Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#သြော်...အပြစ်၊ အပြစ်၊ အပြစ် #Fr. ဗိုလ်လရောင် (2020 ကြေးစည်) KYESE Myanmar - ကြေးစည်မြန်မာ Published by M. Su Latt Htwe

အချစ်ကိုအရုပ်ဆိုး၊ အကျည်းတန်၊ အဆိပ်သင့်စေတဲ့အရာဟာ¨အပြစ်¨ပါ။ ချစ်ခြင်းဆိုတဲ့ ဘုရားသခင်ရဲ့နိုင်ငံ တော်ဆီ (ဒါမှမဟုတ်) ဘုရားသခင်ရဲ့ရင်ခွင်တော်ဆီကို ရွက်လွှင့်၊ ခရီးပြုတဲ့နေရာမှာ အချစ်လှေကိုမှောက်လှန်နစ် မြုပ်စေတဲ့အရာဟာ အပြစ်ရဲ့ပြင်းထန်လှတဲ့လှိုင်းတံပိုးတွေပါပဲ။

လူတွေရဲ့မိုက်မဲမှု၊ အားကိုးရာမဲ့မှု၊ ယုတ်ညံ့သိမ်ဖျင်းမှု၊ အကျင့်ဆိုးမှုတွေရှိတဲ့ အပြစ်ဒုစရိုက်နဲ့ပြည့်ဝနေမှုတွေအ ကြောင်းကို စာပေပညာရှင်များဟာ အမျိုးမျိုးဖွဲ့နွဲ့ရေးသားခဲ့ကြသလို၊ လူသားတွေရဲ့ကောင်းမြတ်မှု၊ ကိုယ်ကျိုး စွန့်မှု၊ မေတ္တာတရားနဲ့ပြည့်ဝနေမှုတွေကိုလည်း ဖော်ညွှန်းကြပါတယ်။ တကယ်တော့ဗျာ လူသားဟာ အကောင်းနဲ့ အဆိုး၊ အမှန်နဲ့အမှားတွေရဲ့စပ်ကြားမှာ လူးလွန့်လှုပ်ရှားနေကြသူတွေဖြစ်တယ်။ Seneca ဆိုတဲ့ အတွေးအခေါ်

ပညာရှင်ကြီးကတော့ ¨လူသားဟာအပြစ်ဒုစရိုက်ကိုနှစ်သက်ပြီး တချိန်ထဲမှာပဲအဲ့ဒီဒုစရိုက်ကို မုန်းတီးနေကြပြန် သေးတယ်လို့ မှတ်ချက်ချခဲ့တယ်။

လူသားတွေဟာဖြစ်သင့်တဲ့အတိုင်းဖြစ်မလာဘူး။ ရှိသင့်တဲ့အဆင့်မှာမရပ်တည်နိုင်သလို၊ ရောက်သင့်တဲ့အခြေ အနေကိုလဲမရောက်နိုင်ပဲနိမ့်ကျနေတယ်လို့ သခင်ယေဇူးကမြင်ပါတယ်။ အပြစ်ဆိုတာပစ်မှတ်ကိုမထိဘဲ လွဲချော် သွားခြင်းဖြစ်တယ်။ တနည်းပြောရရင် လူတစ်ဦးဟာရည်ရွယ်မှန်းဆထားတဲ့အခြေအနေကို မရောက်တာ၊ လူ တစ်ဦးအနေနဲ့ရှိသင့်တဲ့အဆင့်ဆီရောက်မလာဘဲ လွဲချော်သွားခြင်းဖြစ်တယ်။

လူတစ်ဦးဟာ ကောင်းမြတ်မှုကို မြင်နေ၊ တွေ့နေပါရက်နဲ့ ဒါဟာကောင်းမြတ်မှုလို့ အသိအမှတ် မပြုနိုင်တော့တဲ့ အဖြစ်အခြေအနေကိုရောက်နေရင်၊ ဒါမှမဟုတ် အမှားကိုသူကိုယ်တိုင်ပြုနေပါရက်နဲ့ ဒါဟာအမှားပါလို့ အမှားကို အမှားမှန်းမသိနိုင်တော့တဲ့ အဖြစ်သနစ်မျိုးရောက်နေရင် ကောင်းမြတ်မှုဆိုတာကိုတွေ့ထိခံစားနိုင်တော့မှာမဟုတ် သလို ကောင်းမှုကိုမြင်နိုင်စွမ်း၊ ပြုနိုင်စွမ်းမရှိရုံသာမက ပြုလုပ်လိုစိတ်တောင်မရှိတော့ဘူး။ ဒီလိုအနေအထား မျိုးမှာ နောင်တဆိုတာယောင်လို့တောင်အနားကိုမသီနိုင်သလို၊ နောင်တဆိုတာမရှိရင် အပြစ်လွှတ်ခြင်းဆိုတာ အိပ်မက်တောင်မက်လို့ရမှာမဟုတ်ဘူး။ အပြစ်ရဲ့အဓိကအရင်းခံကတော့ ဘုရားသခင်ကိုပလ္လင်တော်ကနေချပြီး မိမိကိုယ်ကိုပလ္လင်တော်ပေါ်တင်မြှောက်လိုက်ခြင်းဖြစ်တယ်။ ဘုရားသခင်ရဲ့လမ်းတော်အစားမိမိရဲ့လမ်းစဉ်ကိုသာ ဦးစားပေးရွေးချယ်နေတာဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့အသံတော်ကို နားနဲ့ဆက်ဆက်ကြားနေရတာတောင်မှ ဒီအသံတော်ကို ရိပ်စားနားလည်နိုင်မှာမဟုတ်သလို ဘုရားသခင်ကိုမျက်ဝါးထင်ထင် နဖူးတွေ့၊ဒူးတွေ့ဖူးတွေ့ နေရ တာတောင်မှ ဘုရားဖြစ်တော်မူမှန်းကို သိလိုက်မှာမဟုတ် ဘူး။

¨သင်တို့သည် အပြစ်ဒုစရိုက်၏လှည့်စားမှုကြောင့် စိတ်နှလုံးမခိုင်မာကြစေရန် ယနေ့ဟူသောအချိန်တည်ရှိသ၍ နေ့စဉ်နေ့တိုင်းအချင်းချင်း တစ်ဦးကိုတစ်ဦးတိုက်တွန်းနှိုးဆော်ကြလော့။¨ (ဟေဗြဲ ၃:၁၃)

သမိုင်းကြောင်းကိုကြည့်ရင်ဓမ္မသစ်ကျမ်းမှာပါတဲ့ဧဖက်မြို့ကြီးဟာ အဖြစ်ဆိုးနဲ့ကြုံခဲ့ရရှာတယ်။သူ့ခေတ်သူ့အခါ၊ သူ့ယဉ်ကျေးမှု၊ သူ့စီးပွားရေးတွေဟာ တစ်ခုနဲ့တစ်ခုပနံရပြီး မြို့ကြီးဟာလည်း အင်မတန်မှအချက်အချာ ကျလှ ပါတယ်။

ဒီမြို့ကြီးဟာ¨ကေစတာ¨မြစ်ဝမှာတည်ရှိပြီး ရောင်းဝယ်ဖောက်ကားခြင်းမှာ အထူးစည်ပင်လှတဲ့ သင်္ဘောဆိပ် တွေ၊ လမ်းမကြီးတွေ၊ အားကစားရုံကြီးတွေ၊ ရေချိုးဆိပ်တွေအပြင် ပြဇတ်ရုံကြီးတွေကလည်းထည်ဝါခန့်ညားမှု တွေကို အဖက်ဖက်ကနေကူညီပံ့ပိုးပေးနေကြပါတယ်။ အထူးသဖြင့် ¨အာတေမိ¨လို့ခေါ်တဲ့ဒိုင်ယာနာနတ်ဘုရား မရဲ့ဗိမာန်ကြီးကြောင့်လဲ ဧဖက်မြို့ကြီးဟာ ခမ်းနားကျော်ကြားစေခဲ့ရပါတယ်။

အဲလိုဆိုရင် ဘာဖြစ်လို့ ဧဖက်မြို့ကသင်္ဘောဆိပ်တွေမှာ သ​င်္ဘောတွေ၊ လှေကြီး၊ လှေငယ်တွေ အဝင်၊ အထွက် လျော့နည်းဆိတ်သုဉ်းသွားခဲ့ရတာလဲ၊ ဘာဖြစ်လို့ဧဖက်မြို့ကြီး စီးပွားရေးကျဆင်းလာခဲ့ရတာလဲ၊ အနာရောဂါ ဘေးတွေဆိုက်ရောက်လာလို့လား၊ ဒါမှမဟုတ်ပြည်ပရန်သူတွေရဲ့ဖျက်ဆီးခြင်းတွေကို ခံလိုက်ရလို့လား၊  မဟုတ် ဘူး။ အဲဒါတွေဘာတစ်ခုမှမဟုတ်ဘူး။

အကြောင်းအရင်းကတော့ မြစ်ဝမှာ တဖြည်းဖြည်းချင်းတက်လာတဲ့ နုန်းတွေကြောင့်ပဲဖြစ်တယ်။ နုန်းတွေဟာ ပြင်းထန်တဲ့အသံ၊ ကြမ်းတမ်းတဲ့အင်အားလုံးဝမပါဘူး။ အထူးသိမ်မွေ့ညှင်သာတယ်၊ သေးနုပ်ပြီးအရေးမပါဘူး လို့ထင်ရတဲ့ဒီသဲမှုန့်လေးတွေဟာ နှစ်ပေါင်းများစွာအချိန်ယူပြီးနောက် ဆိပ်ကမ်းကြီးကို သောင်ထွန်းဖုံးလွှမ်းစေ လိုက်တဲ့အတွက် ရှင်သန်နိုးကြားခဲ့တဲ့မြို့ကြီးနဲ့ ရေကြောင်းကုန်သွယ်မှုစီးပွားရေးလောကကြီးတို့ဟာ အဆက် အသွယ်ပြတ်တောက်သွားခဲ့ရတယ်။

အသေးအဖွဲလို့ထင်ရတဲ့ဆိုးညစ်တဲ့အကျင့်တွေ၊ နာခံမှုအားနည်းတာတွေ၊ အတင်းအဖျင်းပြောကြ၊ဆိုကြတာတွေ ဟာ မပြောပလောက်တဲ့အသေးအဖွဲအပြစ်လေးတွေပါပဲလို့ယူဆကြပေမဲ့ အဲဒီသေးငယ်တဲ့နုန်းတွေကို တဖြည်း ဖြည်းအနည်ထိုင်ခွင့်ပြုလိုက်ရင် ဘုရားနဲ့တနေ့တခြားဝေးကွာသွားစေပြီး ဝိညာဉ်ရေးအသက်တာကျဆင်းသွား မှာဖြစ်တယ်။ ဒါ့ကြောင့်လည်း ဟေဗြဲသြဝါဒစာမှာ သင်တို့သည်အပြစ်ဒုစရိုက်၏လှည့်စားမှုကြောင့် စိတ်နှလုံးမ ခိုင်မာကြဖို့ အထူးသတိပေးထားပါတယ်။

သံယာကုပ် ၁:၁၅ မှာ သံယာကုပ်ပြောတာက¨တပ်မက်တဲ့စိတ်ဟာဒုစရိုက်ကိုဖြစ်ပေါ်စေပြီး၊ ဒုစရိုက်ဟာသေခြင်း ကိုမမြင်ရအောင်ဝှက်ထားတယ်လို့ဆိုပါတယ်။ အဲဒါတွေကြောင့် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာ ဒုစရိုက်၊သဲ၊ နုန်းတွေ ကို အနည်ထိုင်ခွင့်မရစေဘို့ ကျင့်ကြံကြိုးကုတ်အားထုတ်ကြပါစို့။

သေးငယ်တဲ့အမှိုက်စလေးဟာ ထည်ဝါခမ်းနားလှတဲ့ပြသာဒ်ကြီးကိုလောင်ကျွမ်းစေနိုင်တယ်မဟုတ်လား၊ အလား တူပဲ သင်္ဘောရဲ့ဝမ်းဗိုက်မှာရှိတဲ့အပေါက်လေးတစ်ခုဟာ သင်္ဘောကြီးတစ်စီးလုံးကို နှစ်မြှုပ်စေနိုင်ပါတယ်။

#Fr.ဗိုလ်လရောင်

ဆောင်းပါးများ