
#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။
# တတိယနေ့ - (စက်တင်ဘာလ ၁၂ ရက်နေ့)
#ရည်ရွယ်ချက် - ဝမ်းမြောက်ရွှင်လန်းခြင်း။
#ဘုရား၏နှုတ်တော်ထွက်စကား….
“ကောင်းကင်တမန်တော်က သိုးထိန်းများအား မကြောက်ကြနှင့်။ လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာ ဖြစ်စေမည့် သတင်းကောင်းကို ငါသည်သင်တို့ထံသို့ ယူဆောင်လာ၏။” (ရှင်လုကာ - ၂း၁ဝ)
#မယ်တော်၏မိန့်မှာသံ - “ကြီးမြတ်သောသတင်းကောင်းကို သင်တို့အား ငါပေးမည်”
#ထောက်ရှုစဉ်းစားချက်…
သိကြားတမန်မှ မယ်တော်အားအမိန့်တော်ပြန်သော ကောင်းမြတ်တော်မူလှသည့် သတင်းကောင်းသည် ချီးမွမ်းမေတ္တာတော်ကို ပေါက်ဖွားစေတော်မူခဲ့သည်။ မယ်တော်ကျူးရင့်သောမေတ္တာ သီချင်းသံသည် မယ်တော်၏ကြီးမြတ်လှသော ဝမ်းမြောက်ခြင်းနှင့် နက်နဲခိုင်မာယုံကြည်ခြင်းကို ဖော်ပြရုံသာမက ဆင်းရဲဒုက္ခရောက်သောသူများ၊ ဖိနှိပ်ချုပ်ချယ်ခံရသူများနှင့် လမ်းပျောက်နေသောသူများအား ဘုရားသခင်မှ ကူညီစောင်မတော်မူခြင်းကို ထုတ်ဖော်ပြသနေပါသည်။
လာဆလက်တောင်ပေါ်၌ မယ်တော်၏ မိန့်မှာချက်များသည် ဧဝံဂေလိကျမ်းစာတော်မြတ်ကဲ့သို့ သတင်းကောင်းတစ်ရပ်ပင် ဖြစ်ပါသည်။ အပြစ်များကိုခွင့်လွှတ်ခြင်း၊ သေမင်းကိုဖျက်ဆီးခြင်းနှင့် ယိုယွင်းပျက်စီးနေသော ကမ္ဘာကြီးအား ပြန်လည်ဆန်းသစ်ခြင်းသည် ကျွန်ုပ်တို့၏ ဝမ်းမြောက်ဖွယ်ရာ ကယ်တင်ခြင်းတရားဖြစ်ကြောင်း မယ်တော်ပြောကြားခဲ့ပါသည်။
ကောင်းကင်တမန်တော်သည် သခင်ယေဇူး၏မွေးဖွားခြင်းမှ ထာဝရဘုရားသခင် ဤလောကသို့ ဆင်းကြွလာခြင်းတည်းဟူသော သတင်းကောင်းကိုကြေငြာခဲ့သည်။
ထာဝရဘုရား ဤလောကသို့ နေ့စဉ်နေ့တိုင်းဆင်းကြွလာပြီး ကမ္ဘာလောကကြီးအား ပြန်လည်ပြုပြင် မွမ်းမံတော်မူခြင်းကိုကျွန်ုပ်တို့အား မယ်တော်သတိပေးတော်မူခဲ့သည်။ ဤအရာများသည် ကျွန်ုပ်တို့အတွက် ထူးမြတ်သောသတင်းကောင်းနှင့် ဝမ်းမြောက်ရွှင်လန်းဖွယ်ရာ၏ အရင်းအမြစ် ဖြစ်တော်မူပါသည်။
#(ငြိမ်သက်စွာစဉ်းစားခြင်း)
#ဆုတောင်းမေတ္တာ
နူးညံ့သိမ်မွေ့လှသော လာဆလက်မယ်တော်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင်၌ ပျော်ရွှင်ချမ်းမြေ့ခြင်းကိုရှာဖွေရန် ကျွန်ုပ်တို့အား တိုက်တွန်းတော်မူခဲ့ပေသည်။ မယ်တော်၏မိန့်မှာချက်များကို ဝမ်းမြောက်စွာ ကြားနားရသော ကျွန်ုပ်တို့သည် ဤသတင်းကောင်းကို ဝေငှရန်အဓိဌာန်ပြုပါသည်။ ကျွန်ုပ်တို့သည် သားတော်ဘုရားအား ကာလအဆက်ဆက် အစဉ်ဂုဏ်ပြုချီးမွမ်းနိုင်ပြီး သားတော်ဘုရားအား အစေခံရာ၌ ကျွန်ုပ်တို့အားလည်း ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် အစဉ်ထာဝရပြည့်စုံစေတော်မူပါ။
#(ဆုတောင်းလိုချက်များအားဆိတ်ငြိမ်စွာတင်လျှောက်ရန်)
#ကောင်းကင်ဘုံမေတ္တာနှင့် ဂုဏ်ကျေးဇူးတော်မေတ္တာ….
#အပြစ်ရှိသူတို့ကိုဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေးသော ကျွန်ုပ်တို့၏ လာဆလက်မယ်တော်သခင်မ….
#အထံတော်၌ခိုလှုံသော ကျွန်ုပ်တို့အဖို့ငှါ၊ အစဉ်အမြဲ ဆုတောင်းပေးတော်မူပါ။ အာမင်။