ငါ့သား၊ ကာလ်ဝါရီ တောင်ပေါ်မှာ ငါ၏နှလုံး လှုပ်ရှားခြင်း ရပ်စဲ သွားသောအခါ ငါ၏ ရန်သူများသည် အလွန် ဝမ်းမြောက် ဝမ်းသာ ရှိကြကုန်၏။ အဘယ့်ကြောင့်ဆိုသော် ငါ့ကို ကွက်မျက် ကြပြီးလျှင် နောက်အမှတ် မရနိုင်အောင် ဖျောက်ဖျက် လိုက်ကြပြီဟု ထင်မှတ် ကြသောကြောင့်တည်း။ ငါ၏ မိတ်ဆွေများပင် ငါ၏ နိုင်ငံတော်သည် ပျက်စီး၍ အဆုံးသို့ ရောက်ပြီဟု ထင်မှတ်ကြသဖြင့် ဝမ်းနည်းခြင်းနှင့် ကရူးစူး တံကျင်မှ ထွက်ခွာ သွားကြကုန်၏။ ယနေ့မှာမူကား ငါ၏ နှလုံးတော်သည် တဖန် လှုပ်ရှားလျက်ပင် ရှိသည်။ အကြောင်းမူကား ငါသည် သေမင်းကို နိုင်နင်းအောင် မြင်တော်မူ၍ ရှင်ပြန် ထမြောက် တော်မူပြီ။ ငါ့သား၊ သင်သည်လည်း ငါ့နောက်သို့ လိုက်လိုလျှင် ဝမ်းနည်းခြင်းများ၊ အခက်အခဲများ၊ ဆင်းရဲဒုက္ခများနှင့် စုံစမ်းခြင်းများကို တွေ့ရပေလိမ့်မည်။ ထိုအခါ သင်၏ ကြံရွယ်ခြင်း အတိုင်း အထ မမြောက်သည်ကို သိလာ၍ သင့်အသက်ကိုပင် ဆုံးရှုံးရ သကဲ့သို့ စိတ်ပျက်ခြင်း ဖြစ်လာလိမ့်မည်။ ဤကဲ့သို့ စိတ်ပျက် အားလျော့ခြင်း အချိန်နာရီ၌ ငါသည် ဆုံးရှုံးခြင်းကို အောင်မြင်ခဲ့ကြောင်း သတိရပါလော့။ သင်၏ အသက်တာ အတွင်း၌ တွေ့ကြုံရသော စုံစမ်းခြင်းများ ဝမ်းနည်းခြင်းများနှင့် သင်၏ အပြုအမူ အားလုံးကို ယူ၍ ငါ၏ ရွှေနှလုံးတော်၌ ထည့်သွင်း ပါလော့။ ၎င်းတို့သည် ငါ၏ နှလုံးတော်နှင့် ပေါင်းစပ်လျက် ရှိသည် ဖြစ်ရကား သေချိန်အခါ၌ သန့်ရှင်း ပြီးသားဖြစ်၍ ထာဝရ ချမ်းသာကို ရရှိရန်အတွက် အောင်မြင်ခြင်းသို့ ရောက်သည်ကို သင်တွေ့မြင် ရပါလိမ့်မည်။ ကောင်းကင်ဘုံသို့ သွားရန် လမ်းကား မတ်စောက်၍ ကျဉ်းမြောင်း၏။ သို့ရာတွင် ထိုလမ်း တလျှောက်၌ တွေ့ရလတ္တံ့သော ဆင်းရဲဒုက္ခ အခက်အခဲ အမျိုးမျိုးကို ခုခံပယ်လှန်နိုင်၍ အောင်ခြင်းရလျက် ငါ၏ နှလုံးတော်ထံသို့ ရောက်သည့် တိုင်အောင် ငါ၏ ဒဏ်ရာတော်များမှ ထွက်သော အလင်းရောင် များအားဖြင့် အလင်းကို သင့်အား ပေးလျက် ရှိ၏။ အိုချစ်ဖွယ်လှသော ယေဇူး၊ တပည့်တော်သည် ကိုယ်တော်၏ ခြေတော်ရင်း၌ ဒူးထောက်လျက် နေစဉ် တပည့်တော် တသက်တာ အတွင်းမှာ အချိန် ရှိသမျှကို ကိုယ်တော်၏ ရွှေနှလုံးတော်အား အပ်နှံ ပူဇော်ပါသည်။ တပည့်တော်သည် ဆုံးရှုံးခြင်း၏ အောင်မြင်ပွဲကို ဆင်နွဲနိုင်ရန် ကောင်းကြီး ပေးတော်မူပါ ဘုရား။
ကျင့်ရန်။ ။ ကိုယ်တော်မြတ် စက္ကရမင်တူးတွင် ကိန်းအောင်း တော်မူသော ယေဇူး၏ ရွှေနှလုံးတော်အား သွားရောက် ဖူးမျှော်၍ ကိုယ်တော်အား တည်တည်မြဲမြဲ အစေခံနိုင်ရန်။
ဆုတောင်း။ ။ ရွှေနှလုံးတော်အား ကာလ အဆက်ဆက် ချီးမွမ်း ထောပနာရှိပါစေသော။
ဥပမာပုံပြင်။
သနားခြင်း သီလရှင်ဂိုဏ်း၏ ဆေးရုံရှိ အခန်းများ၏ နံရံပေါ်သို့ ဝင်လုဆဲဆဲ ရှိသော နေ၏ လှပသော အလင်း ရောင်ခြည် တို့သည် ဖြာဆင်းလျက် ရှိ၏။ သနားစရာ ကောင်းသော အမယ်အိုကြီး တယောက်သည် လဲလျောင်း နေ၏။ သူနာပြု စစ္စတာရ် တပါးက သူ၏ အိပ်ယာနား၌ ထိုင်၍ အစဉ် ငြိမ်သက်ခြင်း ရှိသော မျက်နှာကို ကြည့်လေ၏။ လူနာသည် မိမိမျက်လုံးကို ဖွင့်လိုက်သောအခါ စစ္စတာရာရ်ကို ကြည့်၍ ပြုံးပြီးလျှင် စစ္စတာရ်၊ ကျွန်မကို စောင့်နေတုန်းပဲလားဟု မေးလိုက်၏။ စစ္စတာရ်က ဟုတ်တယ်။ ကျွန်မသည် ဘုရားသခင်၌ သင်၏ ထူးဆန်း အံ့သြဖွယ်ရာ ယုံကြည် ကိုးစားခြင်း အကြောင်းကို စဉ်းစား နေတယ်ဟု ဖြေလိုက်၏။ ထိုအခါ လူနာက စစ္စတာရ်၊ ကျွန်မသည် ဘုရားသခင်၌ ဤမျှ ယုံကြည် ကိုးစားခြင်းကို အဘယ်သို့ ရရှိကြောင်း၊ စစ္စတာရ်မှာ နားထောင်ဖို့ အချိန် ရှိပါလျှင် ပြောပြပါမည်ဟု ပြောလေ၏။ စစ္စတာရ်က ကောင်းပါပြီး၊ ကျွန်မ နားထောင် ချင်ပါတယ်ဟု ဖြေလိုက် သောအခါ လူနာက ကျွန်မ ငယ်စဉ်က ကျွန်မတို့သည် မိန်းအရပ်၏ မြောက်ဖက်ရှိ သေးငယ်သော ရွာတစ်ရွာ၌ နေကြပါသည်။ ဤအရပ်၌ ကက်သလစ် ဘာသာ အိမ်ထောင် သုံးအိမ်သာ ရှိ၍ ဘုရားကျောင်း မရှိပါ။ ရဟန်းက တစ်လတခါသာ လာ၍ ကျွန်မတို့ အိမ်၌ မစ္ဆား ဟောပါသည်။ မစ္ဆား ဟောမည့် အတွက်ကြောင့် ကြီးကျယ်စွာ ပြင်ဆင်ပါသည်။ ကျွန်မတို့ ကလေးများအတွက် အစဉ် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေသည်။ ကျွန်မသည် အစ်မနှင့်အတူ အလှပဆုံးသော တောပန်း ကလေးများကို ခူး၍ မြင့်မြတ်လှသော ကောင်းကင်ဘုံမှ ဧည့်သည်တော် အတွက် အခန်းကို လှပစွာ တန်ဆာဆင် ကြပါသည်။ ရဟန်းတော်သည် အလွန် ကြင်နာခြင်း ရှိ၍ ကျွန်မတို့ ကလေးများကို ချစ်ခင် လေသည်။ သူသည် ကျွန်မတို့ကို သေးငယ်သော လက်ဆောင် ကလေးများ ပေးသဖြင့် ကျွန်မတို့ အားလုံး အလွန် ဝမ်းမြောက် ကြပါသည်။ တနေ့သောအခါ ရဟန်းသည် ရွှေနှလုံးတော်ရုပ်ပုံကလေးကို တစ်ခုစီပေး၍ မြင့်မြတ်တော်မူလှသော ယေဇူး၏ ရွှေနှလုံးတော် ကျွန်ုပ်သည် ကိုယ်တော်အား ယုံကြည် ကိုးစားလျှက် ရှိပါသည် ဟူသော မေတ္တာတို ကလေးကို သင်ပေးပါသည်။ ကျွန်မ အသက် (၆)နှစ် ရှိသောအခါ အစ်မနှင့်အတူ ကျောင်းသို့ လိုက်သွားပါသည်။ ကျောင်းသို့ သွားသော လမ်းသည် မြစ်ကမ်းနားသို့ လျှောက်သွားရ၏။ ၎င်းမြစ်၌ကား သစ်တုံးတချို့ မျှောနေ၏။ မေမေက ၎င်းသစ်တုံးများပေါ်၌ ကစားဖို့ အခွင်မပေးချေ။ ကျွန်မလည်း မိခင်၏ စကားကို နားထောင် ပါသည်။ သို့သော် တနေ့တွင် သစ်တုံးများပေါ်တွင် မြစ်ကို ဖြတ်ကူးလိုသောစိတ် ဖြစ်ပေါ်လာ၏။ ကျွန်မ ကို မမက မကူးရန် တားမြစ်ပါသည်။ ကျွန်မက ငြင်းဆန်၍ နေ၏။ ကမ်းမှ အနည်းငယ် အလှမ်း ကွာသွားသောအခါ ကျွန်မ နင်းထားသော သစ်တုံးသည် တခြား သစ်တုံးများမှ ကွဲထွက်သဖြင့် ခြေချော် သွားပြီး မြစ်ထဲသို့ နောက်ပြန် လဲကျ သွားပါသည်။ မြစ်ထဲသို့ ကျသွားသော်လည်း ကျွန်မ၏ ဆံပင်ရှည်များက သစ်သားမှာ ငြှိနေ၍ ကျွန်မသည် ပေါလော ပေါ်နေသည်။ ထိုအခါ ကျွန်မ စိတ်ထဲတွင် အလွန် သန့်ရှင်း စင်ကြယ် တော်မူသော ယေဇူး၏ ရွှေနှလုံးတော် ကျွန်ုပ်သည် ကိုယ်တော်အား ယုံကြည် ကိုးစားခြင်း ရှိပါသည်ဟု ရွတ်ဆိုမိ၏။ ချက်ချင်းပင် သခင်ဘုရား၏ လက်တော်သည် ကျွန်မအား ဘေးကင်းစွာ ထိန်းသိမ်း ထားသည်ဟု အောက်မေ့၍ ကြောက်ရွံ့ခြင်း လုံးဝ ပျောက်ကွယ် သွားလေ၏။ ကျွန်မ အစ်မမူကား အဘယ်သို့ ပြုလုပ်ရမည် မသိ၊ ကမ်းပါး၌ မကြံမဖန်တတ်ပဲ အော်ဟစ် ပြေးလွှား နေသော်လည်း အနီးအနား၌ ကယ်ဆယ်မည့်သူ တစ်စုံတစ်ယောက်မျှ မရှိချေ။ ကျွန်မလည်း ဆည်တမံအထိ အစဉ်အတိုင်း မျှောသွား၏။ ထိုနေရာသို့ ရောက်သောအခါ အံ့သြဖွယ်ရာ ဖြစ်သည်ကား သစ်တုံးသည် ကမ်းဖက်သို့ ဦးလှည့် လာသဖြင့် မမက သစ်တုံးကို ဖမ်းဆွဲ ထားလေသည်။ ထို့နောက် ကျွန်မကို ကမ်းပေါ်သို့ ဆွဲတင် လိုက်သဖြင့် အသက်ချမ်းသာ ရပါသည်။ သည်အဖြစ်အပျက်ကို မေမေ သိသော်လည်း ကျွန်မကို ဒဏ်မပေးပါ။ အကြောင်းမူကား မေမေက ကျွန်မသည် ၎င်းသင်ခန်းစာကို သင်ရပြီဟု ထင်ရသောကြောင့် ဖြစ်သည်။ ရဟန်းတော် တဖန် ကြွလာသောအခါ ရွှေနှလုံးတော်ကြောင့် ကျွန်မဘေးမှ လွှတ်မြောက် ရကြောင်းကို ပြောပြလေ၏။ ရဟန်းသည် ကျွန်မကို ကောင်းကြီး ပေးရန် ခေါင်းပေါ်သို့ လက်တင်သောအခါ ကိုယ်တော်၏ တည်ကြည် ကြင်နာစွာ ပြောသော စကားကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်ပါ။ ၎င်းစကားကား သမီးကလေး၊ ရွှေနှလုံးတော်၌ အမြဲယုံကြည် ကိုးစားခြင်း ရှိပါ။ ဤသို့လျှင် သင်၌ ကြောက်စရာ ဘာမျှမရှိဟု ဆိုလေ၏။ ထိုအချိန်ကစပြီး ကျွန်မ၌ ဒုက္ခ ဝမ်းနည်းခြင်း များစွာ ရှိပါသည်။ သို့သော် ယေဇူး ရွှေနှလုံးတော်ကို ကိုးစားခြင်း တစ်ခါမျှ မပျက်ကွက်ခဲ့ပါ။ ကျွန်မ တွေ့ကြုံသော ဒုက္ခ စုံစမ်းခြင်းတို့၌ ကာကွယ် စောင့်ရှောက် တော်မူသော သခင်ဘုရား၏ ရွှေလက်တော်ကို တွေ့ရှိပါသည်ဟု ပြောပြလေ၏။ အမယ်အို လူနာသည် မိမိ၏ အကြောင်းကို ပြောပြ၍ ဆုံးသောအခါ အခန်းထဲ၌ မိနစ် အနည်းငယ်မျှ တိတ်ဆိတ်နေ၏။ ထို့နောက် ဘုရားကျောင်း ကလေးမှ ဆိုလိုက်သော အောက်ပါ သီချင်းသံ ကလေးသည် ဖွင့်ထားလျက် ရှိသော ပြတင်းပေါက်ကို ဖြတ်ကျော်၍ သူတို့ထံ ရောက်ရှိလာ၏။ သီချင်းကား။ ။ ကျွန်ုပ် ကယ်တင်ရှင် နှလုံး၊ ကျွန်ုပ် မိတ်ဆွေ၏ နှလုံး၊ ကိုယ်တော်သည် မိမိ လူများကို အဆုံးတိုင် ချစ်တော်မူ၏။ အမြဲ သစ္စာရှိသော နှလုံး၊ အမြဲ မှန်ကန်သော နှလုံး။ ကိုယ်တော်အား အစဉ်အမြဲ၊ ချစ်ခင် ကိုးကွယ် နိုင်ကြပါစေသော်။
Credit: Printed by Catholic Press, Taungoo. 1961.