လက်ရှိဆက်ဆံနေသောသူများကို မေ့ထားလိုက်ပါ။ အသစ်အဆန်းများကိုရှာကြည့်လိုက်ပါ။ လူဆိုတာ နားလည်ရခက်သောသတ္တဝါ။ ကိုယ်ဖြစ်ချင်တာဆိုဆွဲယူကြ၊ ကိုယ်မလိုချင်ရင် တွန်းထုတ်ကြ။ ဆက်ဆံရေး ကောင်းပြန်တော့လည်း ဝိုင်းပြီးဗိုလ်ကျကြတယ်။ အပေါက်ဆိုးပြန်တော့လည်း ရွံ့မုန်းကြီးဖြစ်ရတယ်။ ဒါပေမယ့် ဉာဏ်ပညာကသူ့ရဲ့သားသမီးများနဲ့ပတ်သက်လာရင် အမြဲမှန်နေမြဲပါ။ ရှင်မာတေဦး ၁၁:၁၉ (သို့သော် ဉာဏ်ပညာ သည်ကား ယင်း၏လုပ်ဆောင်ချက်များအားဖြင့် တရားမျှတကြောင်းကိုပြလိမ့်မည်)။
ရင်ထဲကအစပျိုးလာသော မီးတောက်ငယ်တွေ ကိုယ်စီရှိကြတယ်။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ မျိုးစေ့ဆိုတာရှိတယ်။ ဖြစ်နေတာကိုဖြစ်နေသည့်အတိုင်း အမှန်ကြည့်တတ်ဖို့လိုတယ်။ ချစ်ခြင်းမှာလည်း သူ့ဒုက္ခ နဲ့သူ၊ မုန်းခြင်းမှာလည်း သူ့ဒုက္ခနဲ့သူ။ သုခနဲ့ဒုက္ခ နေရာချင်းလဲကြည့်ပါ။ တောက်နေသောမီးများကို ဘာကြောင့် ဆိုတဲ့နိယာမတစ်ခုတည်းဖြစ် အဖြစ်မှန်ကိုသိရှိခံစားမိမှာဖြစ်တယ်။ အကျိုးတရားတိုင်းမှာ အကြောင်းတရားရှိ တယ်ဆိုတာ သိကြပါတယ်။ ရူးချင်ယောင်ဆောင်နေသူသာ မမြင်ပဲနေမိမှာ။
ဘဝဆိုတာဒါပါလား။ ဒါပဲလား။ သူ့အပူကို ကိုယ့်အပူလုပ်ယူကြသူရှိသလို၊ ကိုယ့်အပူကို သူများကိုပေး ပြီး သက်သာရာရှာသူတွေလည်းရှိတယ်။ အပူဆုံးကဘာလဲ။ အပြစ်တရားကြောင့် လွတ်မြောက်ရာရှာမတွေ့ သေးသူသာ အပူဆုံးဖြစ်တယ်။ ဒါပေမယ့် အကုသိုလ်တအားများလာရင်၊ အမှောင်ဖုံးပြီး ပူလို့ပူမှန်းမသိ၊ နီးသူ ဝေးသူတွေကို ဒုက္ခလိုက်ပေးနေရတာနဲ့ပဲ၊ ဘေးလူတွေက သူ့ကြောင့်ပူလောင်နေရတယ် (အာဏာရှင်အုပ်ချုပ် သော နိုင်ငံတွေကို ကြည့်ပါ။) အာဏာရယ်၊ စည်းစိမ်ရယ်၊ လိမ်လည်ကောက်ကျစ်ရက်စက်မှုတွေနဲ့ အလုပ်များ နေသူတွေဟာ ငရဲပြာပူပေါ်မှာ ထိုင်နေလို့ထိုင်နေမှန်းမသိ။ အေးချင်ယောင်ဆောင်နေပေမယ့် စိုးရိမ်ပူပန်မှုတွေ၊ မလုံခြုံမှုတွေက နေ့တဓူဝရှိနေတယ်။ ဒါဟာ တောက်နေသောမီးပဲ။ လောင်နေသောငရဲပဲ။ အာဏာရှိလို့ ငရဲက လျော့ဈေးမပေးသလို၊ ဆင်းရဲသူမို့လို့လည်း ငရဲကညှာမှာမဟုတ်။ ကုသိုလ်နဲ့အကုသိုလ်မှာ ဆွေမျိုးသားချင်း မရှိပါ။ သူစိမ်းပေမယ့်လည်း ကုသိုလ်ပြုသူချင်း အမျိုးတော်ပါတယ်။
”ထိုအခါ ဘုရင်က သင်တို့အား ငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပင်ပြုစုကြပြီ။“ (ရှင်မာတေဦး ၂၅: ၄၀)
နေ့တိုင်းတောက်လောင်နေအောင်မွှေးပေးရတဲ့မီးရှိသလို ငြိမ်းသွားအောင်မနည်းသတ်နေရတဲ့မီးလည်း ရှိတယ်။ ဝိညာဉ်တော်ဘုရားကပေးသောချစ်ခြင်းမီးလျှံကသေးငယ်လွန်းပါသည်။ သို့သော်အေးမြသည်။ လတ် ဆတ်သည်။ မွှေးပျံ့သည်။ လေပြေလေညှင်းလေးလိုလာသည်။ ဖယောင်းတိုင်မီးလိုငယ်သည်။ သို့သော် ကမ္ဘာ ကြီးကို မီးထတောက်အောင်စွမ်းဆောင်နိုင်သည်။ တမန်တော်ကြီးဆယ့်နှစ်ပါးကနေ ပြန့်ပွားကျယ်ပြန့်လာသော ခရစ်တော်၏အသင်းတော်ကိုပဲ ကြည့်ပါ။ အဖြေရှိပါသည်။
တစ်ခါတုန်းက ပုရွက်ဆိတ်လမ်းကြောင်းကို အသည်းယားပြီး မီးသွားရှို့သောကလေးနှစ်ယောက် ရှိခဲ့ဖူး တယ်။ ရှို့ တာကလည်း တဲအိမ်ပေါ်ကထုတ်တန်းမှာ။ ဖက်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ ဒီလိုအိမ်မှမီးမလောင်ရင် ဘယ်အိမ်လောင်မလဲ။ မိဘတွေကလည်း တောင်ယာထဲရောက်နေ၊ ရွာသားတွေကလည်း ကိုယ့်ခြံနဲ့ကိုယ်အာရုံ မရောက်။ ဒါနဲ့ပဲ အိမ်တစ်လုံးပြာကျခဲ့ရတယ်။ တောခေါင်ခေါင်ဆိုတော့ ပြဿနာကမကျယ်ပြန့်။ သို့သော် ကရု ဏာအဖွဲ့ကတော့ ကရုဏာကြေးထောက်ပံ့ပြီး၊ နိုင်သလောက်ကူညီခဲ့ရသေးတယ်။ ပြောချင်တာက ဒီလို။
သင်အသည်းယားဖူးပါသလား။ ချစ်ခင်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ။ လိုချင်သည်ဖြစ်စေ၊ မလိုချင် သည်ဖြစ်စေ။ ပိုင်ဆိုင်လိုသည်ဖြစ်စေ၊ စွန့်လွှတ်လိုသည်ဖြစ်စေ၊ ပေးကမ်းလိုသည်ဖြစ်စေ၊ ရယူလိုသည်ဖြစ်စေ၊ တစ်ခုခုသော အာရုံစွဲကပ်မှုကြောင့်၊ ဒို့တတွေ ယားခဲ့ဖူးကြသည့်အသည်း။
အသည်းယားခြင်းသည်ပင်၊ မီးတစ်စအစပျိုးနေခြင်း။ အစကောင်းမှအနှောင်းသေချာမည်။ ကိုယ့်အ သည်းယားခြင်းသည် ကိုယ့်ကောင်းကျိုး၊ လောကကောင်းကျိုးဆိုရင် တော်သေးရဲ့။ သမ္မာအာဇီဝကျသော ကောင်းကျိုးဖြစ်ဖို့သာလိုတယ်။ ကိုယ်လည်းပျက်သူလည်းပျက်ရမယ့်အကျိုးဆိုရင် ယားနေသောအသည်းကို နာနာကုတ်ပစ်ဖို့လိုပြီ။ သမ္မာကျမ်းစာနဲ့ကုတ်၊ ပညတ်တော်ဆယ်ပါးနဲ့တုပ်၊ မင်္ဂလာတရားတော်ရှစ်ပါးနဲ့ချုပ်၊ မီးတောက်သေးသေးလေးကတည်းက ပယ်ပယ်နယ်နယ်လောင်းသတ်ထားဖို့လိုသည်။ ကြားဖူးတယ်မို့လား (မီးဘေးရှောင်စို့ မလောင်ခင် တားကြပါ၊ ရန်သူထိုမီးကို အကြွင်းအကျန်ထားရင် မှားကြလိမ့်မည်)။
နိဂုံးချုပ်အနေဖြင့်---------
အမုန်းမီးတောက် မဖြစ်စေနှင့်၊ မေတ္တာမီးတောက် ဖြစ်ပါစေ။
လောဘမီးတောက် မစလေနှင့်၊ ဝေမျှခြင်းမီးတောက်ကြွပါစေ။
ဒေါသမီးတောက် မဆွလေနှင့်၊ ကျေအေးခြင်းမီးတောက် ထပါစေ။
မောဟမီးတောက် မပေါက်လေနှင့်၊ တွယ်တာကင်းခြင်း ရောက်ပါစေ။
“သူတို့ရှေ့တွင်လျှာပုံသဏ္ဍာန်ရှိသောမီးလျှံငယ်များ ထွက်ပေါ်လာ၍သူတို့အသီးသီးတို့၏အပေါ်၌တည်နေလေ၏” (တမန်တော်ဝတ္တု၂: ၃)
မေတ္တာမွန်ဖြင့်
စိုးဟေမာန်စိုး