Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-12-01 05:49:49
#2 December 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (သံမာတေဦး ၁၅း ၂၉-၃၇)
#စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)
Posted by M. Su Latt Htwe

လူလေးထောင်ကို ကျွေးမွေးတော်မူသည့် အာနုဘော်တော်ကို ပြပြီးနောက်ပိုင်းမှာ လူများစွာတို့သည် စိတ်အားထက်သန်စွာနှင့် ခရစ်တော်ဘုရားရှင်၏ နောက်တော်သို့ လိုက်ကြ၏။ လူတို့သည် ခရစ်တော်ဘုရားရှင်ကို အံ့အားသင့်စေရုံ သာမက မိမိတို့ဝမ်းစာအတွက် ပူပင်စရာမလိုဘဲ စားစရာများကို အလွယ်တစ်ကူ ရနိုင်သည်ဟု ယူဆလာကြ၏။ မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှု မရှိသော်လည်း ခရစ်တော်ဘုရားရှင်ထံပါးတွင် လူ့အသက်တာ၏ လိုအပ်ချက်များဖြစ်သော အစာရေစာဖူလှုံမှု၊ ဘဝမျှော်မှန်းချက် ပြည့်စုံမှုနှင့် စည်းစိမ်ချမ်းသာ ကြွယ်ဝမှုအပေါင်း လွယ်လင့်တကူ ရနိုင်သည်ဟု ထင်စမှတ် ပြုလာကြ၏။ တန်ခိုးအာနုဘော်၏ နောက်ကွယ်မှာ နက်နဲဖွယ်ရာအချက်ကို သူတို့နားမလည်ပဲ အပေါ် ခန္ဓာသုခ၏ ကြွယ်ဝပြည့်စုံမှုကိုသာ စိတ်စွဲလန်းနေကြ၏။ ခရစ်တော်ဘုရားရှင် မိန့်မှာသွန်သင်နေသော အကြောင်းအရာများ နားမလည်ပဲ ဖြစ်နေကြ၏။ ခရစ်တော်ဘုရားရှင် သူတို့နှင့်အတူ ရှိနေခြင်းသည် ဘုရားရှင် မိမိတို့နှင့်အတူ တည်ရှိနေထိုင်တော်မူသည့်အချက်ကို သုံးသပ်သိမြင်နိုင်စွမ်းမရှိပေ။

ယနေ့ခေတ် လူသားများသည် မိမိရည်မှန်းထာကြသည့် ဘဝပန်းတိုင် အိပ်မက်များနှင့် လွဲချော်နေသည်ကို အံ့ဩတွေဝေစွာဖြင့် စိတ်ဓာတ်ကျဆင်းနေကြသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တစ်ခုလုံး ကြည့်ခြင်းအားဖြင့် လောကချမ်းသာ ကြွယ်ဝမှုကိုသာ အငမ်းမရ ရှာဖွေနေခြင်းဖြင့် စိုးမိုးမှုခံနေကြသည်။ လူထုဆက်သွယ်ရေး မီဒီယာများသည်လည်း မိမိကြေညာနေသော အရာများသည် လူကို နှလုံးသား၏ လိုအင်တောင့်တမှု ကျေနပ်နှစ်သိမ့်မှုများ ဖြစ်နိုင်ဆိုသည့် အသွင်ပမာဖြင့် ဖြားယောင်းသွေးဆောင်ကြကာ အယုံသွင်းကြသည်။ ထိုအရာများသည် ကျေနပ်မှု အခိုက်အတန့်များသာဖြစ်သည်။

ယနေ့ကြားနာခဲ့ရသော ဧဝံဂလိသတင်းကောင်းတော်မှ ခရစ်တော်ဘုရားရှင် နှုတ်တော်ထွက်စကားအားဖြင့် ကျွန်ုပ်တို့သင်ခန်းစာယူရမည်မှာ အစားအစာသည် လူ့ဘဝရှင်သန်ခြင်း၏ အခြေခံကျသော အရာဖြစ်သော်လည်း တကယ်တမ်း စစ်မှန်သော အသက်တာကို ရှင်သန်ခြင်းဆိုသည်မှာ အစားအစာထက်ပိုသည့် အကြောင်းအရာ ရှိနေသေးသည်ကို သိမှတ်ဝန်ခံရမည်ဖြစ်သည်။ လူ့နှလုံးသားကို ကျွေးမွေးအဟာရ ပြုမည့်အရာသည် အစားအသောက် သက်သက်မျှနှင့် မဖြစ်နိုင်ပေ။ အခြားအကြောင်းအရာများ ရှိရပေမည်။ ကျွန်ုပ်တို့၏ ဘဝတွေလည်း အဓိပ္ပာယ်ရှိပြီး ထာဝရတန်းဖိုး ရှိနေသည်ကိုလည်း သိမှတ်ထားရမည်။ ကျွန်ုပ်တို့ ကိုယ်စိတ်နှလုံးသုံးပါး ဆာငတ်မှုများကို နှစ်သိမ့်ပေးသောသူသည် ခရစ်တော်ရှင် တစ်ပါးတည်းသာဖြစ်သည်။ လူသားမှာလည်း လူဖြစ်ခြင်း၌ ဘုရားရှင်ကို ဆာငတ်တောင်းတ ကြသည်သာဖြစ်သည်။

ကျွန်ုပ်တို့ တစ်ဦးချင်းသည်လည်း ယနေ့ ကျမ်းစာထဲမှ ဖြစ်ပျက်မှုထဲတွင် ပါဝင်နေသည်။ လောကပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအပေါ်  စိတ်စွဲလန်းတတ်ကြပြီး စစ်မှန်သော မိမိ၏ဝိညာဉ်အစာကို မေ့လျော့တတ်ကြသည်။ ကမ္ဘာပေါ်တွင် မှားယွင်းနေသော နည်းလမ်းတို့ဖြင့် ဘဝ၏ပျော်ရွှင်မှုကို ရှာဖွေနေသူများစွာ ရှိနေသည်။ ခရစ်တော်ဘုရားရှင် ကျွန်ုပ်တို့တစ်ဦးချင်းစီကို စစ်မှန်သော နှစ်သက်မှုပေးပိုင်ရှင်ဖြစ်ကြောင်း သိမှတ်ဝန်ခံရင်း ကိုယ်တော်ရှင် ထံတော်ပါးမှာ တိုးဝင်ချဉ်းကပ်ပြီး ဆုတောင်းကြပါစို့။

 

စစ္စတာရ် မာရီးယား ဂေါ်ရက်တီ (SFX)

Daily Reflection