
#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။
#ဒုတိယနေ့ - (စက်တင်ဘာလ ၁၁ ရက်နေ့)
#ရည်ရွယ်ချက် - ကြောက်ရွံ့ခြင်းမှကင်းဝေးရန်။
#ဘုရား၏နှုတ်တော်ထွက်စကား….
“မာရီယား မကြောက်ရွံ့နှင့်။ သင်သည် ဘုရားသခင်၏ ရှေ့တော်၌မျက်နှာရလေပြီ။”(ရှင်လုကာ -၁း၃ဝ)
#မယ်တော်၏မိန့်မှာသံ - “မကြောက်ကြနှင့်”
#ထောက်ရှုစဉ်းစားချက်…
သိကြားမင်းသည်မယ်တော်ထံအမိန့်တော်ပြန်ချိန်၌ မယ်တော်၏ ဦးစွာသောတုန့်ပြန်မှုသည် စိုးရိမ်ကြောက်ရွံ့မှုပင်ဖြစ်ပါသည်။ လာဆလက်တောင်ပေါ်၌ ထင်ရှားပြမှုကို ရုတ်တရက်တွေ့မြင်ခဲ့သော သူငယ်နှစ်ဦး၏ ကြောက်ရွံ့တုန်လှုပ်နေမှုကို မယ်တော်သည် ကိုယ်ချင်းစာဂရုဏာတရား သက်မိပါသည်။ သခင်မ၏မိန့်မှာချက်များသည် သိကြားတမန်၏သတင်းစကားများကဲ့သို့ နွေးထွေးမှုနှင့် လက်ခံကြိုဆိုမှုကို ပြသပါသည်။ ကြောက်ရွံ့မှုမှ ကင်းလွတ်ခဲ့သော မယ်တော်သည် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုများကို ယခုဖြေလွှတ်ပေးတော်မူသည်။ ဘုရားသခင်၏ရှေ့မှောက်တော်၌ ကျေးဇူးမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသောမယ်တော်သည် ကျွန်ုပ်တို့ကို ထိုကျေးဇူးမင်္ဂလာတရားနှင့် ပြည့်စုံစေတော်မူခဲ့သည်။ မိဘဘိုးဘေးများ၏ စွမ်းအင်ခွန်အားနှင့် ပြည့်စုံတော်မူသောဘုရားသခင်ကို သိနားလည်သော မယ်တော်သည် မယ်တော်၏စိတ်နှလုံး၌ သိကျွမ်းရင်းနှီးမှုနှင့်နွေးထွေးပျူငှါခြင်းတို့ဖြင့် ဘုရားသခင်အား တွေ့မြင်တော်မူပေသည်။ သခင်မ၏ အခွင့်ထူးဖြစ်တော်မူသော ဘုရားသခင်နှင့်နီးစပ်မှုကို အခြေခံ၍ ကျွန်ုပ်တို့အားလည်း ဘုရားသခင်၏ ချစ်သားသမီးများဖြစ်ကြောင်း သင်ကြားပြသတော်မူခဲ့သည်။
ပြည့်ဝစုံလင်သော ချစ်ခြင်းတရားသည် ကြောက်ရွံ့ခြင်းကို ဖြိုခွင်းစေပါသည်ဟု သံယောဟန်မှ သွန်သင်ထားသကဲ့သို့ မယ်တော်သည် သားတော်ယေဇူးအားဖြင့် ပြည့်စုံကြွယ်ဝသော ချစ်ခြင်းဖြစ်ကြောင်း သိမြင်ကြရစေပါသည်။ ကျွန်ုပ်တို့၏ ကြောက်ရွံ့ခြင်းကို သားတော်ဘုရားမှဖယ်ရှားပြီး ကိုယ်တော်၏ချစ်ခြင်းမေတ္တာတရားကို ကျွန်ုပ်တို့၌ ပြည့်စုံစေတော်မူပါ။
#(ငြိမ်သက်စွာစဉ်းစားခြင်း)
#ဆုတောင်းမေတ္တာ
ဝမ်းနည်းခြင်းများ၏မယ်တော်၊ စိုးရိမ်ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့အား ကြိမ်ဖန်များစွာ ဘုရားသခင်ထံမှ ဝေးကွာစေတော်မူသည်ကို သတိရတော်မူပါ။ ကျေးဇူးတော်အပေါင်းတို့၏ အရင်းအမြစ် ဖြစ် တော်မူသောသခင်ယေဇူးထံသို့ ကျွန်ုတို့အား ကြင်နာသနားခြင်းအား ဖြင့် လမ်းညွှန်တော်မူပါ။ သားတော်သခင်ယေဇူးထံသို့ ခိုလှုံအား
ထားရန် မယ်တော်၏မိန့်မှာချက်များကို ကျွန်ုပ်တို့ခွန်အားယူသကဲ့သို့၊ မယ်တော်၏မိန့်မှာချက်များသည် ကျွန်ုပ်တို့၏နှလုံးသားများအား နူးညံ့စေပြီး ကြောက်ရွံ့ခြင်းကို ဖယ်ရှားစေကာ၊ သခင်ခရစ်တော်၏ငြိမ်းချမ်းခြင်းကို ကျွန်ုပ်တို့၌တိုးပွားစေတော်မူပါ။
#(ဆုတောင်းလိုချက်များအားဆိတ်ငြိမ်စွာတင်လျှောက်ရန်)
#ကောင်းကင်ဘုံမေတ္တာနှင့် ဂုဏ်ကျေးဇူးတော်မေတ္တာ…
#အပြစ်ရှိသူတို့ကိုဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေးသော ကျွန်ုပ်တို့၏ လာဆလက်မယ်တော်သခင်မ….
#အထံတော်၌ခိုလှုံသော ကျွန်ုပ်တို့အဖို့ငှါ၊ အစဉ်အမြဲ ဆုတောင်းပေးတော်မူပါ။ အာမင်။