Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
ရွှေနှလုံးတော်၏မေးခွန်း။ (ဇွန်လ ၂၉ ရက်) Posted by M Sulatthtwe

ငါ့သား၊ တနေ့သ၌ ယာကုပ်နှင့် ယောဟန်တို့၏ မိခင်သည် ငါ့ထံသို့ ချည်းကပ်၍ ဆရာတော်ဘုရား၊ ကိုယ်တော်၏ နိုင်ငံတော်၌ တပည့်တော်၏ သားနှစ်ယောက်ကို လကျာ်ဘက်မှာ တစ်ယောက်၊ လက်ဝဲဘက်မှာ တစ်ယောက် ထိုင်အံ့သောငှါ အမိန့်ရှိတော်မူပါဟု လျှောက်၏။ ဤသည်ကား မိမိသားသမီးများကို ချစ်တတ်သော မိခင် ဖြစ်သူ၏ တောင်းပန် လျှောက်ထားချက် ဖြစ်သတည်း။ သို့သော်လည်း အဘယ်အရာ တောင်းသည်ကို နားမလည်ချေ။ ငါကလည်း စိတ်ဇွဲ ထက်သန်သော တမန်တော် နှစ်ပါးအား ငါသောက် လတံ့သော ကာလစ်ခွက်ကို သင်တို့ သောက်နိုင်ကြပါ၏လောဟု လျှောက်၏။ ထိုနည်းတူ ငါ့သား၊ ယေဇူး ကိုယ်တော်က ငါသောက်လတ္တံ့သော ခွက်ကို သင် သောက်နိုင်သလားဟု သင့်အား ယခု မေးလေ၏။ အဖြေမပေးမှီ ခေတ္တဆင်ခြင် စဉ်းစားပါလော။ သင်သည် ဤလောက၌ ငါ့နည်းတူ မထင်မရှား နေထိုင် ရပေမည်။ ဤကဲ့သို့သော အနေအထိုင်မျိုးကို လောကီသားတို့က ရွံ့ရှာ မုန်းထားကြ၏။ ရုပ်ဝါဒကို လိုက်စားသော သူတို့ကလည်း အသုံးမကျ သကဲ့သို့ ယူဆကြကုန်၏။ ဤအချိန် များသည်ကား နာဇရက်မြို့၌ နေ၍ သူတပါးကို မမြင်မတွေ့ မနှစ်သက်သော အလုပ်များကို လုပ်နေရသည့် အချိန်များ ဖြစ်ကြ၏။ ဤကဲ့သို့ နေထိုင်ခဲ့သည်မှာ သင်တို့အား ပုံစံပေးရန် ဖြစ်သတည်း။ သို့ဖြစ်၍ ငါသောက်သော ကာလစ်ခွက်ကို သင် သောက်နိုင် ပါမည်လော။ ခြိုးခြံခြင်း အမှုများကို ငါနှင့်အတူ ရက်ရောသော နှလုံးဖြင့် ပူဇော်ရန် အသင့် ရှိပါ၏လော။ သို့ဖြစ်သောကြောင့် ငါ့သား၊ ငါ၏ ကာလစ်ခွက်၌ မည်သည့်အရာ ပါရှိသည်ကို ယခု သင်သိလေပြီ။ ငါ့အတွက်ကြောင့် ဤကာလစ်ခွက်ကို သောက်နိုင် ပါမည်လား။ အိုချစ်ဖွယ်လှသော ယေဇူး၊ သံမှိုများနှင့် ရိုက်နှက်ခြင်း ခံရသော ကိုယ်တော်၏ လက်တော်မှ ဤကာလစ်ခွက်ကို ခံယူရန် တပည့်တော်သည် ဝမ်းမြောက် ဝမ်းသာ စိတ်ကြည်သာစွာနှင့် ကိုယ်တော်၏ ရှေ့မျက်မှောက်၌ ဒူးထောက် ပါသည်။ ကိုယ်တော်အား တပည့်တော် ခံထမ်း နိုင်သည်ထက် ပိုမို၍ မည်သည့် အခါမျှ ခံထမ်းစေမည် မဟုတ်ကြောင်းကို တပည့်တော် အသိပင် ဖြစ်ပါသည်။ သို့ဖြစ်၍ ယာကုပ်နှင့် ယောဟန်တို့ နည်းတူ ဤကာလစ်ခွက်ကို ရက်ရောသော နှလုံးဖြင့် တပည့်တော် လက်ခံနိုင်ပါသည်ဟု အဖြေ ပေးပါသည်။ တမန်တော် နှစ်ပါးနည်းတူ ကိုယ်တော့ထံမှ တစ်ခုကိုသာ တောင်းလျှောက် ပါသည်။ ဤသည်ကား ကိုယ်တော်၏ နိုင်ငံတော်နှင့် နီးကပ်စွာ နေထိုင်ရန်ပင် ဖြစ်ပါသည်။

ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကို သွားရောက် ဖူးမျှော်၍ ဘုရားသခင်အား အစေခံခြင်း၌ သစ္စာတည်ခြင်းနှင့် ရက်ရောခြင်းရှိရန် ဆုတောင်းကြပါ။

ဆုတောင်း။ ။ အိုယေဇူး၏ ရွှေနှလုံးတော် အားလုံး ကိုယ်တော်အတွက် ဖြစ်ပါသည်။

ဥပမာပုံပြင်။

ဂျွန်ရော့ခ်စ်သည် လျင်မြန်စွာ လမ်းပေါ်သို့ ဆင်းလာပြီး မိမိနာရီကို တိုက်ရန် ဘုရားကျောင်းရှေ့၌ ခေတ္တ ရပ်လေ၏။ အချိန် အနည်းငယ် လိုသေး၍ ဘုရားသခင် ကောင်းကြီးကို ခံယူပြီး သူအလျှင် လိုသောကိစ္စသို့ သွားမည်ဟု ဆုံးဖြတ်လိုက်၏။ ဤယနေ့သည်ကား ရွှေနှလုံးတော်ပွဲနေ့ ဖြစ်၍ ဘုရားစင်ကား ဖယောင်းတိုင်များ၊ ပန်းများဖြင့် လှပစွာ ပြင်ဆင်ထားလျက် ရှိလေသည်။ တစ်နာရီ ကိုယ်တော်မြတ် ဖူးမျှော်ခြင်း ပြီးသွားပြီ ဖြစ်၍ သြဝါဒ ပေးရသော အချိန်ရောက်သဖြင့် တရားဟော ပုဂ္ဂိုလ်က ကျွန်ုပ်တို့သည် ရွှေနှလုံးတော်၌ လုံးလုံး ယုံကြည် ကိုးစားခြင်း ရှိရမည်။ အကြောင်းမူကားအားလုံးသော အရာတို့သည် သူ၌ လုံခြုံ၏ဟု ဟောပြောလေ၏။ ဂျွန်သည် ကိုယ်တော်မြတ် ကောင်းကြီး ဘင်သောင် ခံယူရန်အတွက် ဆက်လက် စောင့်နေလိုက်၏။ ထို့နောက် လျှင်မြန်စွာ ဘုရားကျောင်းမှ ထွက်သွား၏။ အကြောင်းကား အလုပ် ရရှိရေးအတွက် ဘဏ်အကြီးအကဲနှင့် ချိန်းထားသော အချိန်မှာ နောက်ကျသောကြောင့် ဖြစ်၏။ ဂျွန်သည် အပြင်ရုံးခန်းကို ဝင်လိုက်သောအခါ လူတယောက် စောင့်နေသည်ကို တွေ့၍ ဝင်ခွင့် တောင်းပန်သောကြောင့် ဝင်ခွင့် ရလေ၏။ အတွင်းရုံးခန်း ပွင့်သွားသောအခါ ဘဏ်အကြီးအကဲသည် ရှေ့သို့ တိုးလာလျက် အသက်အရွယ် ကြီးသော တခြားသူအား နှုတ်ဆက်၍ ဂျွန်ဘက် လှည့်ပြီးလျှင် မင်းနဲ့ ချိန်းထားသော အချိန်ကား နောက်ကျလေပြီ။ ဘာများ ထောက်ခံ လိုသလဲဟု မေးရာ ဂျွန်က ယောက်ျားပီသွာဖြင့် ပြန်ဖြေသည်ကား ကျွန်တော် ဘုရားကျောင်းသို့ ခဏကလေး ဝင်မည့်အကြံနှင့် ဝင်ခဲ့ပါတယ်။ သို့သော် ကိုယ်တော်မြတ် ဖူးမျှော်ခြင်း ရှိတာနှင့် မပြီးခင် ကျွန်တော် ထွက်မလာနိုင်ပါဟု ပြောလေ၏။ ဒါဖြင့်ရှင်းပြီ၊ ဒီနေရာမှာ ဘယ်ကက်သလစ်မှ အလုပ်ခန့်ဖို့ အလို မရှိဘူး။ မင်းသွားနိုင်ပြီဟု ပြောလေ၏။ ဂျွန်က ငြိမ်သက်စွာဖြင့် အဖြေပေးသည်ကား ကျွန်တော်တို့ ဘာသာက အလုပ်နှင့် ပတ်သက်တာကို ကျွန်တော် မသိလိုက်ပါ။ ဘာသာတရားက ကျွန်တော်တို့အား ပို၍ ဖြောင့်မတ်ခြင်း ရှိရန်နှင့် သစ္စာရှိရန်သာ သင်ကြား ပေးပါသည်ဟု ဖြေလိုက်လေ၏။ ဂျွန်သည် ရုံးမှ လှည့်ထွက်မည် အပြုတွင် စောင့်နေသော သူတစ်ယောက်က ဂျွန်အား၊ ကျွန်တော် ခင်ဗျားရဲ့ လိပ်စာကို လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့ရဲ့ အလုပ်အတွက် ခင်ဗျားကို တနေ့နေ့၌ အလိုရှိကောင်း ရှိပါလိမ့်မည်ဟု ပြောလေ၏။ ဂျွန်လည်း ကျေးဇူးတင်ပြီးလျှင် သူ၏လိပ်စာကို ပေးလိုက်၏။ ဂျွန်သည် လွန်စွာ စိတ်ပျက်၏။ အင်အား ချိနဲ့လျက်ရှိသော မိမိ၏ မိခင်အား ပြန်မပြောရက်ချေ။ သို့သော် သူ့နှမကလေးကား သူ၏ အရိပ်အကဲကို ခတ်နေ၏။ သူ၏ကိစ္စ၌ အထမမြောက်ကြောင်း နားလည်လေ၏။ အကြောင်းအရာ အလုံးစုံကို သိရှိကြသောအခါ မစ္စစ်ရော့ခ်စ်က ဖြည်းညှင်းစွာဖြင့် ယေဇူး ရွှေနှလုံးတော်က တို့ကို အမှန်ပင် ပစ်ထားလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ နိုဗီနားကား ယနေ့မနက်ပင် အဆုံးသတ်တယ်။ ရွှေနှလုံးတော် ပြုပြင်သမျှသည် အကောင်းကြီး ဖြစ်၍ ကျွန်ုပ်တို့ကို ကိုယ်တော့ အပေါ်၌ ယုံကြည်ခြင်း ကိုးစားခြင်း ရှိရမည်ဟု ပြောလေ၏။ နောက်တနေ့၌ အခန်းထဲတွင် သူ၏မိခင်က ညောင်စောင်းလေးပေါ်၌ လျောင်းနေစဉ် ဂျွန်သည် ထိုင်၍ ယပ်ခပ် ပေးနေလေ၏။ လှေခါးမှ ခေါင်းလောင်း ထိုးသံကြား၍ နယ်လီသည် သွားရောက် ဖွင့်ပေးပြီး နောက်၌ လူကြီးတစ်ယောက်ကို ခေါ်ခဲ့၏။ ထိုသူကား အရင်တနေ့က ဂျွန်ရော့ခ်စ်အား လိပ်စာ တောင်းသူ ဖြစ်နေ၏။ ဧည့်သည်က ချက်ချင်း စ၍ ကျွန်တော့ရဲ့ အလုပ်ကိစ္စ တစ်ခုအတွက် လာခဲ့ပါတယ်။ သို့သော် ပထမဦးစွာ မစ္စစ်ရော့ခ်စ်အား သူ၏ ဂုဏ်ယူထိုက်သော သားတစ်ယောက် ရှိကြောင်း သိစေချင် ပါတယ်ဟု ပြောလေ၏။ တဖန် ဂျွန်ဘက်သို့ လှည့်၍ ခင်ဗျားသည် ခင်ဗျားရဲ့ ကိုယ့်ကိုယ်ကို ချုပ်တီးခြင်းနှင့် ယောက်ျား ပီသစွာ မိမိ၏ ယုံကြည် ကိုးကွယ်ရာ ဘာသာတရားကို ကာကွယ်တာ သတိပြု မိလိုက်တယ်။ ဒါကြောင့် ဘုရားသခင် အပေါ်၌ သစ္စာရှိသော သူတစ်ယောက်ဟာ ကျွန်တော့ရဲ့ အလုပ်၌လည်း သစ္စာရှိမယ်လို့ ကျွန်တော် ဆုံးဖြတ်ပါတယ်။ ကျွန်တော့မှာ စာရးတစ်ယောက် လိုနေလို့ ခင်ဗျားက လက်ခံတယ်ဆိုရင် ကျွန်တော် ဝမ်းသာမှာပဲ။ ဘဏ်အကြီးအကဲက ဥရောပတိုက်မှာ နေတုန်းက ကက်သလစ် ဖြစ်တယ် ဆိုတာ သတိမထား မိလိုက်ဘူး။ ကျွန်တော့ရဲ့ သားမယားလဲ ဥရောပ တိုက်မှာဘဲ။ အကုန် ကက်သလစ် ဖြစ်ကြပါတယ်။ သို့ကြောင့် ကျွန်တော့ အလုပ်ရဲ့ ပါဝင်မှု  ဝေစုကို တစ်ခြားကုမ္ပဏီတစ်ခုသို့ ပြောင်းလိုက် တော့မည်ဟု ပြောလေ၏။ ဂျွန်သည် စာရေးအလုပ်ဖြင့် ဆက်လက် လုပ်ကိုင်  လာခဲ့ရာ (၃) နှစ် ကြာခဲ့လေပြီ။ သူ၏  အိမ်ထောင်စုလည်း ချောချော မောမောနှင့် အဆင်ပြေသွား၏။ သူ၏ မိခင်သည်လည်း ပူပင်စရာ မရှိတော့သဖြင့် ကျန်မာ သန်စွမ်းလာ၏။ ရွှေနှလုံးတော်ပွဲ ကျရောက်သောအခါ မနက်အချိန်၌ ဂျွန်သည် အိမ်သို့ ပြန်လာပြီးလျှင် သူ၏ မိခင်အား သူသည် အားလပ်ခွင့် ရသည့်အတွက် အမေနှင့် နှမကလေးအား မော်တော်ကားနှင့် အလည် ခေါ်မည်ဟု ပြောလေ၏။ သူတို့သည် မြို့ပြင်ဖက် မိုင်အနည်းငယ်သို့ ရောက်သောအခါ ဂျွန်သည် အသစ် ဆောက်လုပ်ထားသော တစ်ထပ်တိုက် အိမ်ကလေးသို့ မောင်းသွားလေ၏။ ထိုအခါ မိခင်က ဒီမှာ ဘယ်သူနေသလဲဟု မေးရာ သားက ကျွန်တော်တို့ကို သူတို့အိမ်သို့ အလည် လာစေလိုတဲ့ မိတ်ဆွေများ နေပါတယ်ဟု ဖြေလိုက်လေသည်။ ကားပေါ်မှ ဆင်းကြသောအခါ မိန်းကလေးတစ်ယောက် တံခါးဖွင့်ပေးသဖြင့် ဂျွန်သည် မိခင်နှင့် နှမကလေးကို အိမ်ထဲသို့ ခေါ်သွင်း သွားလေ၏။ ထိုအခါ နယ်လီက ဘယ်နှယ်လဲ၊ ဒီအိမ်ဟာ ကျွန်မတို့ ချမ်းသာလာလို့ရှိရင် ဆောက်ဖို့ ရည်ရွယ် ထားတာနဲ့ တစ်ထပ်တည်း တူတာပဲဟု ပြောသောအခါ ဂျွန်က သူတို့ကို အပေါ်ထပ်သို့ ခေါ်သွားရင်း ရယ်မောလေ၏။ အိမ်ရှေ့ဖက်၌ ရှိသောအခန်းကို ဝင်မိကြသောအခါ ရွှေနှလုံးတော် ဆင်းထုကို တွေ့ကြလေသည်။ ဆင်းထု ရှေ့တော်၌လည်း မီးထွန်းထား၏။ ဆင်းထုတော်၏ ဖြန့်ထားသော လက်တော်၌ စက္ကူကားချပ် တစ်ခု ချည်ထား၏။ စက္ကူကားချပ်ပေါ်ရှိ စာကို ဖတ်ကြည့်ရာ ဤအိမ်ကလေးကား မိမိ၏ ကလေးများအား ရွှေနှလုံးတော်၏ ချစ်ခြင်း၌ ယုံကြည် ကိုးစားခြင်းရှိရန် သင်ကြား ပြသပေးသော မစ္စစ်ရော့ခ်စ်အတွက် လက်ဆောင် ဖြစ်သည်ဟု ပါရှိ၏။ မစ္စစ်ရော့ခ်စ်သည် မိမိသားဘက်သို့ လှည့်၍ အကျိုးအကြောင်းကို မေးလေ၏။ ဂျွန်က ရယ်၍ ပြောသည်မှာ လွန်ခဲ့သော နှစ်များအတွင်း၌ ကျွန်တော်သည် လခများစွာ တိုးပါသည်။ သို့သော် မေမေအား မပြောပဲ အမေ့အတွက် ဤအိမ်ကလေးကို ဆောက်ပေးဖို့ လုံလောက်သည်အထိ ပိုက်ဆံ စုထားပါသည်။ ကျွန်တော်တို့၏ သာသနာနယ် ဘုန်းတော်ကြီးနှင့်တကွ မစ္စတာနှင့် မစ္စစ်ဂေနက်တို့လည်း အကြံတူ ဉာဏ်တူ ဖြစ်ကြ၍ အခမ်းအနား ဖွင့်လှစ်ခြင်းကို ကူညီရန်အတွက် မကြာမှီ ရောက်လာ ကြပါလိမ့်မည်ဟု ပြောပြလေ၏။ ထိုနေ့ ညနေ၌ ညစာစားပြီးသောအခါ ရဟန်းတော်က ဂျွန်အား ရွှေနှလုံးတော် ဆင်းထုတော်ကို ကျွန်ုပ် တခါပြန် ကြည့်လိုသေးသည်ဟု ပြောရာ မစ္စစ်ဂေနယ်က အားလုံး သွားကြည့်ကြစို့ဟု ဆိုလေ၏။ အခန်းထဲသို့ ဝင်မိကြသောအခါ ဒုတိယ စက္ကူချပ်တစ်ခုသည် ရွှေနှလုံးတော် လက်ထဲ၌ ချိတ်ထားသည်ကို တွေ့ကြရ ပြန်လေသည်။ ဂျွန်သည် ရေးထားသော စာကို ဖတ်ကြည့်ရာ စကားပင် မပြောနိုင်တော့ချေ။ ထိုအခါ ရဟန်းတော်က အသံကျယ်စွာဖြင့် ဖတ်ပြလေ၏။ စာ၌ ပါသည်ကား ရွှေနှလုံးတော်သည် ဂျွန်ရော့ခ်စ်အား သတင်း ပေးလိုပါသည်။ ထိုသတင်းကား ဂေနယ်နှင့် ရော့ခ်စ် ကုမ္ပဏီအဖွဲ့၌ ဂျွန်ရော့ခ်စ်သည် မန်နေဂျာအဖြစ် ခန့်အပ်ခြင်း ခံရပါပြီဟု ပါရှိလေသည်။ မစ္စစ်ရော့ခ်စ်သည် မိမိလက်ကို သား၏ ပခုံးပေါ်တွင် တင်၍ မျက်ရည်များ ကြားထဲမှ ပြောသည်ကား ငါ့သားသည် ရွှေနှလုံးတော် အပေါ် ယုံကြည် ကိုးစား ရှိခြင်းကြောင့် ငါ့သား ရရှိသော ဆုဖြစ်၏ဟု ပြောလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

ဆောင်းပါးများ