရင်ဝယ်အတွင်းနားဆင်ခြင်းသည် ကျွန်ုပ်တို့၏ဘဝကို ကြွယ်ဝချမ်းသာစေ၍ တန်ဖိုးရှိရှိ အကျိုးဖြစ်ထွန်းစေပါသည်။
#(ငြိမ်သက်စွာစဉ်းစားခြင်း)
#ဆုတောင်းမေတ္တာ
ဘုရားနှင့်သင့်မြတ်အောင် စေ့စပ်ပေးခြင်း၏ကညာမာရီယား၊ သခင်မ၏အစဉ်အမြဲမေတ္တာပို့သခြင်း၊ ချစ်ခြင်းတရားနှင့် ပြည့်ဝသော စာနာထောက်ထားမှုတို့သည် ကျွန်ုပ်တို့၏နှလုံးသားများနှင့် စိတ်ထားများအား၊ သခင်မ၏သားတော်အတွက် အစဉ်အမြဲတိုးတက်စေတော်မူပါ။ ကျွန်ုပ်တို့၏ဘဝကိုလည်း ချစ်ခြင်းမေတ္တာနှင့် တဖန်သစ်လွင်စေတော်မူပါ။ မယ်တော်နှင့်သားတော်ဘုရားမှ ကတိထားတော်မူခဲ့သည့် ကျေးဇူးတော်များကိုရရှိကြပြီး သားတော်ဘုရားအား ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ်သစ္စာရှိရှိ ကျေးဇူးတော်တင်ဆပ်နိုင်ရန် မစတော်မူပါ။
#(ဆုတောင်းလိုချက်များအားဆိတ်ငြိမ်စွာတင်လျှောက်ရန်)
#ကောင်းကင်ဘုံမေတ္တာနှင့် ဂုဏ်ကျေးဇူးတော်မေတ္တာ…
#အပြစ်ရှိသူတို့ကိုဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေးသော ကျွန်ုပ်တို့၏ လာဆလက်မယ်တော်သခင်မ….
#အထံတော်၌ခိုလှုံသော ကျွန်ုပ်တို့အဖို့ငှါ၊ အစဉ်အမြဲ ဆုတောင်းပေးတော်မူပါ။ အာမင်။