
#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။
# ပဉ္စမနေ့ - (စက်တင်ဘာလ ၁၄ ရက်နေ့)
#ရည်ရွယ်ချက် - စစ်မှန်သောခြိုးခြံဝါရှောင်ခြင်း။
#ဘုရား၏နှုတ်တော်ထွက်စကား….
“ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကိုချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကိုလွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေစရာမရှိ ဆင်းရဲသောသူတို့ကို ကိုယ့်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် အဝတ်ကိုပေးခြင်း၊ ကိုယ့်အသားကို မရှောင်ဘဲနေခြင်းမဟုတ်လော။” (ဟေရှာယ - ၅၈:၆-၇)
#မယ်တော်၏မိန့်မှာသံ - “အကယ်၍အသီးအနှံများ ပျက်စီးဆုံးရှုံးမှုရှိသော် သင်တို့အပြစ် ကြောင့်ပင်ဖြစ်ပေသည်။ လွန်ခဲ့သောနှစ်တွင်သင်တို့အား အာလူးများဖြင့် သတိပေးနှိုးဆော်ခဲ့ပြီ။ သင်တို့မူကား အလေးမထားဘဲ လစ်လျူရှု၍သာ နေခဲ့ကြသည်။ ထိုမျှမကသေးပဲ အာလူးများပုပ်၍ပျက်စီးသည်ကို သင်တို့မြင်တွေ့သော် သင်တို့ဆဲရေးတိုင်းထွာခဲ့ကြ၏။ ကျန်ရှိသောသူများသည် ငတ်မွတ်ခြင်းဘေးဖြင့်သာ နောင်တယူကြရပေလိမ့်မည်။”
#ထောက်ရှုစဉ်းစားချက်…
မယ်တော်၏မိန့်မှာချက်များသည် ကျွန်ုပ်တို့၏လစ်လျူရှုမှုနှင့် လောကီရေးရာမကောင်းမှုများကို သိနားလည်စေရန်၊ အသိပေးလှုံ့ဆော်ခဲ့သည်။ ယနေ့ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရပါသည်။ ကျွန်ုပ်တို့၏ဘေးပတ် ဝန်းကျင်၌လည်းကောင်း၊ ကမ္ဘာတစ်ခွင်၌လည်းကောင်း ကူညီမစခြင်း ခံထိုက်သူများကို မျက်နှာလွှဲ လစ်လျူရှုထားကြပါသည်။ ဤအခြင်းအရာများသည် ကျွန်ုပ်တို့အား အာရုံစိုက်ကူညီမစရန် ငိုကြွေးစောင့်ဆိုင်း နေကြပါသည်။ သခင်မ၏ဖိတ်ခေါ်သံနှင့် သခင်ယေဇူး၏နှုတ်တော်ထွက် စကားများကိုကြားနာ၍ အမူအရာအားဖြင့် တုန့်ပြန်တော်မူပါလျှင် မယ်တော်ကတိထားတော်မူသည်မှာ နောက်ဆုံးသောအချိန်၌ သခင်ခရစ်တော်ထံမှ ကျွန်ုပ်တို့ကြားနာရမည်ကား “ငါ၏ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံရသောသူတို့ လာကြလော့။ ကမ္ဘာဦးကပင် သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို အမွေခံကြလော့။ အကြောင်းမူကား ငါသည်ဆာလောင်မွတ်သိပ်သောအခါ သင်တို့သည် ငါ့အားစားစရာကိုပေးကြ၏။ ငါရေငတ်သောအခါ သင်တို့သည် ငါ့အားသောက်ရေကိုပေးကြ၏။ ငါသည်ဧည့်သည် သူစိမ်းဖြစ်သောအခါ သင်တို့သည် ငါ့အားဧည့်ဝတ်ပြုကြ၏။ ငါ့၌အဝတ် မရှိသောအခါ သင်တို့သည် ငါ့ကိုအဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါဖျားနာသောအခါ သင်တို့သည် ငါ့ကိုပြုစုကြ၏။ ငါထောင်ကျနေရသောအခါ သင်တို့သည် ငါ့ထံသို့လာရောက်ကြည့်ရှု၏။ အသိမ်ငယ်ဆုံးဖြစ်သူတစ်ဦးကို သင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပင်ပြုစုကြပြီ။” (မာတေဦး -၅း၃၄-၃၅-၃၆)
#(ငြိမ်သက်စွာစဉ်းစားခြင်း)
#ဆုတောင်းမေတ္တာ
သနားခြင်းနှင့်ပြည့်စုံတော်မူသောမယ်တော်၊ ဆင်းရဲဒုက္ခရောက်နေသော ညီအစ်ကိုမောင်နှမများအား သတိမူတွေ့မြင်နိုင်ရန် ကျွန်ုပ်တို့၏မျက်စိများကိုပွင့်စေ၍ အလင်းပေးတော်မူပါ။ ဤလောက ကြွယ်ဝသောဥစ္စာပစ္စည်းများကို အကူအညီအထောက်အပံ့ အလိုအပ်ဆုံးသူများအား ပေးကမ်းစွန့်ကြဲနိုင်ရန်၊ ကျွန်ုပ်တို့၏နှလုံးသားများအား ဖွင့်ဟပေးတော်မူ၍ ထိုသူတို့အား ထွေးပွေ့နိုင်ရန် မစတော်မူပါ။ သခင်မ၏ မိန့်မှာချက်များကို စိတ်နှလုံးသွင်း၍ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး အစဉ်အမြဲ တစ်ဦးကိုတစ်ဦး အလုပ်အကျွေးပြုနိုင်ရန်နှင့် ကျေအေးနိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးနိုင်ရန်နှင့်ခွင့်လွှတ်နိုင်ရန်၊ ဘုရားသခင်၏ အလိုဆန္ဒအတိုင်း ဤလောကကို တည်ထောင်နိုင်ရန် ကူညီမစတော်မူပါ။
#(ဆုတောင်းလိုချက်များအားဆိတ်ငြိမ်စွာတင်လျှောက်ရန်)
#ကောင်းကင်ဘုံမေတ္တာနှင့် ဂုဏ်ကျေးဇူးတော်မေတ္တာ…
#အပြစ်ရှိသူတို့ကိုဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေးသော ကျွန်ုပ်တို့၏ လာဆလက်မယ်တော်သခင်မ….
#အထံတော်၌ခိုလှုံသော ကျွန်ုပ်တို့အဖို့ငှါ၊ အစဉ်အမြဲ ဆုတောင်းပေးတော်မူပါ။ အာမင်။