Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ဓမ္မဟောင်းကောက်ကြောင်း-အခန်း(၁၆) #စွဲမက်အာရုံ #သိုက်(ကန္ဒရ၀တီ) KYESEMyanmar-ကြေးစည်မြန်မာ Published by Eugenie Petronilla

ယနေ့ဆိုလျှင် ဤဆီးရီးယားတပ်စခန်းသို့ မဖိတ်ခေါ်ဘဲလျက် မိမိတို့ရောက်ရှိလာခဲ့သည်မှာ စတုတ္ထနေ့သို့ပင် ရောက်ရှိနေကြောင်းကို ပြန်စဉ်းစားရင်း ယုဒိဿ(ခေါ်)ဂျူဒစ်” တစ်ယောက် ရတက်မအေးဖြစ်နေမိသည်။ ဤစခန်းအတွင်း ခြေမှုန်းရေးတာဝန်ဆောင် ရွက်အပြီး ပဉ္စမမြောက်နေ့တွင် ယေရုရှလင် မြို့တော်သို့အရောက် အောင်ပွဲနှင့်အတူ ပြန်လာခဲ့မည်ဟု အတိအကျ ကတိပေးထားခဲ့ရသော်လည်း ယနေ့တိုင် မိမိတာဝန်ကို မဆောင်ရွက်နိုင်သေးပေ။ အချိန်အားဖြင့် တစ်ရက်တာပင် မကျန်တော့။

လွန်ခဲ့သည့်ငါးရက်အချိန်ကအဖြစ်ကို ယုဒိဿ ပြန်လည်သုံးသပ် လိုက်လေသည်။ မိမိဘဝ မုဆိုးမဘဝ ရောက်ခဲ့ရသည့်အဖြစ်ကို ယူကျုံးမရ ဖြစ်နေစဉ်မှာပင် မိမိမြို့နယ်ရန်သူလက်ထဲသို့ ကျရောက်တော့မည့် အဖြစ်ဆိုးနှင့် ကြုံနေရပြန်သည်။ ကံဆိုမသွားရာ မိုးလိုက်လို့ရွာဆိုသည့်စကား မိမိကို ရည်ညွှန်းထား၍ သာလျှင်ဖြစ်ပေမည်။ မိမိအမျိုးသား မာနစ္တာ”ကို သေကွဲကွဲရသည့်အဖြစ်ကို ခံနိုင်ရည်ရှိခဲ့သည်ဟု ဆိုရပေမည် မိမိအတွက် နွားအုပ် သိုးအုပ်နှင့် အစေခံများစွာကို ချန်ရစ်ကာ ဘဝတစ်ပါး သို့သွားလေသူ မာနစ္ဆာကိုသတိရတိုင်း လောကအလယ်တွင် မိမိကို မကြောင့်မကျနေနိုင်အောင် စီစဉ်သွားပေးခဲ့သည့်အတွက် ကျေးဇူးတင်နေမိသည်။

ယခုယေရုရှလင်မြို့ကို တိုင်းတစ်ပါး အဆီးရီးယားတပ်များက ဝန်းရံနေသည်ကိုကြားရသောအခါ မိမိပိုင်ဆိုင်ရာဥစ္စာများထက် မိမိမြို့တော်ကို တိုင်းတစ်ပါး လူရမ်းကားများလက်အောက် တရားမဲ့ကျရောက်တော့ မည့် အရေးတွေးရင်း မခံနိုင်သည့်ဇာတိစိတ် တဖွားဖွားပေါ်ပေါက် လာလေတော့သည်။ မိမိမခံရပ်နိုင်ဆုံးအချက်မှာ ယေရုရှလင် မြို့တော်ကို အဆီးရီးယား တို့၏ရန်မှကာကွယ်ရန် အားမထုတ်ဘဲ၊ ကံတရားနှင့်ဘုရားကိုသာ ပုံချကာ လက်ပိုက်ကြည့်နေကြသည့် ယေရုရှလင်မြို့တော်အုပ်ချုပ်သူများ၏ အဖြစ်ပေတည်း။ မိမိတို့ ဟေဗြဲအမျိုးသားတို့ ၏နှလုံးသားဖြစ်သည့် ဗိမာန်ကျောင်းတော်ကြီးတည်ရှိရာ ယေရုရှလ မြို့တော်ကို လက်ဖျားနှင့်ပင် အတို့မခံချင်ပေ။

ခုလိုကျွန်မတို့ရဲ့ ယေရုရှလင်မြို့ကို ရန်သူတွေရဲ့ ရန်စကျူးကျော်မှုခံရတာ ဘုရားသခင်က ဒဏ်ခတ်တာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ယုံကြည်ချက်တရားကို စမ်းသပ်တာဖြစ်တယ်။”

အုပ်ချုပ်သူ အကြီးအကဲများကို ယုံကြည်ချက်ထက်သန်ရေးနှင့် ဇာတိမာန်စိတ်ဓါတ် ပြန်လည်တက်ကြွ လာရေးအတွက် ဤသို့လှုံ့ဆော်စည်းရုံးပြီး သမိုင်းကြောင်း သာဓကများပြကာ “ယုဒိဿ” ရှင်းပြခဲ့သည်။

ကျမတို့ရဲ့ အဓိကခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ ဣဇာတ်၊ ယာကုပ်နဲ့ နောက်ဆုံး မောရှေအထိသူတို့ရဲ့ သမိုင်းကြောင်းကို ပြန်အမှတ်ရကြပါ။ ဒုက္ခတွေအတန်တန် ခံစေပြီးတဲ့နောက်မှ သူတို့ကို ထာဝရဘုရားသခင် ကယ်တင်ခဲ့တာတွေကို တွေ့ပါလိမ့်မယ် သူတို့ကြုံတွေ့ခဲ့တဲ့ ဒုက္ခနဲ့စာရင် ခုလက်ရှိကျွန်မတို့ရဲ့ ဒုက္ခဆိုတာက
ဘာမှမပြောပလောက်ပါဘူး။”

ခေါင်းဆောင်အကြီးအကဲများထဲမှ မြို့ဝန်မင်းအိုးဇိယကလည်း ခေါင်းတညိတ်ညိတ်နှင့် သူမ၏အဆိုကိုလက်ခံကာ မိမိတို့မြို့ကို ကာကွယ်နိုင်ရေးအတွက် အကြံဉာဏ်တောင်းခံလေတော့သည်။ အသင်ဟာ သီလပါရမီနဲ့ ပြည့်စုံပါပေတယ်။ ရန်သူကို ချေမှုန်းအောင်မြင်နိုင်ရေးအတွက် အစီအစဉ်ကို ပြောပြပေးပါ။ ကျွန်ုတို့အားလုံးကြိုးစား လုပ်ဆောင်ပါ့မယ်။”

ကျွန်မအစီအစဉ်ကို ခုချိန်မှာမပြောနိုင်တာကိုတော့ခွင့်လွှတ်ပါ။ ဒါပေမဲ့ ကျွန်မတစ်ခု တောင်းခံချင်ပါတယ်။ ဒီနေ့ကစပြီး ငါးရက်အတွင်း ကျွန်မနဲ့ အစေခံအတွက် ဆုတောင်းပေးကြပါ။ ငါးရက်မြောက်တဲ့နေ့မှာ သင်တို့ ဆီကို အောင်မြင်မှုနဲ့ ပြန်လာခဲ့မှာပါ။ ယုဒိဿသည် မိမိအစေခံကိုခေါ်ကာ လျှို့ဝှက်သည့် သူတို့၏ စစ်ဆင်ရေးကို စတင်လေတော့သည်။ မိမိကိုယ်ကိုယ် နံ့သာရည်ဖြင့် လိမ်းကျံကာ ဝတ်ကောင်းစားလှများကို ဝတ်ဆင်လိုက်လေသည် အစေခံအားလည်း စပျစ်ရည်ဗူး၊ မုန့်နှင့် သစ်သီးခြောက်စသည့် ငါးရက်စာရိက္ခာများကို အိတ်တစ်လုံးတွင် ထည့်စေကာ မြို့တံခါးဝသို့ ထွက်လာခဲ့ကြလေတော့သည်။ မြို့တံခါးအပြင်သို့ ရောက်လျှင် အဆီးရီးယားတပ်စခန်းရှိမည့် နေရာကိုဦးတည်ကာ နှစ်ဦးသားသွားရောက်ခဲ့သည်။ အရုဏ်ဦးအချိန်တွင် အဆီးရီးယား ကင်းစောင့်သမားများနှင့်ကြုံ၍ သူ့တို့အားမေးမြန်းရာ အဆီးရီးယားဗိုလ်ချုပ်  ဟိုလိုဖာနစ်နှင့် တွေ့ဆုံလိုကြောင်း၊ သူ့အားယေရုရှလင်မြို့အခြေနေနှင့် ပတ်သက်သည့်လျှို့ဝှက် ချက်များကို တင်ပြလိုကြောင်း ပြောပြလိုက်ရာ သူတို့အား တပ်စခန်းသို့ဝင်ခွင့်ပြုလိုက်လေတော့သည်။ တပ်စခန်းအတွင်းသို့ရောက်သည်ဆိုလျှင်" အဆီးရီးယား ရဲမက်ဗိုလ်ပါများသူမထံသို့ ဝိုင်းလာကာ သူမ၏အလှကို ရှုစားနေကြတော့။ တစ်ချို့ကလည်း ဒီလိုလှပတဲ့အမျိုးသမီးမျိုးရဖို့အတွက်ဆိုရင် စစ်ပွဲတစ်ရာတောင်နွှဲလိုက်ချင်တယ်ကွာဟူ၍ သူမကို ထောပနာပြုသွားကြသည်။ ဗိုလ်ချုပ်နှင့်တွေ့ဆုံသောအခါ၌လည်း သူမ၏အလှအပသည် ဟိုလိုဖာနစ်၏နှလုံးသားကိုဖမ်းစားနိုင်စွမ်းရှိခဲ့သည်။ ဆဲဆိုသံ၊ အမိန့်ပေးသံတို့ဖြင့် ခက်ထန်လှသော သူ့နှုတ်သည် အချိုသကာအပေါင်းတို့ စုဝေးရာနေရာဟုပင် သတ်မှတ်ရမည့်အလား ဖြစ်သွားသည်။

လာခြင်းကောင်းသော လာခြင်းဖြစ်ပါစေ ကြောက်ရွံ့ခြင်းအလျဉ်းမရှိပါနဲ့ ကိုယ့်အမျိုးသားကိုစွန့်ခွါပြီး ကျွန်ုပ်ဆီကိုလာရောကျခိုလှုံ ရတဲ့အကြောင်းသိပါရစေ။”

ဤမျှ နွေးထွေးသောကြိုဆိုမှုမျိုး သူမရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဒီအတွက် ဘုရားသခင်ကို ချက်ချင်း ကျေးဇူးတင်ချီးမွမ်းလိုက်သကဲ့သို့ ဟိုလိုဖာနစ်အားလည်း ချီးမွမ်းစကား စတင်ဆိုလိုက်လေသည်။

အရှင်ရဲ့ ဘုန်းတန်ခိုးကြီးမားပုံကို ကြားသိခဲ့ရလို့ အခုလိုအရှင်ရဲ့ လက်အောက်ကို ခိုလှုံဖို့ရောက်လာခြင်း ဖြစ်ပါတယ်။ နောက်ပြီးအရှင်ကို လျှောက်ထားချင်တဲ့ လျှို့ဝှက်ချက်ဆိုတာက ကျွန်မတို့ယေရုရှလင်မြို့ရဲ့ အခြေအနေပါ။ အရှင်တို့ရဲ့တပ်က အခုရေဖြတ်တောက်လိုက်တာကြောင့် ခုဆိုရင်မြို့သူမြို့သားတွေ အစာရေစာငတ်ပြတ်လို့ တရားပျက်နေကြပါပြီ ဆွမ်းတော်ကိုထား၊ ဝမ်းတော်ကိုမှအနိုင်နိုင်ဆိုသလို ဗိမ္မာန်ထက်မှာသံဃာတွေကိုလှူထားတဲ့ အစာတွေတောင် သူတို့ယူစားနေကြတဲ့ အခြေအနေရောက်နေပါပြီ။”

 ပြောနေရင်းမှာပင် ဟိုလိုဖာနစ်၏မျက်နှာကို အကဲခတ်လိုက်လေသည်။ သူမအပေါ်ယုံကြည်မှုအပြည့်အဝရှိသည့် အနေအထားရှိနေသည်ကို မြင်လျှင် ယုဒိဿဆက်၍ ဆိုပြန်သည်။

အရှင်ကို တစ်ခုတော့တောင်းခံချင်ပါတယ်။ ဒါကလည်း အရှင်ရဲ့ ဘုန်းတန်ခိုးအတွက်ပါ။ ကျွန်မနှင့်အစေခံတို့ ဘုရားသွားရှိခိုးဖို့ ညနေနေဝင်ပြီးအချိန်နဲ့ နောက်မနက်မိုးမသောက်ခင်အချိန်တွေမှာ စခန်းအပြင်ထွက်ခွင့် ပေးစေချင်တယ်။ ကျွန်မတို့ဆုတောင်းခဲ့လို့ ဘုရားကအချိန်အခါသင့် ချီတက်တိုက်ခိုက်ပါလို့ ဆိုရင်အရှင့်ဆီကို ချက်ချင်းအကြောင်းကြားပါ့မယ်။ ယေရုရှလင်မြို့ကို သိမ်းယူရရှိရင်လည်း ဟေဗြဲအမျိုးသားတွေကို အုပ်စိုးဖို့  အရှင်ကိုနန်းတင်ပေးပါ့မယ်။”

မိမိအား မက်လုံးလေးပေးကာ ပြောဆိုသိမ်းသွင်းနေသည့် ယုဒိဿကို ဟိုလိုဖာနစ် သဘောတွေ့မနောခွေ့ ဖြစ်သွားလေသည့်အတွက် သူမကိုလည်း ချီးမွမ်းခန်းထုတ်လိုက်လေသည်။

ခုလိုရုပ်ရည်ချောမောရုံမျှမက အမြော်အမြင်ကြီးမားလှတဲ့ အသင်လို ဟေဗြဲသူတစ်ယောက်ကို တွေ့ဆုံခွင့်ရတာ ဘုရားမတယ်လို့ ဆိုရမှာပေါ့ အသင်ရဲ့ စွမ်းဆောင်ချက် အောင်မြင်ခဲ့ရင်တော့ ဧကရာဇ် “နေဗူခတ်နေဇာရဲ့ နန်းတော်မှာ မဟေသီမိဖုရားအဖြစ် ချီးမြှောက်ခံရအုံးမှာ သေချာတယ်။”

ဤသို့ဖြင့် အဆီးရီးယားတပ်အတွင်း တံခါးမရှိဓါးမရှိ ဝင်ထွက်သွားလာရင်း အခွင့်အရေးတစ်ရပ်ကို စောင့်မျှော်နေခဲ့သည်မှာ လေးရက်နေ့မြောက်ခဲ့လေပြီဖြစ်သည်။ မနက်ဖြန် ငါးရက်မြောက်နေ့တွင် မိမိတို့အောင်မြင်မှုနှင့်အတူ ပြန်လာခဲ့မည်ဆိုသည့် ကတိကို ပြန်အမှတ်ရမိနေသည်ထိုနေ့ညနေမှာပင် ယုဒိဿမျှော်လင့်ခဲ့ရသည့် အခွင့်အရေးပေါ် ပေါက်လာစရာအကြောင်းတစ်ရပ်ကို ကြုံခဲ့ရလေတော့သည်။

ဒီဟေဗြဲအမျိုးသမီး အလှရတနာလေး ငါ့ဆီကို ရောက်လာတာဟာ ငါတို့ အရှင်ဧကရာဇ်ရဲ့ဘုန်းကံကြောင့် ဆိုတာထက် ငါ့ဘုန်းကံ အလျောက်ရောက်လာတာဖြစ်တယ်လို့ ဆိုလိုရတော့မယ်။ ငါ့အရှင် အတွက် စစ်ပွဲတစ်ရာနွှဲခဲ့ပေမဲ့ ဒီအချစ်စစ်ပွဲကိုတော့ဖြင့် ငါလက်လွတ်အဆုံးရှုံးခံလို့ မဖြစ်တော့ဘူး။ ငါ့အရှင်ရဲ့ လက်ထဲ သူမကိုဆက်သရမဲ့ အဖြစ်မျိုးကိုတော့ ငါဘယ်လိုမှ အဖြစ်ခံမှာမဟုတ်ဘူး၊ နောက်ပြီး သူမပြောခဲ့တဲ့မြို့ကို တိုက်လို့အပြီးငါ့ကို နန်းတင်မှာဆိုတော့ လိုနေတဲ့မိဖရားနေရာမှာ သူ့ကိုချီးမြှင့်ပြီး တူနှစ်ကိုယ်နန်းတက်ပွဲ ဆင်နွှဲကြမှာပေါ့။”

ဗိုလ်ချုပ် ဟိုလိုဖာနစ်သည် တစ်ဦးတည်းတွေးရင်း မိမိစိတ်ကူးယဉ် အကြံအစည်တွင် ယုသိဿနှင့် ရွှေလက်တွဲနိုင်ရေးအတွက်ဆိုသည့် ဘဝကိုတပ်မက်လာတဲ့စိတ် တဖြည်းဖြည်းကြီးကြီးလာခဲ့သည်။ ဤသို့ဖြင့် သူ၏ စိတ်ကူးယဉ်အကြံအစည်ကို တစ်ညကုန်အောင်ဖြင့် မဆိုင်းနိုင်တော့ဘဲ မိန်းမထိန်း ဗာဂါအိုနှင့်တိုင်ပင်ကာ အကောင်အထည်ဖော်လေတော့သည်။

အသင်လုံမငယ် အသင်ရဲ့ အလှအပက ကနေ့ညကစပြီး နန်းတွင်းသူ တစ်ဦးအဖြစ်ကို ဖန်ဆင်းလိုက်ပါပြီ။ ဗိုလ်ချုပ် ဟိုလိုဖာနစ်က သူနှင့်အတူ ညစာသုံးဆောင်ပြီး ဆွေးနွေးတိုင်ပင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်

အခွင့်အရေးတစ်ရပ်ကခေါ်စရာပင်မလို၊ အလိုလိုရောက်လာပြီဖြစ်သဖြင့် “ယုဒိဿနှောင့်နှေးနေ၍ မရေတော့ပေ။ လာရောက်ဖိတ်ကြားသူ မိန်းမထိန်းအား ချက်ချင်းအကြောင်းပြန်ကြားလိုက်သည်။

အရှင် ဟိုလိုဖာနစ်အတွက်ဆိုရင် ကျွန်မဘဝတစ်သက်ကို အပ်နှံပြီးသားပါ။ သူနှစ်သက်မယ်ဆိုရင်တော့ ကျွန်မလိုက်လျောပေးရမှာပေါ့ အစေခံကိုခေါ်ကာ သူမကိုယ်ကိုအလှဆုံးဖြစ်အောင် ခြယ်သလေတော့သည်။ ဟိုလိုဖာနစ်'အား စွဲမက်စေမည့်အသုံးအနှုန်းနှင့် အမူအယာများ အတွက်လည်း ကြိုတင်ပြင်ဆင်ခဲ့လေသည်။ မီးရောင်အောက်သို့ ဝင်လာသည့်သူမအား ဟိုလိုဖာနစ်မြင်လျှင် သူယောင်မယ်ကို မြင်သည့်အလား စိတ်ချောက်ချားခဲ့ရလေသည်။ စွဲမက်အာရုံဖြင့် သူမ၏လက်ကိုဆွဲခေါ်ကာ အစေခံပြင်ထားသော စားသောက်ဖွယ် များကို သုံးဆောင်စေခဲ့သည်။ သူမ၏လက်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ဖဝါး၏အထိအတွေ့နှင့်ပင် သူ့ ရာဂရှိန်ဝါကိုယ်တွင်းနာသည် ကုရာနတ္ထိဆေးမရှိသည့် အဆင့်သို့ပင် ရောက်နေပြီဖြစ်ကြောင်း ယုဒိဿ သိလိုက်ရသည်။ မနှစ်သက်သည့်အမှုတစ်ခုကို မလွှဲမရှောင်သာ လုပ်နေရသည်မို့ သူမ၏အရှက် အကြောက်စိတ်က သူမ၏လိပ်ပြာကိုနှိုးဆွနေခဲ့သည်။ ယခုမှ မတတ်သာတော့သဖြင့် ကိုယ်တင်ထားသည့်ဇာတ် မိုးလင်းအောင်က ရတော့မည်ဟုဆုံးဖြတ်လိုက်သည်။

သူမအစေခံပြင်ဆင်ထားသည့် အစားအစာကိုစားရင်း ဟိုလိုဖာနစ်အားလည်း ချိုသောစကား၊ ယုယသောအပြုအမူများဖြင့် လိုအပ်သလို ပြင်ဆင်ပေးကာ စားသုံးစေသဖြင့် ဟိုလိုဖာနစ်မှာ ဝမ်းသာပီတိဖြစ်နေမိ သည်။ ထို့ကြောင့်လည်း မိမိကိုယ်ကို ရဲဆေးတင်ရန် သေရည်ကိုလည်း အလွန်အကျွံ မှီဝဲလေတော့သည်။ ညဉ့်နက်လာသည်နှင့်အမျှ အတွင်းတံခါး များပိတ်ကာ အိပ်ဖန်စောင့်များပင်လျှင် အလျှိုလျှိုထွက်သွားကြလေသည် မူးယစ်ရီဝေဖြစ်နေသော။ ဟိုလိုဖာနစ်အား အိပ်ရာသလွန်ပေါ်သို့ ရောက်ရှိရေးအတွက် ဒရွတ်တိုက်ဆွဲကာ ခေါ်ဆောင်လာစဉ် မိမိအာရုံကိုညှိစေမည့် ခန္ဓာအထိကို အသိတရားဖြင့် အကြိမ်ကြိမ်ထိန်းချုပ်နိုင်ခဲ့လေသည်။ ဟေဗြဲအမျိုးသားရေးအတွက်ဟူသောရည်ရွယ်ချက်၊ အာမခံ မရှိခဲ့လျှင် ထိုနေ့ညအဖို့ ဟိုလိုဖာနစ်နှင့်အတူ ချစ်ပွဲနွှဲကာ ပျော်လိုက်မည်သာ။ ယခုကား ထိုသို့သော အဖြစ်မျိုးနှင့်ဆန့်ကျင်သည့်လုပ်ရပ်ကို ယုဒိဿ လုပ်ရပေတော့မည်။ သလွန်ပေါ်တွင် ချိတ်ဆွဲထားသည့် ဟိုလိုဖာနစ်၏ဓားကိုယူကာ ပါဏာတိပါတာဝေရမဏိ ပညတ်ချက်တစ်ပါးကို ခြွင်းချက်ထားကာ ပညတ်တော်များကို ဆင်ခြင်ထောက်ရှုလိုက်လေသည်။ ထိုမှ ဟိုလိုဖာနစ်၏ဆံပင်ကိုဆွဲကိုင်ကာ ဓားဖြင့်လည်ကို နှစ်ချက်ဆင့်ကာ ခုတ်လိုက်လေသည်။ မျက်နှာကျက်ရှိ တင်းတိမ်အဝတ်ကိုဆွဲယူကာ ဦးခေါင်းကိုရစ်ပတ်လျက် အစားအသောက်ထည့်လာသည့် အိတ်ထဲတွင် ထည့်လိုက်လေသည်။

မိမိတို့နှစ်ဦးသားပြုနေကျအတိုင်း အရုဏ်မတက်မီ ဘုရားရှိခိုးသွားမည့်ဟန်ဖြင့် စခန်းအပြင်သို့ထွက်ကာ ယေရုရှလင်မြို့သို့ ခရီးပြင်းနှင်လေတော့သည်။ မြို့တံခါးသို့နီးကပ်လာစဉ် ဟေဗြဲအမျိုးသားတို့အား သတင်းကောင်းကိုပြောကြားကာ မြို့တံခါးကိုဖွင့်စေလိုက်သည်။

ကနေ့ ဘုရားသခင်၏ အကူအညီနဲ့ ရန်သူအဆီးရီးယားဗိုလ်ချုပ် ဟိုလိုဖာနစ်ကို ငါတို့ချေမှုန်းလိုက်ပြီ။ ဘုရားသခင်ရဲ့ အားတန်ခိုးကိုရှုမြင်ဖို့ မြို့တံခါးကို ဖွင့်လိုက်ပါအုံး။”

 မြို့ဝန်ကြီးအိုဇိယမှအစ အကြီးအကဲအပါအဝင် မြို့သူမြို့သားများ အလျှိုလျှိုထွက်လာကြကာ သူတို့နှစ်ဦးအား ကြိုဆိုလိုက်ကြသည်။ ယုဒိဿသည် လွယ်အိတ်အတွင်းမှ ယူလာသည့် မျက်နှာကျက်တင်းတိမ်အဝတ်နှင့် ရစ်ပတ်ထားသော ဟိုလိုဖာနစ်၏ဦးခေါင်းကို ထုတ်ပြလိုက်သောအခါ အားလုံးက သူမနှင့်အစေခံအား မိုးခြိမ်းသံပမာ ဩဘာပေးလိုက်ကြလေသည်။


ယုဒိဿအဖို့ ဟိုလိုဖာနစ်ကို လုပ်ကြံသတ်ဖြတ်ကာ အနိုင်ယူခဲ့၍ ပျော်ရွှင်ခဲ့ရသည်ထက် စွဲမက်အာရုံကို ဖြစ်ပေါ်စေသည့် “ကာမဂုဏ်တိုက်ပွဲ”ကို အနိုင်ရခဲ့ခြင်းအတွက် ပို၍ပျော်ရွှင်နေမိတော့သည်။

 

#သိုက်(ကန္တရဝတီ)

ဆောင်းပါးများ