Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#အဖိုးပြောသောသေခြင်းတရား #ရှားနွယ် (S.F.X) (2019 ကြေးစည်) KYESE Myanmar - ကြေးစည်မြန်မာ Published by M. Su Latt Htwe

အသက်(၁၀၁)နှစ်ရှိပြီဖြစ်သောဘုရားတရားရှိသူ၊ တရားဟောကောင်းသူ ဓမ္မဆရာကြီးအဖိုးဖြစ်သူထံသို့ ပြီးခဲ့ သောအပတ်က ဖုန်းဆက်ခဲ့သည်။ အဆက်အသွယ်ပြတ်သွားခဲ့သည်မှာ အတန်ကြာပြီဖြစ်အသက်ကြီးပြီဖြစ် သောအဖိုးအား သာကြောင်းမာကြောင်းနှင့် ကျန်းမာရေးဂရုစိုက်ရန်တို့ကိုပြောကြားရန် ဖုန်းဆက်ခြင်းဖြစ်သည်။

မဆိုစလောက်နားလေးသည်မှလွဲကျန်းမာပြီး အားလုံးကိုသိနေသေးသော အဖိုးဖြစ်သူ၏စကားတစ်ခွန်းသည် အိပ်ပျော်နေသောကျွန်မ၏အသိတရားတစ်ခုကို အတင်းကြီးလှုပ်နိုးလိုက်သကဲ့သို့ဖြစ်လာသည်။

”မြေးမလေးရေ၊ သေခြင်းအတွက် အမြဲပြင်ဆင်ထားနော်၊ အဖိုးကအသက်တစ်ရာကျော်ရှိပြီ။ လူ့လောကကြီးမှာ လည်းနေလို့ဝသွားပြီ။ သွားချင်ပေမဲ့လည်း အချိန်မစေ့သေးတော့ ဒီလောကကြီးမှာနေနေရတုံးပဲ။ သေခြင်းက အဖိုးကိုဘယ်အချိန်ခေါ်မယ်မသိ။ ငါ့မြေးစစ္စတာရ်လည်းငယ်သေးတယ်ဆိုပြီး သေခြင်းကိုမေ့မထားနဲ့နော်။မထင် မှတ်တဲ့အချိန်မှာ သူခိုးလိုလာမှာအဲဒီသေခြင်းပဲ။ သတိနဲ့အမြဲပြင်ဆင်ထားနော် သမီး။ တကယ်တော့ တို့ရဲ့ထာဝရ နေအိမ်က ဒီလောကမှာမဟုတ်ဘူး။ သေခြင်းရဲ့တဖက်ကမ်း ဘုရားရဲ့နိုင်ငံတော်မှာ။

တို့အားလုံးက ဘုရားဆီကလာတာ။ အဲဒီဘုရားဆီပြန်ရောက်အောင်သွားရမှာ။ အဖိုးကတော့ လျှောက်ခဲ့တာကြာ ပြီ၊ ရောက်ခါနီးပြီ၊ အပြစ်အမှားတွေ နောင်တယူရင်း၊ ဆပ်ဖြေရင်းနဲ့အိမ်တော်ကိုဝင်ရဖို့စောင့်နေတယ်။ ငါ့မြေး လည်းကြိုးစားနော်၊ ဘုရားဆီကိုပြန်သွားရမယ်ဆိုတာမမေ့နဲ့။ သေခြင်းကို မမေ့နဲ့သမီးရေ။“

မီးစာကုန်ဆီခန်း ဘဝ၏နောက်ဆုံးနေဝင်ချိန်ကို စောင့်မျှော်နေသောအဖိုးဖြစ်သူက သူ၏မြေးမလေးဖြစ်သော ကျွန်မအတွက်စိုးရိမ်ပူပန်စိတ်ဖြင့်မှာကြားခဲ့သောစကားလေးမှာ အတန်ငယ်တုန်လှုပ်ခြောက်ခြားစရာအကြောင်း ဖြစ်ပေမဲ့ ကျွန်မတို့အားလုံးအတွက်တန်ဖိုးရှိသော နှိုးဆော်မှုကြီးဖြစ်သည်ဟု ကျွန်မခံစားမိသည်။ ကျွန်မချစ်ရ သောအဖိုးဖြစ်သူပြောခဲ့သည့် စကားလေးများကိုထောက်ခံရင်း ကျွန်မတို့တစ်ဦးစီထံသို့ အချိန်အခါမရွေး၊ ပုံစံမ ရွေးရောက်လာနိုင်သည့် သေခြင်းတရားကိုထောက်ရှုမိသည်။

သေခြင်းတရား ကျွန်မတို့ဆီရောက်လာသောအခါ အသင့်အနေအထားနှင့် ကြိုဆိုရန်လိုအပ်သည်။ မနက်ခင်း ရောက်လာသောအခါ ညနေအထိနေနိုင်ပါမည်လားဟု စဉ်းစားသင့်သည်။ ညနေရောက်လာသောအခါ နောက် တစ်နေ့ကိုမြင်ရပါမည်လားဟုသတိချပ်သင့်သည်။ ဒီနေ့အသက်ရှင်ခြင်းသည် ငါ့အတွက်နောက်ဆုံးဖြစ်နိုင်သည် ဟူသော အတွေးခံယူချက်ဖြင့် နေ့စဉ်အသက်တာကိုရှင်သန်သင့်သည်။

မထင်မှတ်စွာ၊ မမျှော်လင့်စွာ ဆုံးပါးသွားခဲ့ကြသော မိတ်ဆွေများအကြောင်း၊ အဖြစ်အပျက်များ အကြောင်းကို မကြာခဏကြားဖူးသည်။ အမြင့်မှကျသေသူ၊ အသတ်ခံရသေသူ၊ ကားတိုက်ခံရသေသူ၊ အိပ်နေရင်းနှင့် သေဆုံးသွားသူ၊ အကြမ်းဖက်ခံရသေသူ၊ စစ်ပွဲသေဆုံးသွားသူ၊ ရေနစ်သေသူစသည်ဖြင့် အမှတ်မထင် သေခြင်းကိုရင်ဆိုင်ကြရသည်။

မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည်သို့သောပုံစံမျိုးဖြင့် သေမည်ကိုမသိသော်လည်း သေချာသောအရာ တစ်ခု ကား ကျွန်မတို့အားလုံးသေကြရအုံးမည်။ မပြင်ဆင်ဘဲနှင့်သေခြင်းကိုရင်ဆိုင်ရခြင်းသည် ကျွန်မတို့အတွက် အရှုံးတစ်ခုဖြစ်သည်။ ထိုထက်ပိုအပြစ်ကြီးအခြေအနေတွင် သေခြင်းကိုလက်ခံရပါလျှင် ထိုအရာလောက် နာကျင်စရာကောင်းသောဆုံးရှုံးခြင်း၊ ကျွန်မတို့တွင်မရှိနိုင်တော့ပါ။

အသက်ရှင်စဉ်အချိန်တွင် လုပ်သင့်သည်များကိုလုပ်ကိုင်ရမည်။ ကောင်းမှုကုသိုလ်ပါရမီများဆည်းပူးရမည်။ လူ သားအကျိုးပြုလုပ်ငန်းများကိုလုပ်ကိုင်ရမည်။ မိမိဝိညာဉ်အတွက် ရိက္ခာများစုဆောင်းရမည်။ သို့ရှင်သန်ခြင်း ဖြင့် အချိန်တန်သောအခါ ကြောက်ရွံ့ခြင်းနှင့်ကင်းဝေးပေလိမ့်မည်။ အခြားအရေးကြီးသောအရာတစ်ခု ရှိသေး သည်။ လောကဥစ္စာပစ္စည်းများလိုအပ်သည်ထက်ပိုမတွယ်တာရန်ဖြစ်သည်။ ဘုရားသခင်ယုံကြည်အား ထားပြီး သူအမြစ်တွယ်လျှက် သူသာလျှင်အကြီးမြတ်ဆုံးသော ရတနာတစ်ပါးအဖြစ်မှတ်ယူရင်း လောကအ သက်တာကို ရှင်သန်နိုင်လျှင်အကောင်းဆုံးဖြစ်သည်။

လောကတွင်သေချာသောအရာ အနည်းငယ်ရှိကောင်းရှိပေလိမ့်မည်။ သို့သော်အလွန်သေချာသောအရာတစ်ခု သည်ကား အားလုံးသောကျွန်ုပ်တို့သည် တနေ့တွင်မုချသေကြရမည်ဖြစ်သည်။ ဘယ်နေရာမှာလဲ။ ဘယ်အချိန် မှာလဲ။ ဘယ်လိုပုံစံမျိုးနဲ့လည်းဆိုသည်ကို မည်သူမျှမသိနိုင်သော်လည်း သေခြင်းတရားအကြောင်းကို မကြာခဏ ထောက်ရှုစဉ်းစား ပြင်ဆင်နေသောသူများသည် အမှန်ပင်ပညာရှိသောသူများ ဖြစ်ကြသည်။

ကောင်းသောသေခြင်းနှင့်သေနိုင်ရန် ပြင်ဆင်ခြင်းသည်လည်း အလွန်အရေကြီးပေသည်။ သေခြင်းအတွက် ယနေ့တွင် သင်မပြင်ဆင်လျှင် မနက်ဖြန်တွင်ပြင်ဆင်ရန် ပိုမိုခက်ခဲပေလိမ့်မည်။ မနက်ဖြန်သည်မသေချာပါ။ မနက်ဖြန် သင်နေရလိမ့်အုံးမည်ဟု သင့်ကိုမည်သူမျှ ပြောထားသည်လည်းမဟုတ်ပါ။ အိုမင်းလာသောအခါ သို့မဟုတ် ရောဂါခံစားလာရသောအခါမှ ပြင်ဆင်မည်ဟုလည်း မပြောသင့်ပါ။ ရောဂါဝေဒနာနှင့် နာကျင်မှုများ အကြားတွင် ကုသိုလ်ပါရမီဆည်းပူးရန် အလွန်ခက်ခဲသောကြောင့်ဖြစ်သည်။ သင်သေပြီးသွားသောအခါတွင် လည်း အခြားသူတို့၏ဆုတောင်းမေတ္တာများကို သင်မမျှော်လင့်လေနှင့်။ မကြာခင် အချိန်အတိုင်းအတာတစ်ခု တွင် သူတို့သင့်ကိုမေ့လျော့သွားမည်ဖြစ်သည်။

ဒုက္ခအခက်အခဲများကို ရှောင်ရှားခြင်းထက် သေခြင်းတရားကို ပွေ့ဖက်ကြိုဆိုနိုင်ရန်ကြိုးစားခြင်းသည် ကောင်း သောပြင်ဆင်ခြင်းဖြစ်သည်။ အချိန်ကာလတို့သည် အလျှင်အမြန် ကုန်းဆုံးသွားနေကြသည်။ ကုန်ဆုံးသွားသော အချိန်ကိုလည်း မည်သည့်အခါမျှ ပြန်ရတော့မည်မဟုတ်။ ဘုရားရှင်၏နိုင်ငံတော်ကိုရောက်မှ ထာဝရငြိမ်းချမ်း စွာအနားယူရမည့် လောကခရီးသည်တစ်ဦး၏ အဖြစ်အခြေအနေကိုသတိချပ်ရင်း လောကအသက်တာကို အဓိပ္ပါယ်ရှိစွာ ဆက်လက်ရှင်သန်ကြပါစို့။

#ရှားနွယ် (S.F.X)

ဆောင်းပါးများ