Untitled Document
Untitled Document
Untitled Document
ဝတၳဳ
ဘာသာရေးနှင့်အချစ် ပန်းရင်(ညောင်လေးပင်) Posted by Sr. Eugenie(SFX)
ပန်းရင်(ညောင်လေးပင်)
(ဒီဇင်ဘာလ ၁၅ရက်၊ ၁၉၄၈ခု၌ရေးသည်)
၁၉၄၅ ခုနှစ်၊ အင်္ဂလိပ်အဝင် ဂျပန်အဆုတ်အချိန်၌ စစ်ပစ္စည်းနှင့်အခြားကုန်ပစ္စည်းတို့ကို သယ်ယူပို့ဆောင်သော စစ်သားနှင့်ဂျစ်ကားများမှာ အထက်အောက် လူးလာဆန်ခတ် မောင်းနှင်လျက်ရှိလေသည်။ မြို့ကြီးပြကြီးများတွင် ကွန်ဗွိုင်ခေါ် စောင့်ကြပ်ပို့ဆောင်ရေးကားများသည် ညအချိန်စခန်းချရန် လမ်းတိုင်း၊ လမ်းတိုင်းမှာ ရပ်ထားကြသဖြင့် စစ်ကားတွေ၊စစ်သားတွေနှင့်ပြည့်ကြပ်လျက်ရှိသည်။
(--)မြို့၊ (--)လမ်းရှိ အလှတို့အိမ်ရှေ့တွင်လည်း ကားတပ်တတပ် ရပ်ဆိုင်းလျက်ရှိလေသည်။ ရှေ့ဆုံးဂျစ်ကား ကလေးတစင်းမှ စစ်ဗိုလ်ကလေးတဦးသည် အောက်သို့ဆင်း၍ နောက်လိုက်စစ်သားတဦးနှင့်အတူ အလှတိုအိမ်ထဲသို့ ဝင်လာလေသည်။ လှေခါးရင်းတွင်ရပ်၍ “လဘက်ရည်အိုး တည်ချင်လို့ ထင်းနည်းနည်းလောက်ရောင်းပါ”ဟု ပြောလေသည်။ အလှ၏ မိခင်က “မရှိဘူး”ဆိုပြီး ငြင်းရမှာရိုင်းရာကျသဖြင့် အိမ်နောက်သို့သွား၍ ထင်းတပွေ့ယူပြီးပေးလိုက်လေသည်။ နောက်လိုက် စစ်သားကယူ၍ စစ်ဗိုလ်က ငွေနှစ်ကျပ် ထုတ်ပေးသောအခါ အလှအမေက “အိုကိစ္စမရှိပါဘူး။ အလကားယူပါ၊ မရောင်းပါဘူး။” ဟုပြောလိုက်လေသည်။ စစ်ဗိုလ်ကလေးလည်း “ကျေးဇူးတင်ပါတယ်” ဟုဆိုပြီးလျှင် ထင်းပိုက်ထားသောစစ်သားနှင့်အတူ ထွက်သွားလေသည်။
တအောင့်လောက် ကြာသောအခါ စစ်ဗိုလ်ကလေးသည် ဒိန်ခဲဘူး ၂ ဘူး။ အမဲဘူး ၁ ဘူး။ နို့ဆီ ၁ လုံး၊ ဘီစကွတ်မုံ့ထုပ်နှင့် လပ်(စ်)ဆပ်ပြာမွှေး တတုံးတို့ကိုယူလာပြီးလျှင် အိမ်အပေါက်နားတွင်ထိုင်နေသောအလှရှေ့မှာ လာချ၍ “အိမ်မှာသုံးဘို့ယူပါ” ဟုပြောလေသည်။ အလှအမေသည်ထိုအချိန်၌ မီးဖိုဆောင်ထဲတွင် ထမင်းစားနေ၏။ အလှကဘာမှ ပြန်မပြောရမှီ စစ်ဗိုလ်ကလေးလည်း ဆင်းသွားလေသည်။ အလှသည် မီးဖိုဆောင်သို့သွား၍ “မေမေ၊ ခုဏကစစ်ဗိုလ်ကလေးလာပြီး၊ ဘာတွေလဲမသိဘူး။ အိမ်ရှေ့မှာထားပြီးဆင်းသွားတယ်။” ဟု ပြောသောအခါ အလှအမေက “ခုဏက ထင်းပေးလိုက်လို့ လာပေးတာထင်ပါရဲ့သမီးရယ်။ ယူထားလိုက်ပေါ့။” ဟု ပြောလေ သည်။ အလှလည်းမိခင်ပြောသည့်အတိုင်း ပစ္စည်းများကိုယူ၍ သိမ်းထားလိုက်သည်။
ထိုနေ့မှစ၍ စစ်ဗိုလ်ကလေးသည် အထက်အောက်သို့ သွားလာတိုင်း ခရီးကြုံလျှင် အလှတို့အိမ်ကိုဝင်ထွက်လေ့ရှိ၏။ ၏မိခင်သည် စစ်ဗိုလ်ကလေး မိမိတို့အိမ်သို့ ဝင်ထွက်သည်ကို မနှစ်သက်သော်လည်း စစ်ဗိုလ်ကလေး လာသောအခါ၌ကားအလိုက်အထိုက် ဧည့်ခံစကားပြောရလေသည် ။ အလှမှာမူကား လူငယ်ဘာဝ မိခင်၏စိတ်သဘောကိုနားမလည်။ စစ်ဗိုလ်ကလေး သွားတိုင်းလာတိုင်း ပေးကမ်းသော လက်ဆောင်များကိုကြည့်ကာ ပီတိဖြစ်နေမိလေသည်။ ဖြစ်လျှင်လည်း ဖြစ်ပေလိမ့်မည်။ ဂျပန်ဒဏ်ကြောင့် ထိုအချိန်အခါက အလွန်ရှားပါးလျက်ရှိနေသေးသည်။
တနေ့သောအခါ စစ်ဗိုလ်ကလေးသည် ခရီးလမ်းကြုံသဖြင့် အလှတို့အိမ်သို့ဝင်ခဲ့၏။ အလှမိခင် ဈေးဝယ်သွားခိုက် အိမ်တွင် အလှတယောက်တည်းရှိလေသည်။ စစ်ဗိုလ်ကလေးဝင်လာသည်ကို ဧည့်ခံစကားမပြောပါလျှင် ရိုင်းရာ ကျမည်စိုးသောကြောင့် အလိုက်အထိုက် ထွက်၍စကားပြောရလေသည်။
စစ်ဗိုလ်ကလေးက “အန်တီရော…” အလှက “မေမေဈေးသွားနေပါတယ်။”
“ကျန်းကျန်းမာမာရှိကြရဲ့လား။ နှမလေးနာမည်က ဘယ်လိုခေါ်ပါသလဲ။”
အလှက “ကျန်းမာပါတယ်။ အလှလို့ ခေါ်ပါတယ်။”
စစ်ဗိုလ်ကလေးသည် မိမိယူခဲ့သော လေထီးပိုးစ၊ ဆပ်ပြာမွှေး၊ ပေါင်ဒါဘူးများနှင့်နို့ဆီဘူး၊ ထောပတ် ဘီစကွတ်မုံ့ထုပ်များကိုပေးလေသည်။ အလှလည်း ရှက်ရှက်နှင့်ပင် “ဘာလို့ဒုက္ခရှာပြီး ဒါတွေကိုယူခဲ့ရတာတုံး၊ နေပါစေရှင်”ဟု ပြောလျှင် စစ်ဗိုလ်ကလေးက “အိုယူပါ။ ဒါတွေကျုပ်တို့စစ်တပ်ထဲမှာပေါပါတယ်။” ဟု ပြောနေခိုက်တွင် အလှကိုအမေသည် လှေခါးမှ တက်က်လာလေသည်။ စစ်ဗိုလ်ကလေးက “အန်တီဈေးက ပြန်လာပြီလား”ဟု နှုတ်ဆက်လိုက်လေသည်။ ထိုနောက် သုံးဦးသား စကားစမြည်တအောင့်တနား ပြောပြီးနောက် စစ်ဗိုလ်ကလေးသည် ခရီးဆက်လက်ထွက်သွားလေသည်။
အလှမိခင်သည် ချက်ပြုတ်ရေးစီမံရန် မီးဖိုခန်းသို့ ဝင်သွားလေသည်။ အလှမှာမူ လက်ဆောင်ပစ္စည်းများတွင် လေထီးပိုးစကို အလွန်နှစ်သက်လျက်ရှိလေသည်။ အိမ်နားနီးချင်းဖြစ်သူ အလှ၏အပေါင်းအဘော် မိန်းမပျိုကလေးများကလည်း တစေ့တစောင်းကြည့်နေရာမှ စစ်ဗိုလ်ကလေး ဆင်းသွားသည်နှင့် တပြိုင်နက် အိမ်ပေါ်သို့ တက်လာကြပြီးနောက် “အလှရေ ဘာတွေယူခဲ့သလဲ၊ ဒို့ကို ပြစမ်းပါအုံး” ဟုဆိုကာဝိုင်းအုံ၍ ပစ္စည်းများကို ကြည့်ရှုကြလေသည်။
တယောက်က “အမယ်၊ လေထီးပိုးစကလေးက တယ်လှပါကလား၊ တော်တော်အဘိုးပေးရလိမ့်မယ်၊ အခု သိပ်ရှားတာဘဲ၊ ညည်းတော့ သိပ်ကံကောင်းတာဘဲ။”
နောက်တယောက်က “ရိုးရိုးပေးမယ် မထင်ဘူးအေ။”
အလှက “ဒီကောင်မပါးစပ်က ထွက်လိုက်မှဖြင့်အလွဲချည်း။ ရိုးရိုးမဟုတ်တော့ ဘာဖြစ်ရမှာလဲအေ။ သူ့မျက်နှာကိုပဲ ကြည့်ရတာ ရိုးသားပုံပါပဲ။” တဦးက “ဟေ့ ပြောမနေကြနဲ့၊ အခုတည်းက သူ့လူကိုမြှောက်နေပြီ။ ငါတော့ညည်းကို ဆန့်ကျင်ဘက်မလုပ်ဘူးနော်။ ညည်း ဂျစ်ကားစီးတော့ ငါ့ကိုမမေ့ပါနဲ့။” အလှက “တော်ကြပါဟယ်၊ ညည်းတို့ တယောက်မှမကောင်းဘူး၊ ငါ့ကို ဂျစ်ကားစီးမယ်လို့ ထင်နေကြသလား။” တယောက်က “ဂျစ်ကားစီးမယ်လို့ မပြောလိုပါဘူးအေ၊ ဗိုလ်ကတော်လောင်းပါလို့ ပြောတာပါ။”
အလှက “တော်ကြပါအေ”ဟု ပြောနေစဉ်တွင် အလှ၏မိခင်သည် မီးဖိုချောင်မှထွက်လာသဖြင့် စကား ပြတ်သွားလေသည်။ တခဏမျှကြာသောအခါ မိန်းကလေးများသည် မိမိတို့အိမ်သို့ပြန်သွားကြသည်။
အလှက “မေမေ လေထီးပိုးစက သိပ်ကောင်းတာပဲ။” မိခင်က “ဟဲ့သမီး၊ ညည်းကတော့ အဲဒီပစ္စည်းတွေကို ကြည့်ပြီး သဘောကျနေပါ၊ ကျုပ်က မလွဲမကင်းသာ လက်ခံရတာသိလား၊ အိမ်နီးချင်းတွေက အထင်အမြင် သေးတယ်တော့။”ဟု သမီးအားဆူသဖြင့် အလှသည် မျက်နှာငယ်ငယ်နှင့်အိမ်ခန်းထဲသို့ ဝင်သွားလေသည်။
ထိုနေ့မှစ၍ အခွင့်ကြုံတိုင်း ဝင်ထွက်သွားလာနေသောကြောင့် အလှရှိအိမ်သားနှင့် စစ်ဗိုလ်ကလေးမှာ တစတစနှင့် ခင်မင်ရင်းနှီး လာကြလေသည်။ စစ်ဗိုလ်ကလေး၏ တည်ကြည်ခန့်ညား သောဣန္ဒြေ၊ စကားကို ခပ်မှန်မှန် ခပ်တည်တည် ပြောဆိုခြင်း၊ သဘောကောင်းပုံလက္ခဏာတို့သည် တခါတခါဘာလိုလိုနှင့် အလှ၏စိတ်အတွင်းတွင် အရေးတယူစဉ်းစားရန်အချက်များ ဖြစ်နေလေသည်။ ထိုနည်းတူ အလွန်ချာသည်ဟု မဆိုနိုင်သော်လည်း အရုပ်မဆိုးသော အလှ၏အဆင်းသဏ္ဌာန်နှင့်တခါတခါ သွားကလေးများ မပေါ်တပေါ်ပြုံးတတ်သော အလှ၏မျက်နှာသည် စစ်ဗိုလ်ကလေး၏ စိတ်ထဲတွင် အမြဲစွဲနေတတ်လေသည်။ ဤသည်ကား တဦးကိုတဦး စွဲလမ်းစပြုကာ တဦးအပေါ်တဦး မေတ္တာရှိချင်သလိုလို ဖြစ်ပေါ်လာခြင်းပင်ဖြစ်၏။ သို့ရာတွင် အလှက ဘာသာသူမိန်းကလေး၊ စစ်ဗိုလ်ကလေးကား ဘာသာကွဲဖြစ်သဖြင့် ၎င်းတို့နှစ်ဦး ရှေ့တွင်မည်သို့ဖြစ်မည်နည်း။
သို့နှင့်နေလာခဲ့ရာ စစ်အုပ်ချုပ်ရေးနှင့် စစ်တပ်တိုကို ရုတ်သိမ်းစပြုသောအချိန်သို့ ရောက်ခဲ့လေသည်။ စစ်ဗိုလ်ကလေးလည်း စစ်တပ်မှထွက်၍ အစိုးရဌ၁နတခုတွင် အရာရှိကလေး တစ်ဦးအဖြစ်နှင့် အမှုထမ်းနေကြောင်း သတင်းရပြီးနောက်၊ မည်သည့်အရပ်ဒေသသို့ ရောက်နေသည်ကိုမသိရချေ။ တနှစ် နီးပါးခန့်ကြာသောအခါ တနေ့ညနေချမ်းအချိန်၌ ဂျစ်ကားတစင်း အလှကိုအိမ်ရှေ့သို့ ဆိုက်ရောက်လာပြီးနောက် လူတယောက် ဆင်းလာလေသည်။ ထိုသူကား အခြားသူမဟုတ်၊ စစ်ဗိုလ်ကလေးဖြစ်ခဲ့သူ မောင်ဖေဝင်းပင် ဖြစ်လေသည်။ အလှမိခင်နှင့်အလှတို့သည် ဝမ်းသာအားရ ဧည့်ခံစကားပြောကြလေသည်။ ယခုအခါ၌ မောင်ဖေဝင်းသည် မိမိအလုပ်နှင့် အလှတို့နေသောမြို့သို့ ပြောင်းရွှေ့လာရသဖြင့် အလှတို၏အိမ်သို့ နေ့စဉ်လိုပင် ဝင်ထွက် သွားလာနေသည်။ အလှနှင့်မောင်ဖေဝင်းတို့သည် တစတစနှင့်ပြောရဲဆိုရဲ ရှိလာကြပြီးလျှင်သမီးရည်းစားဘဝသို့ ရောက်ခဲ့ကြလေသည်။ သို့ရာတွင် တဦးကိုတဦး ရိုးသားစွာ မေတ္တာရှိရုံမှ တပါး၊ အခြားအပြစ်ဆိုဘွယ်အဖြစ်မျိုးသို့ မရောက်ခဲ့ချေ။ အလှအမေသည် မိမိသမီးကိုကောင်းမွန်စွာ ထိန်းသိမ်းခဲ့၏။ မိမိသမီးနှင့် ဘာသာချင်း မတူသော အချက်မှတပါး မောင်ဖေဝင်းလို ရာထူးဌာနန္တရရှိသူ၊ သဘောကောင်းသူနှင့် အလှကိုသဘောမတူနိုင်စရာအကြောင်းမမြင်ပေ။
တနေ့၌ မောင်ဖေဝင်းသည် အခြားမြို့တမြို့သို့ပြောင်းရွှေ့သွားရမည့်အကြောင်းကို ရန်ကုန်သို့လာခိုက်တွင် မိမိတို့ဌာနမှ ကြားသိရ၏။ မပြောင်းရမှီ အလှကိုတောင်းရမ်းယူမည်ဟု အလှတို့သားအမိနှင့် တိုင်ပင်ရန် အလှတို့၏အိမ်သို့ လာခဲ့လေသည်။ အလှကိုအမေသည် ဈေးသို့သွားခိုက်ဖြစ်သဖြင့် အိမ်ရှေ့တွင် အလှတယောက်တည်း ဇာထိုးနေသည်ကို တွေရလေသည်။
အလှက “ကိုဖေဝင်း ယနေ့အလုပ်မဆင်းဘူးလား။” “ရုံးသွားမလိုဘဲ၊ ပြောစရာတခုရှိလို့ လာခဲ့တယ်။” “အန်တီရော ဘယ်သွားသလဲ။” “မေမေ ဈေးသွားတယ်။ ဘာများပြောစရာရှိလဲ။ ကိုဖေဝင်း။”
“တခြားအကြောင်းတော့ မဟုတ်ပါဘူး။ အလှနှင့် ကိုဖေဝင်းတို့ အကြောင်းပေါ့ အလှရဲ့။”
“ကိုဖေဝင်းစိတ်က ဘယ်လိုများနေလို့လဲ” “ကိုဖေဝင်းစိတ်က ဘယ်လိုမှမနေပါဘူး။ ဒီမြို့က မကြာမှီ ပြောင်းရလိမ့်မယ်လို့ သတင်းကြားရတယ်။ တခြားကို မပြောင်းမှီ အလှကို တောင်းရမ်းယူချင်ပြီ။ ဒီကိစ္စကို အလှတို့သားအမိနှင့် တိုင်ပင်ဘို့လာခဲ့တာဘဲ။ အလှတို့သဘောက ဘယ်လိုနေသလဲ။” “ကျွန်မတို့ သဘောကတော့ ငြင်းစရာမရှိပါဘူး။ သို့ပေမဲ့ တခုရှိတယ်။”
“ဘယ်လိုတခုရှိသလဲ ပြောစမ်းပါ အလှရဲ့။” “တခြားအကြောင်းတော့မဟုတ်ပါဘူး။ ကိုဖေဝင်းနှင့်ကျွန်မကိစ္စဟာ လွယ်မယောင်နဲ့ခက်ဆိုတဲ့ ကိစ္စပါပဲ။” “အလိုလေးဗျာ။ ဘယ်လိုများခက်နေလို့လဲ။ အလှကမောင့်ကိုတကဲ့မေတ္တာနှင့်ချစ်ရင် အလွယ်ကလေး ဖြစ်နိုင်ပါတယ်။ ဘိတ်စာရိုက်၊ အသိမိတ်ဆွေတွေကမ်းလှမ်းပြီး ရက်ချိန်းနေ့မှာ အကျွေးအမွှေးနှင့်လူကြီးစုံရာရှေ့မှာမင်္ဂလာဆောင်ရင် ပြီးရောမဟုတ်လား။ အလှက မောင့်ကို မချစ်ရင်တော့ မပြောတတ်ဘူးလေ။”
“ကိုဖေဝင်းကို ချစ်ပါတယ်။ လှပြောပြမယ်။ ခဏနားထောင်ပါ ကိုဖေဝင်း။ အလှနဲ့ကိုဖေဝင်းဟာ ဘာသာချင်းမတူဘူး။” “ဘာသာချင်းမတူတော့ ဘာဖြစ်သလဲ အလှ။”
“ဘာသာချင်းမတူတော့ ကျွန်မနှင့်ကိုဖေဝင်းဟာ အရှေ့နဲ့အနောက်လို မနီးစပ်ပါဘူး။ တယောက်တလမ်းစီသွား နေကြတော့ အခက်သားဘဲ။” “အမယ် ခရစ်ယန်နဲ့ဘာသာကွဲလက်ထပ်တာတွေအရှိသားဘဲ။” “ရှိပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ထောင်တွေ ဘာသာရေးနဲ့ ပတ်သက်ပြီး အဆင်မပြေကြဘူးလို့သိရပါတယ်။”
“သူ့ဘာသာသူကိုးကွယ်၊ ကိုယ့်ဘာသာကိုယ်ကိုးကွယ်ပြီးနေကြရင်ပြီးတာပဲမဟုတ်လား”
“အသွင်မတူ အိမ်သူမဖြစ်ဆိုသလို၊ စိတ်တူကိုယ်တူ ဘုရားကျောင်းတက် မလုပ်နိုင်ရင် မကောင်းဘူးကိုဖေဝင်း။”
“ဒါဖြင့် ကိုဖေဝင်းကိုအလှတို့ဘာသာထဲဝင်ပါလို့ဆိုလိုတာလား။” “အတင်းအကြပ်ဝင်ပါလို့ မဆိုလိုပါဘူး။ ကျွန်မတို့ရဲ့ဘာသာရေးကိုလေ့လာပြီး ယုံကြည်လာရင် ဝင်ပါလို့ ဆိုလိုတာပါ။” “လေ့လဲမလေ့လာထူး။ ယုံလဲမယုံဘူး။ ဝင်လဲမဝင်ဘူးဆိုရင်…။” “ကိုဖေဝင်းက တယ်ခက်တာကိုး။”
မောင်ဖေဝင်းက သူကဲ့သို့ရာထူးဂုဏ်ရှိသူကို အလှသည်ဘာသာရေးနှင့် ပတ်သက်ကာ ကပ်ဖဲ့လုပ်သည်ဟုထင်၍ စိတ်တိုမိသည်။ သို့ရာတွင် စိတ်ကိုထိန်း၍ တွေဝေနေပြီးမှ ပြောပြန်သည်။
“ကိုဖေဝင်းဟာ လူကြီးလူကောင်းတယောက် ဖြစ်လျက်နဲ့ မိန်းမတယောက်ရဖို့ အလှတို့ဘာသာထဲ ဝင်တယ်ဆိုရင်ပဲ အသိမိတ်ဆွေတွေ၊ အပေါင်းအသင်းတွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျောမပေါ့။ ဒါကြောင့် အလှတို့ ဘာသာထဲကိုတော့ ကိုဖေဝင်း ဘယ်နည်းနဲ့မှမဝင်နိုင်ဘူးထင်တယ်။ ကိုဖေဝင်း ပြောသလို လူကြီးတွေရှေ့မှာ မင်္ဂလာဆောင်ဖို့ သို့မဟုတ်ရင်လဲ ရုံးမှာလက်ထပ်ဖို့၊ သဘောတူမတူကိုသာ ဒီတညစဉ်းစားပြီး နက်ဖန် ကိုဖေဝင်းလာတော့ အဖြေပေးပါ။ ယခု သွားလိုက်အုံးမယ်။ ရုံးချိန်လဲနီးနေပြီ”ဟုဆိုကာမျက်နှာခပ်ပျက်ပျက်နှင့် ဆင်းသွားသည်။
အလှသည် ထိုင်လျက် ဇာထိုးနေစဉ် တချက်တချက် သက်ပြင်းရှူမိလေသည်။ အဘယ်ကြောင့်ဆိုသော် မိမိအပေါ် စီရင်ချက်ကို မိမိကိုယ်တိုင်ချမှတ်ရမည့် တရားခံနှင့်တူလျက်ရှိနေသဖြင့် မတွေးတောနိုင်လောက်အောင် ဖြစ်လျက်နေသည်။ ထိုအခိုက် မိခင်ဈေးကပြန်လာလျှင် ခါတိုင်းကဲ့သို့ ဖျာပျာသလဲ ကြိုဆိုနှုတ်ဆက်ခြင်းမပြုနိုင်ဘဲ တံခါးပေါက်က စောင့်လျက် ဈေးခြင်းကိုသာလှမ်းယူလေသည်။ မိခင်လည်း ကုလားထိုင်တွင်ထိုင်ပြီး အမောအပန်းဖြေနေစဉ် သမီးကိုကြည့်လျက်အကဲခတ်နေလေသည်။ တအောင့်တနားနေပြီးနောက် “အလှ၊ သမီးဘာဖြစ်တာလဲ၊ မျက်နှာလည်းမကောင်းပါကလား။ မောင်ဖေဝင်း ဒီကိုလာသလား။ လမ်းထိပ်မှာခပ်ဝေးဝေးက မေမေသူ့ကိုမြင်လိုက်တယ်။” ဟုဆိုလေသည်။ အလှကမိခင်အား မောင်ဖေဝင်းနှင့် ဆိုသမျှအကြောင်းကို ပြောပြလေသည်။ “အဲဒါကြောင့် ငါ့သမီးကစိတ်မကောင်းဘူးလား။”
“ဒီတညစဉ်းစားပြီးရင် နက်ဖန်စကားပြန်ပါတဲ့။ အဲဒီတော့ ကျွန်မစဉ်းစားရကြပ်နေတာပေါ့မေမေရဲ့။” “သမီး သူ့ကိုပြောပြတာ အင်မတန်လမ်းမှန်တယ်။ ဘာသာမတူရင်မဖြစ်ဘူးလို့ ထပ်ပြောရုံပဲရှိတာပေါ့သမီး။ မေမေပြောပြမယ်သီးနားထောင်။ တခါတုံးက အနောက်နိုင်ငံမှာ ကက်သလစ်ဘာသာထဲကို ဝင်မယ်မဟုတ်တဲ့ ဘာသကွဲ မင်းသားတစ်ပါးက တိုင်းပြည်တပြည်က ကက်သလစ် မင်းသမီးတပါးနှင့် လက်ဆက်ဘို့ စကားကမ်းလှမ်းတယ်ဆိုဘဲ။ အဲဒီ ကက်သလစ်မင်းသမီးက ရဟန်းမင်းကြီးဆီ အဖူးအမျှော်ဝင်ပြီး အကျိုးအကြောင်းလျှောက်ထားခါ ရဟန်းမင်းကြီးထံမှ အကြံဥာဏ်တောင်းလျှောက်တော့ ရဟန်းမင်းကြီးက မင်းသမီးကို ကောင်းကင်သရဖူနှင့်လောကသရဖူ နှစ်ခုရှိရာကို ကြိုက်ရာကိုရွှေးပါလို့ အကျယ်တဝင့်မိန့်မြွက်တယ်တဲ့။ မင်းသမီးကလည်း ကောင်းကင် သရဖူကိုသာဆောင်းမယ်ဆိုပြီး မင်းသားစကား ကမ်းလှမ်းတာကို ငြင်းပယ်လိုက်တယ်ဆိုပဲ။ သမီးလည်း အဲဒီမင်းသ္မီးလို ကောင်းကင်သရဖူကိုသာ ဆောင်းလိုတဲ့ကလေးဆိုရင်တော့ နက်ဖန် မောင်ဖေဝင်းလာရင် ဘာသာမတူလို့လက်မထပ်နိုင်ဘူး။ ဘာသာတူမှ လက်ထပ်နိုင်မယ်လို့ ယတိပြတ်ပြောလိုက်ရုံပေါ့ သမီးရယ်။ အမေ့သမီးက ဘာသာတူဒုံရင်း၊ သီလရှင် ကျောင်းထွက်ဘဲ။ ဒီလိုယတိပြတ်ပြောဖို့ စိတ်ကိုဆုံးဖြတ်ရမယ်။”ဟု သမီးကိုအားပေးစကားပြောကြားပြီးလျှင် လုပ်ကိုင်စရာရှိသည်တို့ကို လုပ်ကိုင်နေလေ၏ ။
ထိုည၌အလှသည် အိပ်ယာပေါ်တွင် ဘယ်ပြန်ညာပြန်လှိမ့်ကာ စဉ်းစားတွေဝေလျက်ရှိလေသည်။ တဘက်တွင် ဘာသာရေး၊ တဘက်တွင်အချစ်။ ထိုနှစ်ခုတွင် မည်သည့်ဘက်သို့လိုက်မည်နည်း။ ဘာသာရေးကိုစွန့်၍ အချစ်ဘက်သို့လိုက်လျှင် လောကတွင်စိတ်ချမ်းသာမည်။ ဂုဏ်ရှိမည်။ သို့ရာတွင် ဝိညာဉ်ဆုံးမည်။ ဘာသာရေးဘက်လိုက်လျင် ဝိညာဉ်မဆုံး။ ကယ်တင်ခြင်းရနိုင်သည်။ သို့ရာတွင် မောင်ဖေဝင်းကို ချစ်မိသဖြင့် ထိုအချစ်ကို ဖျောက်ဖျက်၍မရသောကြောင့် လောက၌ မိမိအသက်ရှင်နေသမျှကာလပတ်လုံး အချစ်မီးလောင်ကျွမ်းခြင်းကို တာရှည်ခံနိုင်ပါမည်လားဟု တွေးတောလျက် အဖြေမှန်မရဘဲ လင်းဘက်သို့ နီးနေတော့သည်။
အိမ်ရှေ့ခန်းရှိ တိုင်ကပ်နာရီကြီးမှ ဒင်-ဒင်-ဒင်ဟူ၍နာရီထိုးသံ သုံးချက် ကြားလိုက်တော့မှ သန်းခေါင် ကျော်နေပြီဖြစ်ကြောင်း စဉ်းစားရုံနှင့်ဒီလောက်တောင် စိတ်ရောကိုယ်ပါ ဒုက္ခရောက်နေလျှင် ဘာသာကိုစွန့်၍ အချစ်ဘက်လိုက်မိရင် မိမိဝိညာဉ်ဆုံးရချေရဲ့ဟု အတွေးပေါ်လာပြီးလျှင် ချက်ခြင်းပင်စိတ်တမျိုးပြောင်း၍ ဖြစ်လိုရာဖြစ်စေတော့၊ နက်ဖန်ကိုဖေဝင်းလာလျှင်ဘာသာမတူ၍ လက်မထပ်နိုင်တဲ့အကြောင်း အတိအလင်းပြောမယ်ဟု စိတ်ဆုံးဖြတ်ပြီးနောက် အိပ်ပျော်သွားလေတော့သည်။
နံနက် ၁၀ နာရီအချိန်ခန့်တွင် မောင်ဖေဝင်းသည် အလှတို့အိမ်သို့ ရောက်လာလေသည်။ အလှလည်း သူလာမည်ကိုအဆင်သင့်စောင့်ကာ ဇာထိုးလျက်နေသည်။ မိခင်ဖြစ်သူသည် အိမ်နောက်ဘက်တွင် အလုပ်လုပ်လျက်နေသည်။ မောင်ဖေဝင်းက အပေါက်ဝတွင် ဘိနပ်ချွတ်နေစဉ်ပင်စကားစလိုက်သည်။ “ဘယ့်နှယ်လဲ အလှ၊ မနေ့က မောင် ပြောခဲ့တဲ့အချက်တွေကို စဉ်းစားပြီးပြီလား။” “ထိုင်ပါအုံး ကိုဖေဝင်းရယ်။ အလောတကြီး မေးရသလား။” “မေးရတာပေါ့ အလှရယ်။ ညက တညလုံးကို အိပ်မပျော်ဘူး။” “ကျမလဲ တညလုံး အိပ်မပျော်ပါဘူး။” “အင်း ဖြစ်မယ်လေ။ ကဲ အလှ ဘယ်လိုဆုံးဖြတ်သလဲ။” “ကျမ အမျိုးမျိုးတွေးကြည့်ပါတယ်။ အဖြေကတော့ ကျမ မနေ့ကပြောသလို ဘာသာမတူလျှင် ကျွန်မ ကိုဝင်းကိုလက်ထပ်ဘို..။”
ဤတွင် စကားစပြတ်၍ အသံတုန်လာလေသည်။
“လက်မထပ်နိုင်ဘူးဆိုပါတော့။” ဟုမောင်ဖေဝင်းက ထောက်လိုက်လျှင် အလှကခေါင်းညိတ်လိုက်လေသည်။ “ဒါဖြင့် အလှ ကိုဖေဝင်းကို မချစ်ဘူးလို့ဆိုပါတော့။” “ကိုဖေဝင်းကိုအသဲနစ်အောင်ချစ်ပါတယ်။ ဒါပေမဲ့ လှက ဘာသာမတူလို့ လက်မထပ်နိုင်ဘူးလို့သာ ပြောတာပါ။” “ကောင်းပါပြီလေ။ ကိုဖေဝင်းကလည်း ခရစ်ယန်မဖြစ်နိုင်ဘူး။ အဲဒီတော့ အလှနဲ့ ကိုဖေဝင်းတို့ ဒီလိုတွေ့ကြတာ နောက်ဆုံးတွေ့ခြင်းဘဲပေါ့။ ကဲ ကိုဖေဝင်းသွားမယ်ဟုဆိုကာ ထလျှင် အလှကမျက်ရည်တွေလည်လျက် “ခဏနေပါအုံး ကို ဝင်း”ဟုဆိုကာ အခန်းတွင်းသိုဝင်သွားလေသည်။ လက်ကိုင်ပုဝါနှင့်ထုတ်ထားသော အထုတ်တခုကို ယူလာပြီးနောက်၊ ဒီမှာ ကိုဖေဝင်း ကျမအဖို့လုပ်ပေးတဲ့ လက်ဝတ်လက်စားတွေ ပြန်ယူသွားလေ။ လက်ပေါ်မှာလဲ စိန်လက်စွပ်တကွင်း ရှိသေးတယ်။ ပြန်ယူသွားပါ...”ဟု ဆိုလျက် လက်စွပ်ကို ချွတ်နေပေသည်။
“ဒီပစ္စည်းတွေကိုယူဘို့ လာတာမဟုတ်ပါဘူး။ အဲဒီ ပစ္စည်းတွေဟာ အလှကို အပိုင်ပေးတဲ့ ပစ္စည်းတွေပဲ။ ယူထား လိုက်ပါ။ ကဲ သွားမယ်၊ အန်တီရော ဘယ်မှာလဲ၊ သွားပြီလို့ပြောလိုက်ပါ ..” ဟု ခပ်မာမာပြောပြီးလျှင် ဆင်းသွားလေသည်။ အလှလည်း ပြတင်းပေါက်မှနေ၍ မောင်ဖေဝင်း သွားသည်ကို မျက်စိတဆုံး ကြည့်နေပြီးနောက် မောင်ဖေဝင်း ကွယ်ပျောက် သွားသောအခါကျမှ အိပ်ခန်းထဲသို့ဝင်၍ အိပ်ရာပေါ်တွင် ခေါင်းအုံးကို မျက်နှာအပ်ခါ ချုံးချ၍ ငိုရှာတော့၏။ အချစ်၊ အချစ်၊ ဘာသာရေးကြောင့် မိမိကိုစွန့်ပစ်၍သွားလေပြီ။ ဆုံးပြီ၊ ရှုံးပြီဟု ရေရွတ်မိလေသည်။ မိခင်ဖြစ်သူသည် သမီး၏ရှိုက်သံကြား၍ အိပ်ခန်းထဲသို့ဝင်လာ သမီးကို ပွတ်သပ်၍ အမျိုးမျိုး ဖျောင်းဖျ၍နေလေ့သည်။
မောင်ဖေဝင်းလည်း လမ်းသွားရင်း “အလှ၊ အလှ သူငါ့ကို မချစ်ဘူးနော်။ ဘာသာရေးကို အရေးတကြီးလုပ်ပြီး ငါ့ကိုသူစွန့်နိုင်ရင် သူလိုမိန်းကလေးကိုလည်း ဘာလို့ မစွန့်နိုင်ရမှာလဲ။ ဂျင်းစိမ်းနဲ့မိတ်သလင် သူကြင်မှငါကြင်မှာပေါ့။ ငါ့လိုအရာရှိကလေးတဦး မိန်းမရဖို့ မခဲယဉ်းပါဘူး။”ဟု ဒေါသအလိုက် တွေးတော ကြိမ်းမောင်းမိလေသည်။ ဤကဲ့သို့ပင် မောင်ဖေဝင်းနှင့် အလှတို့သည် အဆက်ပြတ်သွားလေသည်။ တလကျော်ကျော် ခန့်ကြာသော အခါ မောင်ဖေဝင်းသည် အထက်အမိန့်အရ တခြားမြို့သို့ ပြောင်းရွှေ့သွားရသည်ဟု အလှတို့သားအမိ ကြားလိုက်လေသည်။
နာရီကိုရက်စား၊ ရက်ကိုလစားပြီးလျှင် တစတစနှင့် တနှစ်ကျော်ကျော်သို့ ရောက်လာလေ၏။ အလှမှာ မိမိကိုယ်ကို အမျိုးမျိုး တရားချပြီးနေပါသော်လည်း အချစ်မီးက တဖြည်းဖြည်းကျွမ်းလျက်နေခဲ့သဖြင့် မအိပ်နိုင်၊ မစားနိုင်နှင့် အတော်ပင် ပိန်ချုံး၍လာလေသည်။ မိခင်ဖြစ်သူသည် သမီးကို အမျိုးမျိုး ဖျောင်းဖျ၍ တရားချခါ “သ္မီးရယ်၊ လောကဟာ ဒီလိုဘဲ။ ဆင်းရဲဒုက္ခနဲ့ မကင်းဘူး။ ဒီလိုအဆင်မပြေဖြစ်ပြီး သမီးစိတ်ဒုက္ခရောက်ရတာဟာ ဘာသာရေးနဲ့ ဘုရားသခင်ကိုချစ်လို့ ရောက်ရတာ။ ကိုယ်စိတ်နှလုံးကို မြတ်စွာဘုရားသခင်အားပူဇော်ပါ။ ကိုယ်တော်က သမီးကို ကောင်းကြီးမင်္ဂလာပေးတော်မူပါလိမ့်မယ်။” ဟု ပြောသောအခါ အလှက “မြတ်စွာဘုရားသခင်ကို ပူဇော်ပါတယ်မေမေရယ်။ ကိုယ်တော်ကိုလည်း ချစ်တယ်။ မေမေကိုလည်းချစ်တယ်။ ဒါ ကြောင့်လဲ ဒီလိုစိတ်ဆင်းရဲခံနေတာပေါ့။ ကိုယ်တော်ကို မချစ်ရင်၊ မေမေကို မချစ်ရင် ကိုဖေဝင်းဘက်ကို ကျွန်မ လိုက်မှာပေါ့။ စိတ်ကိုဖြေပေမဲ့ သူကို သမီးမေ့လို့မရဘူးမေမေရယ်။”ဟု ဆိုခါ မျက်ရည်များကျရှာ ။ တနှစ်ကျော် နှစ်နှစ်နီးပါးခန့် ရှိသောအခါ တနေ့သောနံနက်အချိန်၌ အလှသည် ဘုရားစင်ကိုပြင်ဆင်လျက် ဘုရားပန်းများကို လဲလှယ်နေစဉ် အိမ်ရှေ့၌ ကားတစီး ဆိုက်သံကြားရ၏။ သို့ရာတွင် အလှမှာဂရုမပြုဘဲ မိမိအလုပ်ကိုသာ လုပ်လျက်နေလေသည်။ “အလှရေ၊ အလှ”ဟု ခေါ်ကာ လူတယောက် လှေခါးမှတက်လာလေသည်။ အလှသည် “ရှင် ရှိပါတယ်၊ ဘယ်သူပါလိမ့်” ဟုဆိုကာ တံခါးပေါက်သို့ ထွက်ကြည့်လျှင် မောင်ဖေဝင်းကို တွေ့လေသည်။ “ဟင် ကိုဖေဝင်း ဘယ်သွားမလို့လဲ။ ကယ်ပိန်လှပါကလား။” “ဒီကိုလာတာဘဲ။ အလှလည်း တယ်ပိန်လှပါကလား။” “ပိန်တာပေါ့ ကိုဖေဝင်းရယ်။ အလှမပြောချင်ဘူး။” ဟုဆိုခါ ရိုက်ခါရှိုက်ခါ ငိုလေသည်။ “အင်း ဖြစ်မယ်၊ ဖြစ်မယ်။ မောင်လဲ ဒီလိုဘဲဖြစ် တာဘဲလေ။ ကဲငိုမနေနဲ့တော့အလှ။ မောင်အခုလာတာ အလှကိုယူဖို့လာတာ။”
“အို..မဖြစ်နိုင်တာ။”
“ဖြစ်နိုင်ပါတယ်။ မောင်... အလှတို့ ဘာသာ အကြောင်းကို ကျောင်းနေဘက်တွေဆီမှာ တဆင့်လေ လာလို့ အတော်ခရီးရောက်နေပါပြီ။ မောင် အလှတို့ဘာသာထဲဝင်ပြီး အလှကို လက်ထပ်ယူတော့မယ်။”
“အဟုတ်လားကိုဖေဝင်း။ ဘာသာကိုလဲ ယုံရဲလား။” “အဟုတ်ပါ အလှရဲ့။ ဘာသာကိုလဲ ယုံတယ်။ အလှကိုလဲ ချစ်တယ်။ ဒါကြောင့် ဝင်မှာပေါ့ကွယ်။ ဒေါ်ဒေါ်ကိုခေါ်ပါ။ အကျိုးအကြောင်း တိုင်ပင်ပြီး စီစဉ်ပေတော့။ ရော့ … ဒီမှာငွေသုံးထောင်။ လိုတာဝယ်ပါ။ အလှတို့နဲ့ဆိုင်တဲ့ ဘုန်းတော်ကြီးထံအကြောင်းကြား လျှောက်ထားပေတော့။ တစ်လအတွင်းအမြန်ပြီးနိုင်သလောကက်ပြီးစေချင်တယ်။ ကိုဖေဝင်းခွင့်သုံးလယူပြီးလာခဲ့တယ်။”
“’ဒီကိစ္စ ဒီလောက်မြန်အောင် ဆောင်ရွက်လို့ မဖြစ်သေးဘူးထင်တယ်ကိုဖေဝင်းရယ်။
“လုပ်ပြန်ပြီလားအလှ” “တခြားမဟုတ်ပါဘူး။ ဒီလိုပါကိုဖေဝင်းရဲ့။ ဘုန်းတော်ကြီးကိုလျှောက်တော့ ဘုန်းတော်ကြီးက ကိုဝင်းရဲ့ ဇစ်မြစ်၊ အလုပ်အကိုင်၊ သားမယား ရှိမရှိ စုံစမ်းလိမ့်မယ်။ ဒီအတောအတွင်းမှာ ကိုဖေဝင်းက ကျွန်မတို့ရဲ့အယူ အာသာအကြောင်းတို့ကို သင်ကြားရလိမ့်မယ်။”
“ဟုတ်ပါတယ်အလှရယ်။ ဒီအကြောင်းတွေကိုမိတ် ဆွေအချို့ထံက သိပြီးပါပြီ။ ကိုဖေဝင်းလည်း လေ့လာလို့ အတော်ခရီးရောက်နေပါပြီ။ မြန်မြန်သာပြီးအောင် စီစဉ်ပေတော့ဟုဆိုကာ အလှတို့သားအမိနှင့် ဆက်လက်စကားပြော လျက်နေလေသည်။
တလကျော် ကြာသောအခါ မောင်ဖေဝင်းသည် ဆေးကြေ၁ခြင်း မင်္ဂလာခံယူ၍ ဘာသာထဲသို့ဝင်ပြီးလျှင် ဘာသာ ထုံးစံအလိုက် အလှနှင့်လက်ထပ်ထိမ်းမြားလေသည်။ အလှနှင့်မောင်ဖေဝင်းတို့ ဇနီးမောင်နှံ ဘုရားရှိခိုးကျောင်း မှန်မှန်တက်သည်ကို တွေ့ရလေသည်။
(တကယ်အမှန် အဖြစ်အပျက်ကိုမူတည်၍ အထက်ပါဝတ္ထုကိုရေးသားပြီးလျှင် ဘာသာသူ အမျိုးသားနှင့် အမျိုးသ္မီးများ အိမ်ထောင်ရေးနှင့် စပ်လျဉ်း၍ ဘာသာမတူသူနှင့်တွေ့လျှင် အလှကဲ့သို့ ဘာသာတရားကိုလေးစား၍ ဝိညာဉ်မပျက်စီးရန် သတိပြုစေခြင်းငှာ စံပြပုံသက်သေတရပ်အဖြစ် တင်ပြလိုက်ပါသည်။)
ပြီးပါပြီ
ပန်းရင်(ညောင်လေးပင်)

 

ဝတၳဳ